မြန်မာနိုင်ငံသည် အမျိုးသမီးထု၏ စွမ်းအားကို အသိအမှတ်ပြုပြီး အမျိုးသမီးများအပေါ် ရင်းနှီးမြှပ်နှံခြင်းအားဖြင့် ပြန်ရမည့်အကျိုးအမြတ် ကိုအသုံုးချကာ စီးပွားရေးတိုးတက် မြင့်မားရန်အတွက် အမျိုးသမီးများ လုပ်အားဈေးကွက်အတွင်း ဝင်ရောက်နိုင်ရေး လုပ်ဆောင်ရန်လိုသည်ဟု ကမ္ဘာ့ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA) က ဇွန် ၂၂ ရက် ကြာသာပတေးနေ့က ပြောဆိုသည်။
ထိုကောက်ချက်ချမှုသည် ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံလူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း၏ အကြောင်းအရာ အလိုက် အစီရင်ခံစာများ၏ တွေ့ရှိချက်များပေါ်တွင် အခြေခံပြီး စုစုပေါင်းလုပ်သားအင်အားစုတွင် အမျိုးသားနှင့် အမျိုးသမီးများ ပါဝင်မှုကို ပြသထားသည့် စာတမ်းပေါင်း ၁၄ ခုထဲမှ တခုဖြစ်သည်။ သန်းခေါင်စာရင်းဌာနသည် လုပ်သားအင်အားစုဆိုင်ရာ အကြောင်းအရာအလိုက် အစီရင်ခံစာ စာတမ်း ၁၄ ခုအနက် ၇ ခုမြောက် စာတမ်း ကို ဇွန်လအတွင်းက ပြီးစီးခဲ့သည်။
သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံလူဦးရေတွင် အမျိုးသားနှင့် အမျိုးသမီးဦးရေမှာ တူညီလုနီးပါးရှိသော်လည်း အမျိုးသမီးများ၏ ၅၀ ဒသမ ၅ ရာခိုင်နှုန်းသာလျှင် အလုပ်လုပ်ကိုင်ကြပြီး၊ အမျိုးသားများမှာမူ ၈၅ ဒသမ ၆ ရာခိုင်နှုန်းအထိ အလုပ်လုပ်ကိုင်ကြသည်။
“ဒီ ကိန်းဂဏန်းတွေဟာ လုပ်သားအင်အားစုထဲမှာ အမျိုးသမီးတွေရဲ့ စွမ်းရည်တွေကို အသုံးမချနိုင်သေးဘူးဆိုတာရယ်၊ အမျိုးသမီးတွေအတွက် အလုပ်အကိုင်၊ အခွင့်အလမ်း ဖန်တီးပေးခြင်းဟာ စီးပွားရေးဖွံ့ဖြိုးမှုကို ဘယ်လို မြှင့်တင် ပေးနိုင်တယ် ဆိုုတာတွေကို ပြသနေတယ်ဆိုတာ နိုင်ငံတကာ အလုပ်သမားရေးရာအဖွဲ့ ILO က သဘောတူပါတယ်” ဟု ILO မှ ဆက်ဆံရေး အရာရှိ ရော်ရီမန်ဂိုဗန် က UNFPA အစီရင်ခံစာနှင့် ပတ်သက်ပြီး ဧရာဝတီသတင်းဌာနသို့ ပြောသည်။
အမျိုးသမီးများသည် မြန်မာနိုင်ငံတိုးတက်မှုအတွက် အရေးပါကြောင်း၊ ၎င်းတို့သည် မြန်မာနိုင်ငံ အနာဂတ် ကြွယ်ဝမှု အတွက် သော့ချက်ဖြစ်ကြောင်း UNFPA က အစဉ်တစိုက် ပြောဆိုထားသည်။
အမျိုးသမီးများ လုပ်ငန်းခွင်သို့ ပိုမိုဝင်ရောက်လာပါက နိုင်ငံ၏ တဦးချင်းဝင်ငွေသိသိသာသာမြင့်မား လာမည် ဟုလည်း ကုလသမဂ္ဂ အေဂျင်စီက မီးမောင်းထိုးပြသည်။
“အလုပ်အကိုင်များဖန်တီးပေးရင် အမျိုးသမီးများအပေါ် ရင်းနှီးမြှပ်နှံခြင်းအားဖြင့် ပြန်ရသည့်အကျိုးအမြတ်များ ချက်ချင်းဆိုသလို လမ်းပွင့်သွားနိုင်သည်။ အဲဒီလိုဖြစ်လာဖို့ အမျိုးသမီးတွေဟာ ပညာရေး၊ အလုပ်အကိုင်၊ အသိအမှတ်ပြုခံရမှု၊ မြေယာပိုုင်ဆိုင်မှုနှင့် ဆုံးဖြတ်ချက်ချသောရာထူးနေရာတွေမှာ တန်းတူအခွင့်အရေး ရရှိဖို့ လိုအပ်ပါတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ UNFPA ကိုယ်စားလှယ် ဂျဲနက် ဂျက်ဆင်က ဇွန် ၂၂ ရက်က ထုတ်ပြန်သော ကြေညာချက်တွင် ပြောဆိုသည်။
“အမျိုးသမီးတွေ လုပ်ငန်းခွင်ထဲ ပိုမိုဝင်ရောက်နိုင်ဖို့ အမျိုးသမီးတွေအတွက် အသက်မွေးဝမ်းကြောင်းဆိုင်ရာ ကျွမ်းကျင်မှု သင်တန်းတွေ ထောက်ပံ့ပေးတာအပြင် ပိုမိုကောင်းမွန် လုံခြုံတဲ့လုပ်ငန်းခွင် အခြေအနေတွေ ဖန်တီးပေးဖို့ တကယ် လိုအပ်နေပါတယ်” ဟု ရန်ကုန် စက်မှုဇုန်များမှ အလုပ်သမားများကို အကူအညီပေးနေသော အနာဂတ်အလင်းတန်း စင်တာ မှ တာဝန်ခံ ဒေါ်သက်သက်အောင်က ပြောသည်။
စက်ရုံများရှိ လုပ်သားအင်အားစု၏ အများစုသည် အမျိုးသမီးများဖြစ်သည်ဟု ခန့်မှန်းကြောင်း၊ အမျိုးသမီးများသည် ပြည်တွင်းတွင်သာမက ပြည်ပတွင် ရွှေ့ပြောင်းလုပ်သားများအဖြစ် ပိုမို လုပ်ကိုင်လာကြသည်ဟုလည်း ၎င်းက သုံးသပ်သည်။
အိမ်အကူလုပ်သားများ၏ အလုပ်သည် အိမ်တွင်း၌သာ လုပ်ကိုင်ရခြင်း၊ မြန်မာ လူ့အဖွဲ့အစည်းသည် ၎င်းတို့ကို အလုပ်သမားအဖြစ် သတ်မှတ်လေ့မရှိခြင်း တို့ကြောင့် ၎င်းတို့ အများအပြားကို သန်းခေါင်စာရင်းတွင် ထည့်သွင်းရေတွက်ခဲ့နိုင်ခြေ မရှိကြောင်း၊ လုပ်သားအင်အားစုအတွင်းမှ အမျိုးသမီးအများစုသည်လည် စွမ်းရည်မြှင့်တင်ရေးအတွက် အထောက်အပံ့ ပိုမိုလိုအပ်နေသည်ဟုလည်း ဒေါ်သက်သက်အောင်က ပြောသည်။
“ကျယ်ပြန့်သော မျက်မှောက်ခေတ်စီးပွားရေးဆိုင်ရာ ကျွမ်းကျင်မှုလိုအပ်ချက်အတွက် ပညာမပြည့်စုံသူများ၏ ကျွမ်းကျင်မှုများ ဖြည့်ဆည်းရန်က မြန်မာနိုင်ငံအတွက် ကြီးမားသော စိန်ခေါ်မှုတစ်ခု ဖြစ်လိမ့်မည်။ အထူးသဖြင့် လူငယ်များ အတွက် ရည်ရွယ်ချမှတ်ရေးဆွဲထားသည့် မူဝါဒတွေ၊ ကြားဝင်ဆောင်ရွက်ပေးမှုတွေ လိုအပ်တယ်” ဟု ဂျဲနက် ဂျက်ဆင်က ဆိုသည်။
ဇန်နဝါရီလက UNFPA ၏ လူဦးရေအခြေပြအစီရင်ခံစာမှ အလုပ်အကိုင်ဆိုင်ရာ ထုတ်ပြန်ချက်တွင် မြန်မာလူငယ်များ အလုပ်အကိုင်ရရှိရေးအတွက် နောင်လာမည့် ၄ နှစ်အတွင်း အလုပ်အကိုင် ၁ သန်း လိုအပ်သည်ဟု ထောက်ပြထားသည်။
မြန်မာနိုင်ငံတွင် လူငယ်များ အလုပ်လက်မဲ့ဖြစ်ခြင်းသည် လုပ်သားအင်အားစု နည်းပါးရသည့် အကြောင်းရင်းခံဖြစ်ပြီး ထိုသို့ဖြစ်ရခြင်းသည် လူမှုစီးပွားအဆင့်အတန်းနှင့် ပညာရေးတို့နှင့် ဆက်စပ်နေသည်ဟု UNFPA ကဆိုသည်။
မြန်မာနိုင်ငံတွင် အသက် ၁၉ နှစ်အထက် အလုပ်လက်မဲ့များသည် နိုင်ငံလူဦးရေ၏ ၅ ပုံတပုံအတွင်းရှိပြီး အမြင့်မားဆုံး အရေအတွက်ဖြစ်သည်။ ဘွဲ့လက်မှတ်ဒီပလိုမာရရှိထားသူများသည် အလုပ်လက်မဲ့နှုန်း အမြင့်ဆုံးဖြစ်ပြီး ပညာမတတ်သူများထက် ၅ ဆ ပိုမိုကာ အလုပ်မရှိ ဖြစ်ကြသည်။
နိုင်ငံလူဦးရေ၏ အသက် ၁၅ နှစ်မှ ၂၄ နှစ်အရွယ်အတွင်း လူ ၄ ဦးလျှင် ၁ ဦး (၂၅ ဒသမ ၆ ရာခိုင်နှုန်း) သည် ပညာရေး၊ အလုပ်အကိုင်နှင့် လေ့ကျင့်မှုသင်တန်းများတွင် ပါဝင်ခြင်းမရှိပေ။ ထိုအထဲတွင် အမျိုးသမီးငယ်များ (၃၄ ဒသမ ၉ ရာခိုင်နှုန်း) သည် အမျိုးသားငယ်များ ( ၁၅ ဒသမ ၈ ရာခိုင်နှုန်း) ထက် ၂ ဆကျော်သည်။
သို့သော် ၁၂ သန်းခန့်ရှိသော ကျွမ်းကျင်လုပ်အားကဏ္ဍမှ လုပ်သားများမှာ ၎င်းတို့ လုပ်ကိုင်ရသောအလုပ်ဆိုင်ရာ အရည်အချင်းပြည့်မှီခြင်းမရှိကြောင်းလည်း တရားဝင်သန်းခေါင်စာရင်း အစီရင်ခံစာအရ သိရသည်။
မြန်မာနိုင်ငံ၏ လုပ်သားအင်အားစုသည် အာဆီယံ တွင် အနိမ့်ဆုံးဖြစ်သည်ဟု UNFPA က ဆိုသည်။ မြန်မာ့လူဦးရေ၏ ၆၃ ဒသမ ၆ ရာခိုင်နှုန်းသာ စီးပွာရေးအရ နိုးကြားကြပြီး ကမ္ဘောဒီးယားတွင် စီးပွားရေးအရနိုးကြားသူ ၈၀ ဒသမ ၉ ရာခိုင်နှုန်းနှင့် လာအိုတွင် ၇၇ ဒသမ ၄ ရာခိုင်နှုန်း ရှိသည်။