စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းသည် လေထုညစ်ညမ်းမှုများ အပြင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများ ရှိနေသည်ဟုဆိုကာ ဒေသခံ တောင်သူများက ယနေ့ နေ့လည်ပိုင်းက ပုသိမ်မုံရွာလမ်းဆုံ ဝမ်ပေါင်ရုံးရှေ့တွင် ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ပြီး ရဲတပ်ဖွဲ့က ပိတ်ဆို့တားဆီးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ယနေ့ ဆန္ဒပြပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ခဲ့သည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ကော်မရှင်၏ အစီရင်ခံစာကို မလိုက်နာသော ကြေးနီစီမံကိန်း အား ဖျက်သိမ်းပေးရန် ၊ အစီရင်ခံစာပါ အစားထိုးမြေဧက ၁၉၀၀ ကို မဖော်ထုတ် ပေးသည့်အတွက် ကြေးနီစီမံကိန်းအား ဖျက်သိမ်းပေးရန်၊ သဘာဝပတ်ဝန်းကျင် ထိခိုက် ပျက်စီးစေသည့် ကြေးနီစီမံကိန်း ကို ဖျက်သိမ်းပေးရန်နှင့် စည်းကမ်းမဲ့ အဆမတန် မိုင်းခွဲ နေသည့်အတွက် ကြေးနီစီမံကိန်းကို ဖျက်သိမ်းပေးရန်ကို တောင်းဆိုခဲ့ကြသည်။
တုံတောကျောင်းကျေးရွာမှ တောင်သူ ဒေါ်စမ်းနွဲ့က “အက်စစ် ရေဆိုးတွေကဆိုရင် မိုးရွာတဲ့အခါ သူတို့လုပ်ကွက်ထဲ မနိုင်မနင်း ဖြစ်တဲ့အခါဆိုရင် ရေဆိုးတွေကို ဖောက်ချတယ်။ အဲဒီရေဆိုး တွေကြောင့် ကန်ထဲမှာ လူမပြောနဲ့ ငါးတွေကအစ အဲဒီရေကန်ထဲမှာ သေနေပြီ။ သောက်သုံးရေတွေ ထဲကို အဲဒီရေဆိုးတွေ စိမ့်ဝင်သွားမယ်ဆိုရင် တနေ့မဟုတ် တနေ့တော့ ကျန်းမာရေးတွေ ထိခိုက်မှာပဲ ဒီရေဆိုးတွေကြောင့် ရွှေလှေတံတားကြီးကနေ မြေနုကျွန်းပေါ်တခုလုံးကို မြေလွှာတွေကလည်း ပျက်ဆီးဆုံးရှုံးနေပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ဒေသခံများ၏ ပြောဆိုချက်များအရ ကုမ္ပဏီများ မှ စွန့်ပစ်သော ရေများတွင် အက်စစ်ဓာတ်များ ပါဝင်နေရာ အဆိုပါ ရေများ စီးဆင်းလာသော ချောင်းများ နှင့် ကန်များ တွင် ရှိသော ငါးများ သေဆုံးခြင်း နှင့် သီးနှံစိုက်ပျိုးပင်များ ပျက်စီးဆုံးရူံး နေရကြောင်း၊ ယမ်းတန်ချိန်များစွာဖြင့် အဆမတန် မိုင်းခွဲ နေမှု များကြောင့် စီမံကိန်း အနီးရှိရွာများတွင် ဖုံမှုန့်များ ပျံ့လွှင့်မှုများ ရှိနေရာ လေထုညစ်ညမ်းမှုများ ကြုံတွေ့နေရကြောင်း သိရသည်။
လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ကို ပြုလုပ်နေသည့် ကုမ္ပဏီများ အနေဖြင့် စုံစမ်းစစ်ဆေးရေးအစီရင်ခံစာကို မလိုက်နာသည့်အတွက် လက်ပံတောင်းဒေသခံ တောင်သူများ ဆန္ဒပြရခြင်းဖြစ်ပြီး ယနေ့ ဇွန်လ ၂၆ ရက်နေ့တွင် ပုသိမ်မုံရွာလမ်းဆုံ ဝမ်ပေါင်ရုံးရှေ့၌ ပြုလုပ်ခဲ့ပြီး လက်ပံတောင်းတောင် ကြေးနီးစီမံကိန်း သည် အစီရင်ခံစာပါ အချက်အလက်များကို မလိုက်နာခြင်း တို့ကြောင့် စီမံကိန်းအား ဖျက်သိမ်းပေးရန် တောင်းဆိုခဲ့ကြောင်း သိရသည်။
၂၀၁၃ ခုနှစ် မတ်လ ၁၁ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ခဲ့သည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်မှ ထွက်ပေါ်ခဲ့သော အစီရင်ခံစာ၌ သဘာဝပတ်ဝန်းကျင် ကို မထိခိုက်စေသည့် စံချိန်စံညွှန်းများနှင့် စီမံကိန်းကို ဆက်လက်လုပ်ကိုင်မည်ဖြစ်ကြောင်း၊ ဒေသခံ များကို ကာလပေါက်ဈေးအတိုင်း မြေယာလျော်ကြေးပေးရန်နှင့် ဒေသအတွင်း အသေးစားနှင့် အလတ်စားလုပ်ငန်းများ လုပ်ကိုင်နိုင်ရေး အခွင့်အလမ်းများဖန်တီးပေးရန် စသည့်အချက်များ ပါဝင်ခဲ့ သည်။
“ဒီစီမံကိန်းကြီးက မတရား လုပ်ကိုင်နေတဲ့ စီမံကိန်းကြီးပဲ သူတို့မတရားလုပ်တာကို အောက်ခြေက လူတွေတင်မကဘဲ သမ္မတကြီးသိအောင်ပါ ပြောချင်တယ်။ တကယ်လို့ သူတို့ဘက်က ဖမ်းမယ်ဆိုရင် လည်း ကျမတို့ ဒေသခံတွေဘက်က လိုက်ဖို့အဆင်သင့် ရှိပါတယ်” ဟု ဆည်တည်းကျေးရွာ တောင်သူ ဒေါ်ရီဝင်းက ပြောသည်။
ကြေးနီစီမံကိန်းအတွက် သိမ်းယူထားသောမြေယာများတွင် စီမံကိန်းနှင့် မသက်ဆိုင်သည့် ဝက်၊ ကြက်၊ ဘဲ၊ ငါး မွေးမြူခြင်းနှင့် ခေါက်ဆွဲ၊ သစ်၊ ရေခဲ၊ အသားစက်ရုံ များကို ကုမ္ပဏီများမှ လုပ်ကိုင်နေ ကြောင်း ဒေသခံများက ပြောသည်။
“ကြေးတွေ ထုတ်လုပ်တာ သတ္တုတွေ ထုတ်တာတွေလည်း ရှိတယ်။ တချို့နေရာတွေကျတော့ မွေးမြူရေးတွေလည်း မွေးတယ်ပေါ့။ ဘဲ၊ နွား၊ ဝက်တွေ မွေးတယ်။ တချို့ယာခင်းတွေမှာ စိုက်ပျိုးရေတွေ စိုက်ထားတယ်။ ငှက်ပျော်ပင်တွေ၊ ဂေါ်ဖီပင်တွေ အပင်ပေါင်းစုံတွေ စိုက်ပါတယ်။ သူတို့က ဒေသခံတွေကို မတရားအနိုင်ကျင့် သိမ်းပြီးတော့ သူတို့စီးပွားဖြစ်စေ ဒေသခံတွေတော့ ငတ်စေပြတ်စေ လုပ်တာပေါ့။” ဟု ဒေါ်ရီဝင်းက ဝေဖန်ပြောဆိုသည်။
ယခင်က ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် ပါဝင်သော အစားထိုးမြေဧက ၁၉၀၀ အား ဖော်ဆောင် ပေးခြင်း မရှိခြင်းကြောင့် ဒေသခံပြည်သူများ အနေဖြင့် စိုက်ပျိုး မြေယာများ လက်လွတ်ဆုံးရှုံးနေရပြီး အလုပ်အကိုင် ရှားပါးမှုများနှင့် စားဝတ်နေရေး ကျပ်တည်းမှုများ ရင်ဆိုင်နေရကြောင်းကို ဒေသခံများက ပြောဆိုမှုများ ရှိနေသည်။
လက်ပံတောင်းကြေးနီထုတ်လုပ်ရေး စီမံကိန်းအတွက် မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်ရှိ ဝက်မှေး၊ ဆည်တည်း၊ ဆီးတော၊ ကံတော၊ မိုးကြိုးပြင်၊ ရွှေလှေ၊ ကျောက်ဖြူနိုင်၊ တုံရွာ၊ ဖောင်းကားတောင်၊ ပလောင်၊ ကူးတို့ကုန်း စသည့် ကျေးရွာအများအပြားမှ လယ်ယာဧက ၇၈၆၈ ဒသမ ၇၈ ဧက သိမ်းဆည်းခံခဲ့ရပြီး လယ်ယာမြေများ သာမက စီမံကိန်းနှင့် မလွတ်သော ကျေးရွာများပါ ပြောင်းရွှေ့ပေးခဲ့ခြင်းဖြစ်သည်။
အဆိုပါကြေးနီစီမံကိန်းကို တပ်မတော်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်ကော်ပိုရေးရှင်းနှင့် တရုတ်နိုင်ငံ သားပိုင် ဝမ်ပေါင် ကုမ္ပဏီ တို့က ၂၀၁၀ ခုနှစ်မှ စတင်လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။