မွန်ဝါရင့် နိုင်ငံရေး ခေါင်းဆောင်ကြီး နိုင်ငွေသိမ်းသည် ဇွန်လ ၂၃ ရက်နေ့ ညနေက သွေးတိုး၍ အော့အန်ရာမှ သွေးပါခြင်း ကြောင့် ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ် ကုသမှု ခံယူရန် အတွက် ညတွင်းချင်း ပို့ဆောင်ခဲ့ရကြောင်း နိုင်ငွေသိမ်းအား အနီးကပ် ပြုစုနေသည့် မင်းခိုင်ဂွျှန်းမှ ဇွန်လ ၂၄ ရက်နေ့ နံနက်တွင် အတည်ပြု ပြောသည်။
“ မနေ့ည ၆ နာရီ၊ ၇ နာရီလောက်က ရေဒီယို နားထောင်ရင်းနဲ့ မူးတယ် ဆိုပြီးတော့ ကုတင်ပေါ်မှာ လဲကျသွားတယ်၊ ဆရာဝန် ခေါ်လိုက်တော့ စမ်းသပ် ကြည့်တော့ သွေးတိုးနေတယ်၊ အန်လည်း အန်တယ်၊ မူးတယ်။ အန်တာလည်း များတယ်၊ သွေးလည်းပါတဲ့ အခါကျတော့ ည ၁၁ နာရီ လောက်မှာ ရန်ကုန် ဆေးရုံကြီးကို အရေးပေါ် ပို့လိုက်ရတယ်” ဟု မင်းခိုင်ဂွျှန်းမှ ရှင်းပြသည်။
အသက် ၉၅ နှစ် ရှိပြီ ဖြစ်သည့် ဝါရင့် နိုင်ငံရေး သမား နိုင်ငွေသိမ်းအား ရန်ကုန် ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဆောင်ရှိ ခွဲစိတ် အဆောင် ၁ ၌ ထားရှိ၍ ကုသမှု ပြုလုပ်နေကာ အသက်ကြီးပြီ ဖြစ်သည့် အတွက် ခွဲစိတ်ကုသမှု ပြုလုပ်ရန် ဆရာဝန်များက အားမပေးပဲ ဆေးထိုး ဆေးသောက် ဖြင့်သာ ကုသမှု ပြုသင့်သည်ဟု ဆရာဝန် များက အကြုံပြု ထားကြောင်း သိရသည်။
“ဆရာဝန်ရဲ့ ခန့်မှန်းခြေ ကတော့ သွေးအရမ်း တိုးပြီးတော့ ဦးဏှောက် သွေးကြော မပြတ်ပဲနဲ့ အစာအိမ် သွေးကြော ပေါက်ထွက် သွားလို့ အန်တဲ့ အခါမှာ သွေးပါလာတာ၊ အခုချိန်ထိပဲ အန်တယ်၊ ထမင်းစား မရဘူး ၊ အန်ရင် သွေးပါတယ်” ဟု ယနေ့မနက်ပိုင်းရှိ နိုင်ငွေသိမ်း၏ အခြေအနေအား မင်းခိုင်ဂွျှန်းက ရှင်းပြသည်။
ယနေ့ ဇွန်လ ၂၄ ရက်နေ့ နံနက်တွင် နိုင်ငွေသိမ်းမှာ သတိပြန်လည်လာပြီး စကားများ ပြောနိုင်ပြီ ဖြစ်သော်လည်း သွေးတိုး၍ အော့အန်ရာ၌ သွေးပါသည့် အခြေအနေမှာ စောင့်ကြည့် နေရဆဲ ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ရန်ကုန်မြို့ ရန်ကင်း ရပ်ကွက်တွင် နေထိုင်သည့် နိုင်ငွေသိမ်းအား ၁၉၂၃ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့တွင် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ထုံးအိုင်ရွာ၌ မွေးဖွားခဲ့ပြီး အသက် ၁၉ နှစ်အရွယ် ၁၉၄၂ ခုနှစ် တွင် ဗမာ့ လွတ်လပ်ရေး တပ်မတော် BIA မှ စပြီး နိုင်ငံရေး လောကသို့ ဝင်ရောက်ခဲ့သည်။
မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ စတင် ဖွဲ့စည်းခဲ့သည့် ၁၉၉၈ မှ စ၍ ပါတီ ဒုဥက္ကဋ္ဌ အဖြစ် တာဝန်ယူပြီးနောက် ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီ အဖွဲ့ချုပ် (UNLD) တွင်လည်း အမြဲတမ်း သဘာပတိ အဖွဲ့ဝင်အဖြစ် ဆောင်ရွက် ခဲ့ကာ ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလမှ စပြီး ဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့သည်။
နိုင်ငွေသိမ်းသည် နိုင်ငံရေး လှုပ်ရှား မှုများကြောင့် ၁၉၄၈ ခုနှစ်တွင် တကြိမ်၊ ၁၉၆၃ မှ ၁၉၆၅ ခုနှစ်တွင် တကြိမ် ထောင်ဒဏ် ချမှတ် ခံရသည်။
ထို့နောက် နိုင်ငံရေး သင်တန်း ပို့ချမှု၊ နိုင်ငံရေး သင်တန်းစာအုပ် ထုတ်ဝေ ဖြန့်ချိမှုဖြင့် ၁၉၉၁ ခုနှစ်တွင် ထောင်ဒဏ် ၂၁ ချမှတ် ခံခဲ့ရသော်လည်း စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးစဉ် မွန်ပြည်သစ်ပါတီမှ တောင်းဆို ခဲ့၍ ၁၉၉၄ ခုနှစ်၌ ပြန်လည် လွတ်မြောက်ခဲ့သည်။
ထို့ပြင် မွန်ပြည်သစ်ပါတီသို့ ပေးပို့သည့် အကြံပြု စာတမ်းတွင် “နဝတ စစ်အာဏာရှင် စနစ်ကို သက်ဆိုး ရှည်စေသည်” ဆိုသည့် စာအရေးအသားကြောင့် ၁၉၉၈ ခုနှစ်တွင် ထောက်ဒဏ် ၇ နှစ် ကျခံခဲ့ရပြန်၍ နိုင်ငွေသိမ်း၏ နိုင်ငံရေးဘဝတွင် အုပ်စိုးသူ အာဏာပိုင်များ၏ ထောင်သွင်း အကျဉ်းချမှု လေးကြိမ် ကြုံခဲ့ ရသည်။