တိုင်းရင်းသား မီဒီယာဆိုင်ရာ မူဝါဒတရပ် ပေါ်ထွန်းလာရေးကို ရှေးရှုဆွေးနွေးမည့် ပဉ္စမအကြိမ် တိုင်းရင်းမီဒီယာ ညီလာခံကို ကယားပြည်နယ် မြို့တော် လွိုင်ကော်မြို့တွင် ၃ ရက်တာ ကျင်းပမည် ဖြစ်သည်။
ဇွန်လ ၂၆ ရက် (ယနေ့) တွင် စတင်ကျင်းပနေသည့် ထိုညီလာခံ၌ မြန်မာနိုင်ငံတဝှမ်း သတင်းမီဒီယာအရေး တတ်ကျွမ်း သူ တရာနီးပါးက တိုင်းရင်းမီဒီယာ မူဝါဒဆိုင်ရာ မူဘောင်ကိစ္စ၊ ပြည်နယ်နှင့် တိုင်းအခြေစိုက် သတင်းဌာနများ၏ ရေရှည် ရပ်တည်ရေးအတွက် ရင်ဆိုင်နေရသော စိန်ခေါ်မှုများ၊ အမျိုးသမီး သတင်းထောက်များ၏ အခွင့်အရေး မြှင့်တင်ခြင်း ဆိုင်ရာ ကိစ္စနှင့် နိုင်ငံရေးအပြောင်းအလဲ၊ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တွင် တိုင်းရင်းသား မီဒီယာများ၏ အခန်းကဏ္ဍ စသည်တို့ကို ပါဝင် တက်ရောက် ဆွေးနွေးကြမည် ဖြစ်သည်။
တိုင်းရင်းမီဒီယာ အခန်းကဏ္ဏကို တိတိကျကျ သိရှိနိုင်ရန် တိုင်းရင်းမီဒီယာ မူဝါဒတရပ် ပေါ်ပေါက်ရေးအတွက် အကြံ ပြုကြရန်နှင့် ပြည်မနှင့်မတူဘဲ ပြည်နယ် စာဖတ်ပရိသတ် နည်းပါးလွန်းသည့် ၎င်းတို့မီဒီယာများ ရေရှည်ရပ်တည်နိုင်ရေး အစီအစဉ်များအတွက် မည်သို့ ဆက်လက် ဆောင်ရွက်သင့်သည်တို့ကို ဝိုင်းဝန်းဆွေးနွေးကြရန် BNI အဖွဲ့၏ အမှုဆောင် ဒါရိုက်တာလည်းဖြစ် မွန်သတင်းအေဂျင်စီ အယ်ဒီတာချုပ်ဖြစ်သူ နိုင်ကဆော့မွန်က ဖွင့်ပွဲအမှာစကားတွင် ထည့်သွင်း ပြောကြားခဲ့သည်။
နိုင်ကဆော့မွန်က “ပဉ္စမအကြိမ်မှာ ပိုမို စုစည်းပြီး ပိုပြီးသိပ်သည်းတဲ့ တိုင်းရင်းမီဒီယာ မူဝါဒတရပ် ပေါ်အောင်လို့ ကျနော် တို့ ဆွေးနွေးသွားမယ်။ ဒါပေမယ့် ဒီမှာတော့ တိုင်းရင်းမီဒီယာ မူဝါဒတော့ ပေါ်လာဦးမှာ မဟုတ်သေးဘူး။ ဒါပေမယ့် အနည်းဆုံးတော့ အကြံပြုချက်တွေ အများကြီး လိုမယ်” ဧရာဝတီ သတင်းဌာနသို့ ပြောသည်။
တိုင်းရင်းမီဒီယာ ညီလာခံကို ၂၀၁၃ ခုနှစ်မှ စတင်ကာ မွန်ပြည်နယ် မော်လမြိုင်မြို့၊ ရှမ်းပြည်နယ် တောင်ကြီးမြို့၊ ရှမ်းပြည် နယ် ဟားခါးမြို့ နှင့် ရခိုင်ပြည်နယ် မြောက်ဦးမြို့တို့တွင် နှစ်စဉ် ကျင်းပလာခဲ့ပြီး၊ ထိုကာလများအတွင်း တိုင်းရင်း မီဒီယာ ဌာနများအကြား ကွန်ရက်တည်ဆောက်ခြင်းနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ၎င်းတို့ မည်သို့ ပံ့ပိုး ကူညီနိုင်မည် ဆိုသည် များကို ဆွေးနွေးဖလှယ်ခဲ့ကြသည်။
ပဉ္စမအကြိမ်မြောက် တိုင်းရင်းမီဒီယာ ညီလာခံဖွင့်ပွဲသို့ အစိုးရ၏ ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့်လည်း တက် ရောက်ပြီး နိုင်ငံရေး အပြောင်းအလဲကာလတွင် ပြောင်းလဲမှုအဆင့် တိုးတက်လာသည်နှင့်အမျှ မီဒီယာများလည်း တိုးတက် လာမည်ဖြစ်သဖြင့် ထိုအခြေအနေနှစ်ခုသည် အပြန်အလှန် အမှီသဟဲ ပြုနေကြောင်းနှင့် လွတ်လပ်မှုကို လူတိုင်း အပြည့် အ၀ ကျင့်သုံးရာတွင် အများပြည်သူ ထိခိုက်မှုမရှိရအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
မီဒီယာ အဖွဲ့အစည်းများအကြား အဆင်မပြေမှုများ ရှိပါက ညှိနှိုင်းဆွေးနွေးကာ အဆင်ပြေမှု ရယူရန် လိုအပ်ကြောင်း ထို့အပြင် တိုင်းရင်းမီဒီယာများ အားကောင်းလာစေရေးအတွက် အစိုးရအနေဖြင့် ပံ့ပိုးပေးမှုများ ဆက်လက် ဆောင်ရွက် ရမည်ကိုလည်း သိရှိကြောင်း အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
ဒေါက်တာဖေမြင့်က “ကျနော်တို့ သတင်းမီဒီယာ အပိုင်းရော စာပေဖွံ့ဖြိုးတိုးတက်ရေးရော တာဝန် ၂ ရပ်ကို ဆောင်ရွက်ဖို့ ကျနော်တို့မှာ အစီအစဉ်တွေ ရှိပါတယ်။ ဆောင်ရွက်ပေးရမယ့် တာဝန်ရှိကြောင်းလည်း ကျနော်တို့ ခံယူပါတယ်။ ဒါကြောင့် ကျနော်တို့ သတင်းပိုင်းမှာဆိုရင် ရုုပ်သံပိုင်းမှာ ရေဒီယိုနဲ့ ရုုပ်သံမှာ တိုင်းရင်းသား ဘာသာအစီအစဉ်နဲ့ ထုတ်လွှင့်ပေးနေ တာ ရှိပါတယ်။ သတင်းစာမှာဆိုလည်း တိုင်းရင်းသား ဘာသာအစီအစဉ်ကို အချပ်ပိုအနေနဲ့ ထုတ်တာရှိပါတယ်။ သို့သော် အားနည်းပါတယ်။ ဒီထက်မက ကျနော်တို့ ဆောင်ရွက်ဖို့ လိုသေးတယ်ဆိုတာကို သိပါတယ်” ဟု ဆိုသည်။
နိုင်ငံရေး အပြောင်းအလဲတွင် ပြည်နယ်အခြေစိုက် တိုင်းရင်းသားမီဒီယာများ၌ ရေရှည်ရပ်တည်နိုင်ရေးအတွက် မတူညီ သော အခက်အခဲ စိန်ခေါ်မှုများ ဆက်လက်ကြုံတွေ့နေရဆဲ ဖြစ်ပြီး၊ ထိုအထဲတွင် ဝန်ထမ်းအရင်းအမြစ်၊ ဘဏ္ဍာငွေနှင့် နည်းပညာပိုင်းအရ ခက်ခဲမှုများ ရင်ဆိုင်နေရဆဲ ဖြစ်ကြောင်း ကရင်သတင်းစဉ် (KIC) သတင်းဌာန အယ်ဒီတာချုပ် နန်းဖောဂေ က ဆိုသည်။
BNI အဖွဲ့ဝင်လည်း ဖြစ်သည့် နန်းဖောဂေက “တိုင်းရင်းမီဒီယာတွေက ဒေသတွေမှာ ပြည်နယ်နဲ့ တိုင်းတွေမှာ အခြေစိုက် တဲ့ အခါ သူတို့မှာ ဝန်ထမ်းအရင်းအမြစ် လုပ်အားအရင်းအမြစ်ရော ငွေရေးကြေးရေးအပိုင်းရော၊ နည်းပညာပိုင်းက အစ အခက်အခဲတွေက ရှိနေတုန်းပဲ။ ဒါကို ဒီအတိုင်း ဖြေရှင်းလိုက် ပြန်ဖြစ်လိုက် ဖြစ်နေတော့ ဒါကို ဥပဒေနဲ့ သတ်သတ်မှတ် မှတ် ပြဋ္ဌာန်းပြီး ပြည်နယ်အစိုးရကဖြစ်စေ၊ ပြည်နယ်လွှတ်တော်က ဖြစ်စေ ပြည်ထောင်စုက ဖြစ်စေ၊ ပံ့ပိုးပြီးသွားတဲ့ အတိုင်း အတာတခုအထိ၊ လွတ်လပ်မှုကိုလည်း စည်းနှောင်အားမရှိဘဲ နှောင်ကြိုးမဲ့ ပံ့ပိုးမှုမျိုးတွေ ပါစေချင်တယ်။ ဒါမျိုး အဖြေရှာ သွားစေချင်တယ်။” ဟု ဧရာဝတီသို့ ပြောသည်။
ပြည်နယ်အခြေစိုက် သတင်းထောက်များ၏ စိန်ခေါ်မှုများတွင် လုံခြုံရေးအရ သတိထားရမှုများလည်း ရှိကြောင်း လွိုင် ကော် အခြေစိုက် ကန္တာရဝတီတိုင်းမှ အယ်ဒီတာချုပ် စေးရယ်စိုး (ခ) ကိုသားငယ်က ဆိုသည်။
စေးရယ်စိုးက “ကယား (ကရင်နီ) ပြည်နယ်မှာ လက်နက်ကိုင်အဖွဲ့တွေ များတယ်။ တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင် တွေ ကြားမှာ ငြိမ်းချမ်းရေးကိစ္စ မပြေလည်တဲ့ အနေအထားမှာရှိတော့ အဲဒီကြားမှာ သတင်းထောက်တွေဘက်က သတင်း ယူရတာ တော်တော်လေး sensitive ဖြစ်ပါတယ်။ အဓိကက နယ်မြေစိုးမိုးရေးကို သူတို့လုံခြုံရေးအတွက် အဘက်ဘက်က လုပ်ထားတာတွေ ရှိတော့ သူတို့က အနက်ရောင်နယ်မြေ၊ အညိုရောင်နယ်မြေအဖြစ် သတ်မှတ်ထားတာတွေ ရှိတယ်။ အဲဒီနေရာတွေမှာ သတင်းသွားယူတဲ့အခါ သတင်းသမားတွေ လုံခြုံမှုအတွက် စိန်ခေါ်မှုလို့ ပြောလို့ရတယ်” ဟု ရှင်းပြ သည်။
တိုင်းရင်းမီဒီယာတွေမှာ ပြည်နယ်အခြေအနေကို ပိုမိုသိရှိနိုင်သည့် အားသာချက်များ ရှိသည့်အတွက် ၎င်းတို့အနေဖြင့် ရန်ကုန်အခြေစိုက် မီဒီယာများနှင့် အပြန်အလှန် ပူးပေါင်း အလုပ်လုပ်နိုင်သကဲ့သို့ ငွေကြေးနဲ့ တစုံတရာ အကျိုးအမြတ် ပြန်ရရန် လုပ်၍ ရနိုင်ကြောင်း မီဒီယာသင်တန်းများပေးနေသူ Internews အဖွဲ့မှ သင်တန်းဆရာ ဦးမျိုးသာထက်က ဆိုသည်။
ဦးမျိုးသာထက်က “တိုုင်းရင်းမီဒီယာတွေမှာ ဂျာနယ်လစ်ဇင် အရည်အသွေးတွေ၊ သတင်းစာပညာ အရည်အသွေးတွေ တက်လာပြီ။ ဒီကတဆင့် ဆက်လက်ပြီးတော့ ရေရှည် ရပ်တည်အောင် ငွေကြေးအားဖြင့်၊ အကျိုးအမြတ်အားဖြင့် အထောက်အပံ့ရအောင် ဘယ်လိုလုပ်မလဲဆိုတာ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။
တိုင်းရင်းမီဒီယာ ညီလာခံတွင် မသန်စွမ်းများ၏ ကိုယ်စားပြုအဖြစ် တက်ရောက်ပါဝင်သည်ကိုလည်း တွေ့ရသည်။
ပြည်မတွင်သာမက တိုင်းရင်းသားလူနည်းစု ဒေသများရှိ မသန်စွမ်းများ၏ စွမ်းဆောင်နိုင်မှုများကို ပိုမိုထုတ်ဖော်ရေးသားပြီး မသန်စွမ်းများအား သနားစရာနှင့် ဟားစရာအဖြစ် မဟုတ်ဘဲ တကယ်စွမ်းနိုင်သော အခွင့်အရေးရှိသည့် လူသားများအဖြစ် ပုံဖော်ရေးသားပါက ထိုတင်ပြမှုများသည် မူဝါဒ ပြောင်းလဲမှုအထိ သက်ရောက်မှု ရှိသည်ဟု ယုံကြည်ကြောင်း ညီလာခံသို့ ပထမဦးဆုံး ပါဝင်သူ မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့ (MILI) မှ ဦးနေလင်းစိုးက ဆိုသည်
တိုင်းရင်းမီဒီယာ ညီလာခံတွင် ပါဝင်ဆွေးနွေးသူ (panelist) အဖြစ် တက်ရောက်သည့် ဦးနေလင်းစိုးက တိုင်းရင်း မီဒီယာ ကဏ္ဍကနေ ပြည်သူလူထုရဲ့ လိုအပ်ချက်တွေ ဖော်ထုတ်တဲ့အခါ မသန်စွမ်းတဲ့ ပြည်သူလူထုရဲ့ အခြေအနေကိုလည်း လူ့အခွင့်အရေး ရှုထောင့်မှ တင်ပြပေးနိုင်မည်ဟု မျှော်လင့်ကြောင်း ဆိုသည်။
“မသန်စွမ်းတဲ့ ပြည်သူလူထု အရေးကိစ္စတွေကို လူ့အခွင့်အရေး ရှုထောင့်ကနေ တင်ပြတဲ့အခါ ရိုးရာအမြင်တွေနဲ့ မဟုတ် ဘဲ ဒီကနေ့ ခေတ်သစ်မှာ နိုင်ငံတကာမှာရော ကျနော်တို့နိုင်ငံမှာရော အခြေခံအခွင့်အရေး ရှုထောင့်ကနေ တင်ပြတဲ့ အခြေ အနေတွေ ဖြစ်ပေါ်လာသင့်တယ်” ဟု ၎င်းက ဆိုသည်။