နိုင်ငံတဝန်းလုံးရှိ ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်းများကို ထိခိုက်နစ်နာစေပြီး ပြည်သူများ သဘောမကျ၊ လက်မခံသော နှစ်ရှည် စီမံကိန်းများနှင့် ခေတ်အဆက်ဆက် အစိုးရမှ ခွင့်ပြုထားသည့် လုပ်ငန်းများကို ပြန်လည် စိစစ်ပေးပါရန် အစိုးရကို တိုက်တွန်းကြောင်း အဆိုကို ယနေ့ ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးက မှတ်တမ်းတင်လိုက်သည်။
ယင်းအဆိုကို အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီမှ လွှတ်တော် ကိုယ်စားလှယ် ၁၅ ဦးစလုံးက ထောက်ခံ ဆွေးနွေး ကြသော်လည်း စိမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနက အဆိုကို မှတ်တမ်းတင်ရန်သာ အဆိုပြုခဲ့၍ ယင်းအဆိုကို အတည်မပြုနိုင်ခဲ့ပေ။
“ကျမတို့က ပြန်စစ်ဖို့ပဲ ပြောတာ။ အကုန်ဖျက်သိမ်းဖို့ တောင်းဆိုနေတာလည်း မဟုတ်ဘူး။ အမှန်အတိုင်း ပြောရရင် ကျမရဲ့အဆိုကို အတည် ဖြစ်စေချင်တာပဲ။ ဒါပေမယ့် လက်ရှိ အစိုးရက အခက်အခဲတွေ အများကြီး ကြုံတွေ့နေရတယ်။ ဒါတွေ အကုန်ပြန်ကိုင်တွယ်ဖို့ ကလည်း လက်ရှိ အစိုးရမှာလည်း အခက်အခဲတွေ ရှိနိုင်တယ်” ဟု အဆိုတင်သွင်းသူ ပေါင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ် မိကွန်ချမ်းက လွှတ်တော်အပြီးတွင် သတင်းထောက်များကို ပြောသည်။
စီမံကိန်းများကို သက်ဆိုင်သည့် ဝန်ကြီးဌာနများက ထုတ်ပေးသော်လည်း လုပ်ငန်းဆောင်ရွက်ခွင့်ကိုမူ ပြည်ထဲရေး ဝန်ကြီးဌာနက ထုတ်ပေးလျက်ရှိကြောင်း၊ တနှစ်တကြိမ် လိုင်စင်သက်တမ်းတိုးသည့်အခါ စီမံကိန်းများ၏ စည်းကမ်းလိုက်နာမှု ရှိ၊ မရှိ စစ်ဆေးရာတွင် အဂတိလိုက်စားမှု ကင်းရှင်းမှု အပေါ် ဟု သံသယဖြစ်မိကြောင်းလည်း ၎င်းက ပြောသည်။
အစိုးရအနေဖြင့် စီမံကိန်းများကို ပြန်လည် စိစစ်မည်ဆိုပါက နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုနှင့် ဆောင်ရွက်သည့် စီမံကိန်းများ၊ သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုဘဝများ အပေါ် သက်ရောက်မှု ကြီးမားသည့် စီမံကိန်းကြီးများကို မဖြစ်မနေ ပြန်လည် စိစစ်သင့်ကြောင်း ဗုဗ္ဗသီရိမြို့ နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရည်မွန်က လွှတ်တော်တွင် ဆွေးနွေးသည်။
“နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုနဲ့ဆိုင်တဲ့ လုပ်ငန်းတွေကို ပြန်လည် စိစစ်တဲ့အခါမှာ အရေးတကြီး စဉ်းစားရမှာကတော့ နိုင်ငံရဲ့ အချုပ်အခြာ အာဏာပါပဲ။ ဒီလုပ်ငန်းတွေကြောင့် ကျနော်တို့ နိုင်ငံရဲ့ အချုပ်အခြာ အာဏာအပေါ်မှာ ထိခိုက်မှု ရှိသလား၊ ဒီလုပ်ငန်းတွေအပေါ် သက်ရောက်မှု ရှိသလားဆိုတာကို ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်”ဟု ဦးရည်မွန်က ပြောသည်။
၎င်းဆိုလိုသည့် စီမံကိန်းများမှာ မြန်မာ- တရုတ်ပိုက်လိုင်း စီမံကိန်း၊ ကျောက်ဖြူ၊ ထားဝယ်၊ သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်း၊ ရေနက်ဆိပ်ကမ်း စီမံကိန်းတို့ ဖြစ်ကြောင်း သိရသည်။
ကျောက်ဖြူမြို့နယ် မဒေးကျွန်းတွင် အစပျိုးခဲ့သည့် ရွှေသဘာဝ ဓာတ်ငွေ့ပိုက်လိုင်း၊ ရေနံပိုက်လိုင်းတို့သည် စီမံကိန်း ပြီးမြောက်သော်လည်း ဒေသခံများတွင် လျော်ကြေး ရရှိမှု မရှိခြင်း၊ ဆုံးရှုံးခဲ့ရသည် မြေယာ၊ ဥယျာဉ်လုပ်ငန်းများအတွက် အစားထိုးပေးခြင်းများ မရှိကြောင်း ဂွမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ဝေက လွှတ်တော်တွင် ဆွေးနွေးသည်။
“ပြည်သူတွေအတွက် တာဝန်ယူမှု၊ တာဝန်ခံမှု မရှိတဲ့ ဖြစ်ရပ်တွေကို ရွှေသဘာဝ ဓာတ်ငွေ့စီမံကိန်းမှာ ကြုံတွေ့ရသလို ကျောက်ဖြူ အထူးစီးပွားရေးဇုန်မှာလည်း ဒီလို အလားတူ ပြဿနာတွေဖြစ်မှာ ဒေသခံပြည်သူတွေက စိုးရိမ်နေကြပါတယ်”ဟု ၎င်းက ပြောသည်။
နိုင်ငံပိုင် သတ္တုတွင်း စီမံကိန်းများကို ပုဂ္ဂလိကသို့ ကူးပြောင်းလျက် ရှိရာ သတ္တုရှာဖွေစမ်းသပ် တူးဖော်ရေး လုပ်ငန်းများအား ပြဌာန်းထားသော သတ္တုတွင်း ဥပဒေနှင့်အညီ ခွင့်ပြုခြင်း၊ စစ်ဆေးခြင်း၊ အခွန်အခများ ကောက်ခံခြင်းနှင့် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းကွပ်ကဲခြင်း လုပ်ငန်းများကို ဆောင်ရွက်ရမည်ဟု ဆိုသော်လည်း တချို့ စီမံကိန်းများသည် သတ္တုတွင်း ဥပဒေအညီ လုပ်ဆောင်ထားခြင်း မရှိသည်ကို တွေ့ရကြောင်း ကယားပြည်နယ် ဖားဆောင်းမဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းထွေးသူက လွှတ်တော်တွင် ပြောသည်။
၎င်း၏ မဲဆန္ဒနယ်အတွင်းရှိသည့် မော်ချီးဒေသတွင် ယခင်အစိုးရလက်ထက်က ခွင့်ပြုထားသည့် ဧက ၇၀၀၀ ကျော်ရှိသည့် မော်ချီး သတ္တုတွင်း လုပ်ကွက်ဧရိယာ စီမံကိန်းမြေနေရာတွင် ပါဝင်နေသည့် မော်ချီး ကျေးရွာအုပ်စုမှ ဒေသခံများ၏ ယင်းလုပ်ငန်းအပေါ် တိုင်ကြားမှုများရှိ၍ အစိုးရမှ ပြန်လည်စိစစ်၍ ဆောင်ရွက်စေလိုကြောင်း သိရသည်။
“ကျမ မဲဆန္ဒနယ်မှာရှိတဲ့ အမှတ် ၂ သတ္တုတွင်း စီမံကိန်းနဲ့ ဖက်စပ် လုပ်ကိုင်လျက်ရှိတဲ့ ကုမ္ပဏီတွေမှာ အရှုံးဖြစ်ပေါ်နေတဲ့ စီမံကိန်း လုပ်ငန်းတွေကို သေချာ ပြန်လည် စိစစ်ပြီး ထုတ်လုပ်ခွင့်ဆိုင်းငံ့တာ၊ သက်တမ်းတိုးခြင်း ရပ်ဆိုင်ထားတာတွေ ဆောင်ရွက်သင့် ပါတယ်”ဟု ဒေါ်နန်းထွေးသူက ပြောသည်။
မြန်မာနိုင်ငံတွင် အစိုးရအဆက်ဆက်က နိုင်ငံတော်အတွက် လိုအပ်ချက်အရ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု၊ နိုင်ငံသား ပုဂ္ဂလိက ရင်းနှီး မြုပ်နှံသူများနှင့် အစိုးရတို့ ဖက်စပ်ရင်းနှီးမြုပ်နှံမှုများအတွက် နှစ် ၃၀၊ နှစ် ၆၀ ဖြင့် နှစ်ရှည် စီမံကိန်းများကို ခွင့်ပြုခဲ့သည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနက လွှတ်တော်တွင် ပြောသည်။
ယင်းလုပ်ငန်းများတွင် ကျွန်းသစ် ထုတ်လုပ်ခွင့်၊ ရေနံနှင့် သဘာဝ ဓာတ်ငွေ့၊ ပုလဲ၊ ကျောက်စိမ်းနှင့် တွင်းထွက် ရတနာများ ရှာဖွေမှု လုပ်ငန်းများ၊ လမ်းခင်းကျောက်မိုင်းများ ထုတ်လုပ်ခြင်း၊ ရေနက်ဆိမ်ကမ်း စီမံကိန်း၊ သတ္တုရှာဖွေ တူးဖော် ထုတ်လုပ်ခြင်းနှင့် ပြည်ပသို့ တင်ပို့ခြင်း လုပ်ငန်းများ၊ ဆောက်လုပ်ရေး လုပ်ငန်း စီမံကိန်းများ၊ စက်ရုံ၊ အလုပ်ရုံများ ပါဝင်သည်ဟု သိရသည်။
သို့သော် ယင်းလုပ်ငန်းများကြောင့် ပတ်ဝန်းကျင် ထိခိုက်မှုများ ရှိပြီး ပြည်သူများ၏ အသက်၊ အိုးအိမ် စည်းစိမ်များ ထိခိုက်မှုများ ရှိသည်ဟု တင်ပြလာပါက ၂၀၁၂ ခုနှစ် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေနှင့်အညီ ပြန်လည် စိစစ်ပေးမည် ဖြစ်ကြောင်း ဒုဝန်ကြီးက လွှတ်တော်တွင် ရှင်းပြသည်။
စီမံကိန်းနှင့် ဘဏ္ဍာရေး ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက “ရှိသမျှ လိုက်စစ်နေရင်လည်း အကုန်လုံးကို ထိခိုက်ကုန်လိမ့်မယ်။ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုတွေပါတဲ့ စီမံကိန်းတွေကို ပြန်စစ်ခိုင်းတာက အများကြီး ကျယ်ပြန့်တယ်။ ဥပမာ စီးပွားရေးဇုန်တွေကို ပြောတယ်ဆိုရင် ဘယ်စီးပွားရေးဇုန်က ဘာတွေ ထိခိုက်တာလဲ။ ဘာကို သဘောမတူ ဖြစ်တာလဲ။ သေသေချာချာ ပြောတဲ့ စီမံကိန်းမျိုးကို ပြန်စစ်တော့မှ ထိရောက်မယ်လို့ ထင်တယ်”ဟု သတင်းထောက်များကို ပြောသည်။