အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်များအနေဖြင့် အစိုးရအဖွဲ့နှင့် ခေါင်းဆောင်များအပေါ် ဝေဖန် ကြရာတွင် ပါတီတွင်း ညှိနှိုင်းရမည့်အစား မီဒီယာနှင့် လူမှုကွန်ရက် ဖေ့စ်ဘုတ်စာမျက်နှာ ပေါ်သို့ တင်ကာ ဝေဖန်ခြင်းများကို ရပ်တန့် ကြရန် ဗဟိုအလုပ်အမှုဆောင်အဖွဲ့က သတိပေးခဲ့သည်။
ယနေ့ပြုလုပ်သည့် NLD ပါတီ ပထမဗဟိုကော်မတီ သတ္တမအကြိမ်အစည်းအဝေးတွင် ဗဟိုအလုပ်အမှု ဆောင်အဖွဲ့၏ အစီအရင်ခံစာကို ပါတီပြောရေးဆိုခွင့်ရှိသူ ဦးဝင်းထိန်က ဖတ်ကြားခဲ့ရာတွင် ထိုသို့ ပြုလုပ်မှုများကို ပါတီစည်းကမ်းအရ အရေးယူရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အစည်းအဝေးတက်ရောက်သူတဦးက “အဓိက ကတော့ ငြိမ်းချမ်းရေးကိစ္စပြောတယ်၊ နောက်ပြီး ပါတီတွင်း အရေးယူတဲ့ ကိစ္စတွေမှာ ဘာကြောင့်ဆိုတာမျိုးတွေ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ရှင်းပြခဲ့တယ်” ဟု ပြောသည်။
NLD ပါတီ၏ တိုင်းဒေသကြီး ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ် အချို့သည် အထူးသဖြင့် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့၏ YBS ကဲ့သို့ စီမံကိန်းများနှင့်ပတ်သက်၍ ဝေဖန်ပြောဆိုများ ပြုလုပ်မှုအချို့ ရှိခဲ့သည်။
NLD အနေဖြင့် အစိုးရတာဝန်ထမ်းဆောင်ချိန် တနှစ်ကျော်အတွင်း ဒုဝန်ကြီးတဦး၊ ဝန်ကြီးချုပ်တဦးနှင့် လွှတ်တော်ကိုယ်စားလှယ်အချို့ကို ပါတီတွင်း အရေးယူမှုများပြုလုပ်ခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်များ အပေါ် တိုင်ကြားချက်အများစုမှာ အချက်အလက် မခိုင်လုံသည့်အတွက် အရေးယူရန် မလိုအပ်ကြောင်း လည်း အစည်းအဝေးတွင် တင်ပြခဲ့သည်။
လက်ရှိတွင် ပါတီလူငယ်အဖွဲ့ကို ပြန်လည်ဖွဲ့စည်းရန် လိုအပ်နေပြီး ပြန်လည်ဖွဲ့စည်းနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲ ကို နေပြည်တော်တွင် ဇူလိုင် ၁ ရက်နေ့၌ ကျင်းပသွားမည်ဖြစ်ကာ ဒေါ်အောင်ဆန်းစုကြည် တာဝန်ယူ ခဲ့သည့် လူငယ်တာဝန်ခံ နေရာကိုလည်း ယာယီတာဝန်ခံများဖြင့် အစားထိုးရန်ရှိကြောင်းသိရသည်။
သဘာပတိအဖြစ်ဆောင်ရွက်ခဲ့သည့် ဦးအောင်ကြည်ညွန့်ကလည်း ပါတီတာဝန်ရှိသူ အဆင့်ဆင့်အနေဖြင့် ပြည်သူများနှင့်ဆက်ဆံရာတွင် မောက်မာမှု မရှိကြရန်လည်း သတိပေးပြောကြားခဲ့ပြီး မွေးစားခံရမှုနှင့် ပါတီ အပေါ် ခုတုန်း လုပ်ခံရမှုများကိုလည်း သတိထားရမည်ဖြစ်ကြောင်း ပြောသည်။
ယနေ့ အစည်းအဝေးတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ အစီးအရင်ခံစာများ တင်သွင်းကြမည် ဖြစ်ပြီး ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို တိုးချဲ့ဖွဲ့စည်းကာ လုပ်ငန်းတာဝန်များကိုလည်း ဗဟိုကော်မတီဝင် များထံ ခွဲဝေလုပ်ဆောင်စေသင့်ကြောင်း ပဲခူးတိုင်းဒေသကြီး ဗဟိုကော်မတီဝင်များက တင်ပြခဲ့သည်။
အစည်းအဝေးကို ဇွန်လ ၂၅ ရက်နေ့တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး ယနေ့တွင် တက်ရောက်ခွင့်ရှိသူ ၁၄၈ ဦးနက် ဝန်ကြီးချုပ်များ၊ လွှတ်တော်ဥက္က၏များအပါအဝင် ၁၂၂ ဦး တက်ရောက်ခဲ့သည်။