သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုအား ပုဂ္ဂိုလ်ရေးဆိုင်ရာ ဂုဏ်သိက္ခာ ထိခိုက် ကျဆင်း နစ်နာစေရန် ပြောဆိုကန့်ကွက် ဆန္ဒပြမှုများကို တည်ဆဲဥပဒေနှင့် အညီ အရေးယူသွားမည်ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာနက ဇွန်လ ၂၄ ရက်တွင် တရားဝင် သတင်း ထုတ်ပြန်ခဲ့သည်။
ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ကို ရန်ကုန်နှင့် မန္တလေးမြို့ တို့တွင် ဇွန်လ၂၅ ရက်၌ ထပ်မံပြုလုပ်ခဲ့သည့် ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကိုအား ကန့်ကွက်ရှုတ်ချ ဆန္ဒပြပွဲ မတိုင်မီ တရက်အလိုတွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းက “ဂုဏ်သိက္ခာ ကျဆင်းတဲ့ဟာဆိုရင် အရေးယူမယ်ဆိုတဲ့အကြောင်း ဖော်ပြထားတာပါ။ ဆောင်ရွက်မယ့် အစီအစဉ်တွေကို သတင်းထုတ်ပြန်ဖို့ ရှိပါတယ်။ အချိန်တော့ ပြောလို့ မရနိုင်သေးပါဘူး။ ၂၄ ရက်က ထုတ်ပြန်ထားတဲ့ အတိုင်းပဲ ဆောင်ရွက်သွားပါမယ်” ဧရာဝတီကို အတည်ပြု ပြောကြားသည်။
မေလ ၂၀ ရက်က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် ဝန်ကြီးသူရဦးအောင်ကိုအား ကန့်ကွက်ဆန္ဒ ထုတ်ဖော်ပွဲတွင် ခိုင်လုံ သော အကြောင်းပြချက် တစုံတရာ ဖော်ထုတ် တင်ပြနိုင်ခြင်းမရှိဘဲ ပုဂ္ဂိုလ်ရေးဆိုင်ရာ ဂုဏ်သိက္ခာ ထိခိုက် ကျဆင်း နစ်နာ စေရန် ပြောဆို ကန့်ကွက်ဆန္ဒပြခဲ့ကြောင်း လေ့လာတွေ့ရှိရသည်ဟု ဝန်ကြီးဌာနက ဖော်ပြထားသည်။
မေလ ၂၀ ရက်က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် ဆန္ဒထုတ်ဖော်ပွဲကို ဦးဆောင်သူ မြန်မာဗုဒ္ဓဘာသာ နိုးကြားရေး အသင်း(ရန်ကုန်)ဥက္ကဋ္ဌ ဦးကျော်မျိုးသက်က “သူသည် အရပ်သားတယောက်မဟုတ်ဘူး။ အစိုးရအဖွဲ့ဝင် ဝန်ကြီး တယောက်ဖြစ်တယ်။ အများပြည်သူရဲ့ရှေ့မှာ ဦးအောင်ကို ဘာဖြစ်တယ် ၊ ညာဖြစ်တယ် ဆိုတာမျိုး က သူ့ကိုပုဂ္ဂိုလ်ရေး တိုက်ခိုက်တာမဟုတ်ဘူး။ ဝန်ကြီးအနေနဲ့ လုပ်ဆောင်မှု မှားယွင်းနေတာကို ထောက်ပြတာသည် ဂုဏ်သိက္ခာညှိုးနွမ်းမှု မမြောက်ဘူး။ ရှင်းရှင်းပြောရရင် သူ့ဘာသာ ရှက်ရမ်းရမ်းပြီး လျှောက်ပြောနေတာ” ဟု ဧရာဝတီကို ပြောကြားသည်။
၎င်းသည် လက်ရှိတွင် ငြိမ်းစုစီ(ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်) ဥပဒေ၏ ဒေသန္တရဆိုင်ရာ စည်းကမ်း သတ်မှတ်ချက်အား ချိုးဖောက်သည်ဟု ဆိုကာ ပုဒ်မ ၂၀ ဖြင့် အမှုဖွင့် တရားစွဲဆိုခံထားရ၍ တရားရင်ဆိုင်နေရသူ ဖြစ် သည်။
ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့တွင် ဇွန်လ ၂၅ရက်က ပြုလုပ်ခဲ့သည့် ကန့်ကွက်ဆန္ဒပြပွဲ၌ ဆန္ဒပြသူများက အချက် ၆ ချက် ဆောင်ရွက်ပေးရန် အစိုးရထံ တောင်းဆိုခဲ့ပြီး တပတ်အတွင်း တစုံတရာ တုံ့ပြန် ဆောင်ရွက်ပေးခြင်း မရှိပါက မြို့တော် ခန်းမရှေ့တွင် သပိတ်စခန်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ကြေညာချက်တစောင် ထုတ်ပြန်ခဲ့သည်။
ကြေညာချက်တွင် သာသနာရေးဝန်ကြီး၏ လုပ်ဆောင်ချက်များနှင့် ရပ်တည်ချက်များသည် အစ္စလာမ် ဘာသာဝင်များ ဘက်မှ ဖြေလျှော့ စဉ်းစား ဆုံးဖြတ်နေမှုများကြောင့် ဗုဒ္ဓဘာသာနှင့် သာသနာ၏ အနာဂတ်သည် ပိုမိုရှုပ်ထွေးမှုနှင့် သွေးကွဲမှုများ ဆီသို့ ဦးတည်နေသဖြင့် ဝန်ကြီးဦးအောင်ကိုအား ရာထူးမှ ဖယ်ရှားပေးရန် နိုင်ငံတော်သမ္မတ၊ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် အစိုးရ၊ လွှတ်တော်ကိုယ်စားလှယ်များသည် အမျိုးသားရေးသမားများ၏ ခံစားချက်နှင့် ပေါက်ဖွား လာသည့် တောင်းဆိုမှုများအပေါ် အလေးထား ထည့်သွင်းစဉ်းစားရန် တောင်းဆိုထားသည်။
ဆန္ဒပြပွဲဦးဆောင်သူ တဦးဖြစ်သူ ဦးတင့်လွင်က “ဒီ ၆ ချက်ကို မလိုက်လျောဘူးဆိုရင် သပိတ်စခန်းဖွင့်သွားမယ်။ သာသနာရေး ဝန်ကြီးအနေနဲ့ နေပြည်တော်တုန်းက တောင်းထားတဲ့ အချက် ၇ ချက်ကို လိုက်လျောခြင်းလည်း မရှိဘူး။ နောက်ဆုံး မသိကျိုးကျွံပြုနေတဲ့ သဘောမျိုးဖြစ်လာတဲ့အတွက် အခု ထပ်တောင်းဆိုတာ။ သူတို့ဘက်က ဘာတုံ့ပြန်မှုမှ မရှိဘူးဆိုရင် လုပ်သင့်လုပ်ထိုက်တာ ဆက်လုပ်သွားမှာပါ” ဟု ဧရာဝတီကို ပြောသည်။
ထုတ်ပြန်ကြေညာချက်တွင် ဆရာတော် ဦးဝီရသူကို တရားဟောခွင့် အမြန်ဆုံးပြန်လည်ခွင့်ပြုပေးရန်၊ မင်္ဂလာ တောင်ညွန့် မြို့နယ် ဖြစ်စဉ်တွင် စွပ်စွဲချက်များဖြင့် မတရားဖမ်းဆီးခြင်းနှင့် အရေးယူရန် အမိန့်စေခိုုင်းမှုကို အမြန်ဆုံး ရုပ်သိမ်းပေးရန် ဇွန်လ ၂၀ ရက်က ရခိုင်ပြည်နယ် မောင်တောဒေသ မေယုတောင်ကြောတွင် ဘင်္ဂါလီများက အကြမ်းဖက် သင်တန်းများ ဆောင်ရွက်နေမှုများကို တားဆီးမှု၊ စုံစမ်းစစ်ဆေးမှုနှင့် ဖမ်းဆီးအရေးယူမှုများ ပြုလုပ် ပေးရန်လည်း ဖော်ပြထားသည်။
အလားတူ ဇွန်လ ၂၅ ရက်က မန္တလေးမြို့တွင် ပြုလုပ်သည့် သူရဦးအောင်ကိုအား ကန့်ကွက် ရှုတ်ချပွဲတွင်လည်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးရာထူးမှ နုတ်ထွက်ပေးရန်၊ ဝိနိ စ္ဆယရေးရာ စွက်ဖက်သည့် ဝန်ကြီးအလိုမရှိ စသည့် ကြွေးကြော်သံများဖြင့် ဆန္ဒပြခဲ့ကြကြောင်းသိရသည်။