သတင်း

မတ္တရာမြို့နယ်တွင် ဧရာဝတီလင်းပိုင်သေ တကောင် တွေ့ရှိ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ သုံးဆယ်ပြည် ကျေးရွာအနီး ဧရာဝတီ မြစ်အတွင်းတွင် ဗုဒ္ဓဟူးနေ့က ဧရာဝတီလင်းပိုင် တကောင် သေဆုံးနေသည်ကို ဒေသခံ တံငါသည်များ တွေ့ရှိခဲ့သည် ဟု သားရိုင်းတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေး အသင်း (WCS) ၏ အဆိုအရ သိရသည်။

“ဒီလင်းပိုင်ကို လေ့လာကြည့်လိုက်တော့ အသက် ၃၀ ရှိတဲ့ အထီး ဖြစ်နေပြီး ဘာဒဏ်ရာမှ မတွေ့ရပါဘူး။ ဒါကြောင့် အသက်ကြီးလို့ သေဆုံးတယ်လို့ပဲ ယူဆရပါတယ်” ဟု WCS မှ ဒုတိယ စီမံကိန်း မန်နေဂျာ ဦးကျော်လှသိန်းက ပြောပြီး ၎င်း၏ အလောင်းကို မတွေ့မီ ရက်အနည်းငယ်ခန့်က ထိုလင်းပိုင် သေဆုံးခဲ့သည်ဟုလည်း ဆိုသည်။

သို့သော် ထိုလင်းပိုင် သေဆုံးရခြင်းသည် မျိုးသုဉ်း ပျောက်ကွယ်တော့မည့် ဧရာဝတီလင်းပိုင်များကို အဓိက ခြိမ်းခြောက် နေသည့် လျှပ်စစ်ရှော့တိုက် ငါးဖမ်းခြင်းကြောင့် ဖြစ်သည် ဟု ဒေသခံ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများက ပြောသည်။

“လျှပ်စစ်ရှော့တိုက် ငါးဖမ်းတာကို ပိတ်ပင်ထားပေမယ့် ဧရာဝတီမြစ်ထဲမှာ ငါးရှားလာတော့ တချို့တံငါတွေက ဒီနည်းကို သုံးနေကြတုန်းပဲ” ဟု ဧရာဝတီလင်းပိုင်များကို လေ့လာနေသော သဘာဝအစိမ်းရောင်အဖွဲ့ (Natural Green Society) အဖွဲ့ဝင် ဦးမောင်မောင်ဦး က ပြောသည်။

လျှပ်စစ်ရှော့တိုက် ငါးဖမ်းခြင်းကို အထူးသဖြင့် ဧရာဝတီမြစ်အတွင်း ထိန်းသိမ်းစောင့်ရှောက်ရေး ဇုန်များတွင် ရေချို ငါးလုပ်ငန်း ဥပဒေဖြင့် တားဆီးပိတ်ပင်ထားပြီး ချိုးဖောက်သူများသည် ထောင်ဒဏ် ၃ နှစ် သို့မဟုတ် ဒဏ်ငွေ ကျပ် ၃၀၀၀၀၀ အထိ ပြစ်ဒဏ် ချမှတ်ခံရနိုင်သည်။

“ဒီမျိုးတုန်း ပျောက်ကွယ်တော့မယ့် ဧရာဝတီလင်းပိုင်တွေကို ထိထိရောက်ရောက် ကာကွယ်ဖို့ ဒေသအစိုးရက ဧရာဝတီမြစ် အတွင်းမှာ ငါးဖမ်းတာကို ကန့်သတ်သင့်ပြီး မြစ် အထက်ပိုင်းကို ညစ်ညမ်းစေတဲ့ ရွှေတူးဖော်တာတွေကို ရပ်တန့်သင့်တယ်” ဟု ဦးမောင်မောင်ဦးကပြောသည်။

WCS ၏ အဆိုအရ ၂၀၁၂ ခုနှစ်တွင် ဧရာဝတီလင်းပိုင် ၈၆ ကောင်ရှိသော်လည်း ၂၀၁၄ ခုနှစ်သို့ ရောက်သောအခါ ၆၃ ကောင်သာ ကျန်တော့သည်။ ၂၀၁၅ ခုနှစ်တွင် မန္တလေးမှ ဗန်းမော်အထိ ကျယ်ပြန့်သော ထိမ်းသိမ်းစောင့်ရှောက်ရေး ဇုန် အတွင်း ၅၈ ကောင်သာ ရေတွက်နိုင်ခဲ့သည်။

၂၀၁၆ ခုနှစ်တွင်မူ ကိုယ်ဝန်ဆောင် ဧရာဝတီလင်းပိုင် တကောင် အပါအဝင် ၃ ကောင် သေဆုံးခဲ့သည်ကို တွေ့ရသော် လည်း ဧရာဝတီလင်းပိုင် ၆၅ ကောင်အထိ ရေတွက်နိုင်ခဲ့သည်။

ယခုနှစ် ဖေဖော်ဝါရီလက ပြုလုပ်သော WCS စစ်တမ်းတွင်မူ ဧရာဝတီလင်းပိုင် ၆၉ ကောင် တွေ့ရှိခဲ့ပြီး ဧပြီလကုန်က သင်္ဘောရေအောက် ဒလက်များနှင့် ထိခိုက်သော ဒဏ်ရာများနှင့် လင်းပိုင်အထီးတကောင်ကို အသေတွေ့ရှိခဲ့သည်။

(www.irrawaddy.com တွင် ဖော်ပြထားသည့် ဇာနည်မာန်၏ Dead Irrawaddy Dolphin Found in Mandalay Region ကို ဘာသာပြန်သည်။)

Loading