ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ ကြိမ်ချောင်း ကျေးရွာအုပ်စု၊ တရိန်းကျေးရွာခံ ၂ ဦး အသတ်ခံရပြီးနောက် အဆိုပါရွာများစွာမှ ရွာခံများ သည် စိုးရိမ်ထိတ်လန့်မှုများရှိသဖြင့် မိမိတို့ကျေးရွာမှတဆင့် မောင်တောမြို့ပေါ်နှင့် တခြားကျေးရွာများသို့ ပြောင်းရွှေ့နေကြကြောင်း သိရသည်။
အသတ်ခံရသူများ ဖြစ်သည့် အသက် ၅၂ နှစ်ရှိ ဦးအောင်ကျော် နှင့် အသက် ၃၉ နှစ်ရှိ ဦးကိုကိုသိန်း တို့သည် ဇွန်လ ၂၄ ရက်နေ့ က အသတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း၊ သေဆုံးသူ ၂ ဦး အနက် ဦးအောင်ကျော်၏ ရုပ်အလောင်းအား မောင်တောမြို့ ဆေးရုံ၌ စစ်ဆေးမှု ခံယူထားပြီး ယနေ့တွင် သင်္ဂြိုလ်မည် ဖြစ်ကြောင်း ရခိုင်အမျိုးသား ပါတီ ( ANP ) ၏ မောင်တောမြို့နယ် ဥက္ကဋ္ဌ ဦးခင်မောင်သန်း က ဧရာဝတီ ကို ပြောသည်။
၎င်းက “ဦးအောင်ကျော်ရဲ့ အလောင်းကိုတော့ ဒီနေ့ သင်္ဂြိုလ်ဖို့ ပြင်ဆင်နေကြပါတယ်၊ ကျန်တဲ့အလောင်းကိုလည်း ရှာတွေ့ ထားပါပြီ၊ ဆေးရုံကိုတော့ မရောက်သေးဘူး၊ ဦးအောင်ကျော်မှာတော့ ကလေး ၅ ယောက် ကျန်ရစ်ခဲ့ပါတယ်” ဟု ဆိုသည်။
ထိုအကြမ်းဖက်မှု ဖြစ်ပွားပြီးနောက် တရိန်းကျေးရွာမှ ရွာခံများသည် ဇွန်လ ၂၅ ရက်နေ့မှ စတင်၍ မောင်တောမြို့ပေါ်နှင့် ရွှေရင်အေးကျေးရွာသို့ ပြောင်းရွှေ့လာကြပြီး ဆွေမျိုးများထံတွင် ခိုလှုံနေကြကြောင်း သိရသည်။
တရိန်းကျေးရွာမှ ဦးအောင်ကျော်၊ ဦးကိုကိုသိန်း၊ ဦးစံသာ၊ ဦးကျန်သိန်းအောင်တို့ ၄ ဦးသည် ဇွန်လ ၂၄ ရက်နေ့ နံနက်ပိုင်း က ကျွန်းပေါက်ကျေးရွာ အုပ်စုမှ အပြန်လမ်းတွင် ရေကန်ဟောင်းအနီး၌ လိပ်ရှာဖွေနေကြစဉ် အမည်မသိ အကြမ်းဖက် သ မား ၈ ဦး ရောက်ရှိလာပြီး တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီ ကလည်း သတင်း ထုတ်ပြန်ထားသည်။
ထိုအကြမ်းဖက် တိုက်ခိုက်မှုနှင့်ပတ်သက်၍ အီနုတ်၊ ကာလာမျှား၊ ဆာရပ်၊ မောင်စိုး စသည်တို့အား ဖမ်းဆီး စစ်ဆေးနေ ကြောင်းလည်း နိုင်ငံတော် အတိုင်းပင်ခံရုံး သတင်းထုတ်ပြန်ရေး အဖွဲ့က ထုတ်ပြန်ထားသည်။
မောင်တောခရိုင် ရဲတပ်ဖွဲ့မှ ရဲမှူး ကျော်မြဝင်း က အထက်ပါ ဖြစ်စဉ်နှင့်ပတ်သက်၍ အသေးစိတ်ကို သက်ဆိုင်ရာ နယ်မြေ ရဲတပ်ဖွဲ့ဝင်များ က ဆောင်ရွက်နေကြောင်း ဧရာဝတီ ကို ပြောသည်။
ရဲမှူး ကျော်မြဝင်းက “အဲဒီလူသတ်မှုနဲ့ပတ်သက်ပြီးတော့ သက်ဆိုင်ရာရဲတပ်ဖွဲ့က ဆောင်ရွက်နေဆဲပါ။ အသေးစိတ် ကိုတော့ ကျနော်တို့လည်း မသိသေးပါဘူး” ဟု ဆိုသည်။
ထို့အတူ ဇွန်လ ၂၅ ရက်နေ့ကလည်း မောင်တောမြို့နယ် မြို့သူကြီးကျေးရွာမှ အသက် ၄၈ နှစ်ရှိ ဖွေယောစ် နှင့် ညီမဖြစ်သူတို့ နေအိမ်တွင် ရှိနေစဉ် မျက်နှာဖုံးစွပ် အကြမ်းသမား ၃ ဦးက နေအိမ်ပေါ်တက်၍ တိုက်ခိုက်စဉ် ဖွေယောစ်သည် ပွဲချင်းပြီး သေဆုံးပြီး ညီမဖြစ်သူသည် ဒဏ်ရာ ရရှိခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး အဖွဲ့က ထုတ်ပြန်ထား သည်။
မောင်တောမြို့နယ် ပဒင်းကျေးရွာ အုပ်စု၊ ချောင်းတကာကျေးရွာမှ ရာအိမ်မှူး အဘူဟာရိုင်း ဆိုသူသည်လည်း ဇွန်လ ၂၄ ရက်နေ့က ၎င်း၏ နေအိမ်၌ပင် အသတ်ခံခဲ့ရကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး က ထုတ်ပြန် ထားသည်။
မောင်တောခရိုင် ဘူးသီးတောင်- မောင်တောရှိ မေယုတောင်ကြောပေါ်၌ အကြမ်းဖက် သင်တန်းများ ပေးနေသည့် လှိုဏ်ခေါင်းတခု၊ လက်လုပ်သေနတ်များ၊ ကျည်ဆံ၊ ဖောက်ခွဲရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့် အသုံးအဆောင် ပစ္စည်း များအား ဇွန်လ ၂၀ ရက်နေ့က ရှာဖွေတွေ့ရှိခဲ့သည်။
ထိုဖြစ်ရပ်ကြောင့် ဒေသခံများအကြား လုံခြုံရေးအရ စိုးရိမ်မှုများ မြင့်တက်နေပြီး မြို့နှင့်ဝေးလံသည့် ကျေးရွာများမှ ဒေသ ခံများသည် လုံခြုံရေး ကောင်းမွန်သည့် နေရာများသို့ ပြောင်းရွှေ့နေမှုများ ဖြစ်ပေါ်နေကြောင်း ဒေသခံများက ဧရာဝတီ ကို ပြောသည်။
မောင်တောဒေသ၌ ၂၀၁၆ ခုနှစ် အောက်တိုဘာလတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှုဖြစ်ခဲ့သေးသည်။ ထိုဖြစ် ရပ် အပြီး ၂၀၁၆ အောက်တိုဘာလမှ ၂၀၁၇ မေလ ၈ ရက်နေ့အထိ၊ အရပ်သား ၃၀ ကျော် အသတ်ခံခဲ့ရပြီး ၂၂ ဦး ပျောက်ဆုံးနေကြောင်းလည်း နိုင်ငံတော် အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ထားသည်။