လျှပ်စစ်ဓာတ်အားခ သက်သာမှုရှိစေရန် အစိုးရက နှစ်စဉ်ကျပ်ဘီလီယံ ၃၀၀ ခန့် အရှုံးခံ စိုက်ထုတ်ပေးနေရခြင်းကို လျော့ချနိုင်ရေးအတွက် မီတာခတိုးမြင့် ကောက်ခံရန်ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ယနေ့ပြည်သူ့လွှတ်တော်တွင် ပြောသည်။
“ဓာတ်အားရရှိတဲ့သူတွေက သင့်လျော်တဲ့ဓာတ်အားခ ပေးဆောင်မှသာ နှစ်စဉ်အရှုံးခံနေရတဲ့ ငွေတွေကို နိုင်ငံတော်ရဲ့ လျှပ်စစ်ဓာတ်အား ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသုံးပြုနိုင်ခြင်း၊ ဓာတ်အားသုံးစွဲခွင့် မရသေးတဲ့သူတွေအတွက် ဓာတ်အားလိုင်းတွေ တည်ဆောက်ပေးတာကို မြန်မြန်ဆန်ဆန် ဆောင်ရွက်ပေးနိုင်မှာ ဖြစ်တယ်”ဟု ဒုတိယဝန်ကြီး ဒေါက်တာထွန်းန်းနိုင်က ဆိုသည်။
ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် တနင်္သာရီတိုင်း၊ ပုလောမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းခင်က မြန်မာနိုင်ငံတဝှမ်လုံးတွင် ကောက်ယူနေသော လျှပ်စစ်မီတာခကို သင့်တင့်မျှတသော ဈေးနှုန်းသို့ ပြောင်းလဲသတ်မှတ်ရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းမှုကို ဒုဝန်ကြီးက ဖြေကြားခဲ့ခြင်း ဖြစ်သည်။
နိုင်ငံပိုင်နှင့် ပုဂ္ဂလိကစက်ရုံများက ထုတ်လုပ်လျက်ရှိသည့် ဓာတ်အား ၁ ယူနစ် ကုန်ကျစရိတ်မှာ ၉၂ ကျပ်ခန့် ရှိသော်လည်း၊ ၁ ယူနစ်အတွက် အစိုးရက ပြန်လည်ကောက်ခံ ရရှိငွေမှာ ပျမ်းမျှ ၆၉ ကျပ်သာဖြစ်၍ နိုင်ငံတော် ဘတ်ဂျက်မှ ဓာတ်အား ၁ ယူနစ်လျှင် ၂၂ ကျပ်ခန့် စိုက်ထုတ်ပေးနေရပြီး ၂၀၁၆ – ၂၀၁၇ ဘဏ္ဍာနှစ်တွင် ကျပ် ၃၃၇ ဘီလီယံ အရှုံးခံဆောင်ရွက်ခဲ့ရကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
ထိုသို့နိုင်ငံတော်က လျှပ်စစ်ဓာတ်အားခကို အရှုံးခံဆောင်ရွက်နေသော်လည်း တနသာင်္ရီတိုင်းအတွင်းရှိ ပြည်သူများသည် ကိုယ်ထူကိုယ်ထစနစ်ဖြင့် လျှပ်စစ်ဓာတ်အားခ ၁ ယူနစ်လျှင် ကျပ် ၃၅၀ မှ ၆၅၀ အထိ ဝယ်ယူသုံးစွဲနေရကြောင်း ပုလောမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းခင်က ပြောသည်။
“ရေခဲသေတ္တာ၊ အဝတ်လျော်စက်ကို လျှပ်စစ်မီတာခကြောက်လို့ မသုံးရဲကြဘူး။ အိမ်မှာသုံးတဲ့ ပစ္စည်းတွေကိုလည်း မီတာအနည်းဆုံးကျမယ့် ပစ္စည်းတွေကိုပဲ ဝယ်သုံးကြတယ်။ ချွေတာတဲ့ သဘောပါ” ဟု ၎င်းက ဆိုသည်။
လက်ရှိ၌ လျှပ်စစ်ဓာတ်အားစနစ်မှ ဓာတ်အားသုံးစွဲခွင့် ရရှိသူသည် နိုင်ငံလူဦးရေ၏ ၃၈ ရာခိုင်းနှုန်းရှိပြီး နိုင်ငံတော်က နှစ်စဉ် ကျပ် ၃၀၀ ဘီလီယံခန့် အရှုံးခံဆောင်ရွက်ပေးနေရသည့်အပြင် ဓာတ်အားမရရှိသေးသည့် ၆၂ ရာခိုင်နှုန်းသော ပြည်သူများကပါ မျှဝေကျခံပေးရသကဲ့သို့ ဖြစ်နေကြောင်း လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနက ပြောသည်။
ဦးအုန်းခင်က “ကျနော်တို့ တနိုင်ငံသားချင်းအတူတူ စွမ်းအင်အရမ်းဝတဲ့သူဝ၊ စွမ်းအင်ကို အရမ်းငတ်နေတဲ့သူက အရမ်းငတ် မဖြစ်သင့်ဘူး။ အခုက လျှပ်စစ်ကို ရှုံးလို့တိုးမထုတ်နိုင်၊ တိုးမထုတ်နိုင်လို့ ပိုက်ဆံကမပိုလာ။ ဒီလို အဆိုးသံသရာ လည်နေတာတော့ မဖြစ်သင့်တော့ပါဘူး” ဟု ဆိုသည်။
ရန်ကုန်တိုင်း လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ဥက္ကဌ ဦးမောင်မောင်လတ်က အရှုံးခံထုတ်လုပ်နေရသည့် လျှပ်စစ်ဓာတ်အား လိုအပ်ချက်အတွက် မီတာခများ တိုးမြင့်ကောက်ခံရန် လိုအပ်သော်လည်း ဈေးနှုန်းတခုကို ပြည်ထောင်စုအဆင့်က ဆုံးဖြတ်ရမည်ဖြစ်၍ ယခုအခါဆွေးနွေးနေကြကြောင်း ပြောသည်။
လျှပ်စစ်မီတာခ တိုးမြင့်ကောက်ယူမည့် အစီအစဉ်နှင့် ပတ်သက်ပြီး ဟိုတယ်လုပ်ငန်းရှင်တဦးဖြစ်သူ ဦးဌေးအောင်က “မြတ်ဖို့မဟုတ်တဲ့ လျှပ်စစ်ဓာတ်အားတို့၊ မီးရထားတို့ဆိုတာ နိုင်ငံတော်ကပဲ လုပ်ပေးရတာ။ ကျနော်တို့ဘက်က ဝင်ငွေကလည်း မတိုးတော့ လုပ်ငန်းလည်ပတ်အောင် မနည်းလုပ်နေရတာ။ အခုချိန် မီတာခတိုးကောက်ရင် ကျနော်တို့အတွက် ဝန်ထုတ်ဝန်ပိုးကြီး ဖြစ်ပါလိမ့်မယ်”ဟု ဆိုသည်။
နိုင်ငံတော်က စိုက်ထုတ်ကျခံသုံးစွဲရမှု လျော့ချနိုင်ရေးနှင့် သင့်လျော်သော ဓာတ်အားခ သတ်မှတ်နိုင်ရေးအတွက် ကမ္ဘာဘဏ်နှင့် ပူးပေါင်းပြီး Tariff Policy ရေးဆွဲခြင်း၊ ၂၀၁၇ ခုနှစ် မေလနှင့် ဧပြီလတို့တွင် ဓာတ်အားခ သတ်မှတ်ရေး အလုပ်ရုံဆွေးနွေးပွဲများကို လွှတ်တော်မှကော်မတီများ၊ တိုင်းနှင့်ပြည်နယ် အစိုးရအဖွဲ့များမှ လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာ ဝန်ကြီးဌာနများ၊ စီမံဘဏ္ဍာ ဝန်ကြီးဌာန၊ ကျွမ်းကျင်သူများနှင့် ဆွေးနွေးလျက်ရှိကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးက ထုတ်ပြန်ပြောဆိုသည်။