ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်ခရိုင်ရှိ “ဝ”ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ၊ ကိုယ်ပိုင် အုပ်ချုပ် ခွင့်ရဒေသ၊ ၁၇၁ စစ်ဒေသ(“ဝ” တောင်ပိုင်း)အတွင်း ဘိန်းစိုက်ပျိုးမှု လုံးဝမရှိတော့သည်ကို အာမခံသဖြင့် ပြည်တွင်းသာမက ပြည်ပ နိုင်ငံခြားသားများလည်း လာရောက် စစ်ဆေးနိုင်သည်ဟု ဖိတ်ခေါ်လိုက်ကြောင်း သိရသည်။
UWSA ၊ စစ်ဒေသအမှတ်(၂) နယ်မြေဦးစီးမှူး ဦးရန်ကော်ကျုံးက ဇွန်လ၂၆ရက်က စစ်ဒေသ ၁၇၁မှ ဖမ်းဆီးထားသည့် မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးသည့် အခမ်းအနားတွင် ထိုသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။
ဦးရန်ကော်ကျုံးက “ နိုင်ငံတော်ဌာနမှ ကိုယ်စားလှယ်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်သူများ၊ နိုင်ငံခြား သားများ ကျနော်တို့ “ဝ”နယ် တောင်ပိုင်းကို လာရောက် စစ်ဆေး လေ့လာဖို့အတွက် ရိုးသားစွာ ဖိတ်ခေါ်ပါတယ်။ ကျနော်တို့ စစ်ဒေသ ၁၇၁ထိန်းချုပ်တဲ့ နယ်မြေတောင်ပိုင်းမှာ ဘိန်းပင် လုံးဝမရှိဘူးလို့ အာမခံပါတယ်၊ ဒီဒေသမှာ ဘိန်းပန်းရှိတယ်ဆိုတာ သမိုင်းမှာ ကျန်ရစ်ခဲ့ပါပြီ” ဟု ပြောသည်။
မီးရှို့ဖျက်ဆီးသည့် အခမ်းအနားကို မိုင်းဆတ်ခရိုင်အတွင်းရှိ UWSA တောင်ပိုင်းဌာနချုပ်စိုက်ရာ ပုံပါကျင်မြို့နယ်၊ ဟွေ့အောကျေးရွာတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
UWSAမှ မီးရှို့ဖျက်ဆီးသည့် မူးယစ်ဆေးဝါး ပမာဏမှာ စိတ်ကြွဆေးပြား၂၇၂၈၅၉၉ပြား၊ ဘိန်းဖြူ ၄ကီလိုဂရမ်၊ ဘိန်းမည်း ၁၄ကီလိုဂရမ် ရှိပြီး ၂၀၁၄ခုနှစ်မှ ၂၀၁၇ခုနှစ် ဇွန်လအထိ UWSA ၏ မူးယစ်တိုက်ဖျက်ရေးအဖွဲ့က ဖမ်းဆီးထားခြင်းဖြစ်သည်ဟု သိရသည်။
UWSA ၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ကို ၂၀၁၁ ခုနှစ် ၊ ဇွန်လ ၂၆ရက်က စတင်ဖွဲ့စည်းခဲ့ပြီး ဦးရန်ကော်ကျုံး က တပ်ဖွဲ့မှူးအဖြစ် တာဝန်ယူထားသည်။
မူးယစ်ဆေးဝါးများ ဖမ်းမိရာတွင် မူးယစ်ဆေး သယ်ဆောင်လာသည့် ကားငယ်၅စီး၊ ဆိုင်ကယ်၆စီး၊ စကားပြော စက်၂လုံး၊ လက်ကိုင်ဖုန်း ၁၃လုံးတို့ကိုလည်း ဖမ်းမိထားပြီး မူးယစ်ဆေးဝါး ရောင်းဝယ်သူ အမျိုးသား၂၁ဦး၊ အမျိုးသမီး၉ဦး၊ မူးယစ်ဆေးဝါး သုံးစွဲသူ အမျိုးသား၅၁ဦးနှင့် အမျိုးသမီး၉ဦးတို့ကိုလည်း ဖမ်းဆီးထားသည်ဟု UWSA က ကြေညာချက် ထုတ်ထားသည်။
UWSA ထိန်းချုပ်နယ်မြေအတွင်း ဘိန်းစိုက်ပျိုးခြင်း၊ ထုတ်လုပ်ရောင်းချခြင်းနှင့် သုံးစွဲခြင်းများ ကင်းစင်အောင် ဆောင်ရွက်နေသည်ဟု UWSA ဥက္ကဋ္ဌ ဦးပေါက်ယူချန်းက ၎င်း၏ဦးခေါင်းဖြင့် အာမခံကာ နိုင်ငံတကာကို ကြေညာထားသည်ဟုလည်း ဦးရန်ကော်ကျုံးက ဆိုသည်။
UWSA က ၁၉၉၆ခုနှစ်တွင် ဘိန်းစိုက်ပျိုးမှုကို တားမြစ်ခဲ့ပြီး၂၀၀၅ခုနှစ်တွင် ဘိန်းစိုက်ပျိုးခြင်း၊ ထုတ်လုပ်ဖြန့်ချိခြင်း၊ ရောင်းဝယ် ဖောက်ကားခြင်း၊ သုံးစွဲခြင်းများ ပပျောက်စေရန် မူဝါဒများ ချမှတ် ဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၁၁ခုနှစ်တွင် မူးယစ် တိုက်ဖျက်ရေးအဖွဲ့ကို ဖွဲ့စည်းလိုက်ပြီး စစ်ဆေးခြင်း၊ ဖမ်းဆီးခြင်း၊ ထောင်ဒဏ်ပေးခြင်းများ ပြုလုပ်လျက် ရှိသည်ဟုလည်း ဦးရန်ကော်ကျုံးက ပြောသည်။
ဘိန်းစိုက်ပျိုးမှု ပပျောက်စေရန် ၂၀၀၀ခုနှစ်၌ “ဝ” တောင်ပိုင်းဒေသ နေထိုင်သူများကို “ဝ” မြောက်ပိုင်းဒေသသို့ ရွှေ့ပြီး “ဝ” မြောက်ပိုင်းဒေသတွင် နေထိုင်သူများကို တောင်ပိုင်းဒေသသို့ ရွှေ့ပြီး အစားထိုး သီးနှံများ စိုက်ပျိုးခိုင်းခဲ့သည်ဟု သိရသည်။
ပုံပါကျင်မြို့နယ်အတွင်း ရော်ဘာကို အများဆုံး စိုက်ပျိုးထုတ်လုပ်ပြီး ပြောင်းဖူး၊ လိမ္မော် နှင့် စပါးပင်များ စိုက်ပျိုးသည် ကို တွေ့ရသည်။
UWSA မူးယစ်တိုက်ဖျက်ရေး အဖွဲ့က ၂၀၁၁ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း ၁၇၁ စစ်ဒေသတွင် မူးယစ်ဆေးဝါး ရှာဖွေရန် တအိမ်တက်ဆင်း ၄ကြိမ်ခန့် ရှာဖွေခဲ့ကြောင်း ၊ မူးယစ်ဆေးဝါး သုံးစွဲသူများကို ဖမ်းမိပါက ပထမအကြိမ် မိလျှင် စစ်သင်တန်း တက်ခိုင်းပြီး ဒုတိယအကြိမ် ထပ်မံဖမ်းဆီးမိပါက ထောင်ဒဏ်ပေးသည်ဟု သိရသည်။
မူးယစ်ဆေးဝါး မီးရှို့သည့် အခမ်းအနားသို့တတ်ရောက်သည့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မိုင်းတုံမြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဆန်းဝင်းအောင်ကလည်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးမှာ နိုင်ငံတော်အစိုးရ၊ အစိုးရတာဝန်ရှိ အဆင့်ဆင့်သာမက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများတွင်လည်း တာဝန်ရှိသည်ဟု ဆိုသည်။
ဦးဆန်းဝင်းအောင်က “ဝ” အထူးဒေသ (၂) ၊၁၇၁ စစ်ဒေသအနေနဲ့ မူးယစ်ဆေးဝါးတွေကို ဒီထက်မက နှစ်စဉ်နှစ်တိုင်း ဖျက်ဆီးနိုင်ပါစေလို့ တိုက်တွန်းပါတယ်”ဟု လည်း ပြောသည်။
UWSA ထိန်းချုပ်နယ်မြေအတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ပြုလုပ်နေသည်မှာ၂၁နှစ်ရှိပြီဖြစ်ပြီး “ဝ”တောင်ပိုင်း၊ ၁၇၁စစ်ဒေသ၊ပုံပါကျင်မြို့နယ်တွင် အခမ်းအနားပြုလုပ်ပြီး မူးယစ်ဆေးဝါးများကို မီးရှို့သည်မှာ ၃ကြိမ်ရှိပြီ ဖြစ်သည်။
၂၀၀၄ခုနှစ်တွင် ပထမအကြိမ်၊ ၂၀၁၅ခုနှစ်တွင်ဒုတိယအကြိမ် မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးခဲ့သည်။
သို့သော် ပထမအကြိမ်နှင့် ဒုတိယအကြိမ် မီးရှို့ဖျက်ဆီးသည့် အခမ်းအနားတွင် သတင်းမီဒီယာများကို ဖိတ်ကြားခြင်း မရှိခဲ့သည့်အပြင် ရှမ်းပြည်နယ်အတွင်း၌လည်း UWSA က မီးရှို့ဖျက်ဆီးသည်များမှာ မူးယစ်ဆေးဝါး အစစ်များ မဟုတ် ဘဲ အတုများသာ ဖြစ်ကြောင်း ဝေဖန်မှုများ ရှိခဲ့သည်။
ဇွန်လ၂၆ရက်တွင် ပြုလုပ်ခဲ့သည့် အခမ်းအနား၌ ဆေးပြားများ၊ ဘိန်းဖြူများကို သတင်းမီဒီယာများအား အနီးကပ် ကြည့်ရှုခွင့် ပေးခဲ့သည်။
ကမ္ဘာ့ကုလသမဂ္ဂ (UN) ၏ စစ်တမ်းများအရ မြန်မာနိုင်ငံသည် ကမ္ဘာတွင် ဘိန်းစိုက်ပျိုးမှု ဒုတိယ အများဆုံး နိုင်ငံဖြစ်ပြီး မြန်မာတနိုင်ငံလုံးအနက် ဘိန်းစိုက်ပျိုးမှု ဧရိယာ ၈၀ရာခိုင်နှုန်းအထက်မှာ ရှမ်းပြည်နယ်တွင် ဖြစ်သည် ။
ထို့ပြင် UWSA ၊ ၁၇၁ စစ်ဒေသ နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ထိုင်းနိုင်ငံက ၎င်းတို့ ဒေသတွင်း မူးယစ်ဆေး မှောင်ခိုများမှာ UWSA က ဖြန့်ချိ ရောင်းချနေခြင်း ဖြစ်သည်ဟု ထိုင်းအာဏာပိုင်များက စွပ်စွဲလျက်ရှိသည်။
မကြာသေးမီကလည်း အဆိုပါဒေသနှင့်ဆက်စပ်နေသည့် ထိုင်းနိုင်ငံဘက်ခြမ်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကြွဆေးဝါး အများအပြား ဖမ်းဆီးမိခဲ့သေးသည်။
၁၇၁ စစ်ဒေသကို “ဝ”တောင်ပိုင်း ဟုလည်း အများသိပြီး ၁၇၁ စစ်ဒေသ စစ်ဒေသအောက်တွင် တပ်မဟာ ၇၇၂ ၊ ၇၇၅ ၊ ၇၇၈ ၊ ၅၁၈ နှင့် ၂၄၈ ဟူသည့် တပ်မဟာ ၅ခု ရှိသည် ။ တပ်မဟာ တခုလျှင် အင်အား ၂၀၀၀ ကျော်ဖြင့် ဖွဲ့စည်း ထားသဖြင့် ၁၇၁ စစ်ဒေသတခုလုံးတွင် UWSA အင်အား တသောင်းကျော် ရှိသည် ။
မီးရှို့ ဖျက်ဆီးသည့် အခမ်းအနားသို့ မိုင်းတုံမြို့နယ် ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အဖွဲ့ဝင်များ၊ သစ်တောဝန်ကြီးဌာနအဖွဲ့ဝင်များ တက်ရောက်ကြသည်။
UWSA သည် ၁၉၈၉ ခုနှစ်တွင် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေးစာချုပ် ချုပ်ဆိုထားပြီး သမ္မတဟောင်းဦးသိန်းစိန် လက်ထက် အသစ်ပြုလုပ်ခဲ့သည့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီမှုစာချုပ် (NCA) တွင် ပါဝင်ခြင်းမရှိပေ။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ UWSA သည် ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊နားဖန်း၊ မက်မန်း၊ ပန်ဆန်းမြို့နယ် ၆ မြို့နယ်ကို ခရိုင် ၂ ခုခွဲကာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရထားသည်။
UWSA က အခြားမြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင် ၆ ဖွဲ့နှင့် အတူ နိုင်ငံရေး ဆွေးနွေးရေးကော်မတီတရပ် ဖွဲ့ စည်းထားပြီး NCA မဟုတ်ဘဲ အပစ်ရပ်စာချုပ်သစ်တခု ချုပ်ဆိုကာ အစိုးရနှင့် နိုင်ငံရေးဆွေးနွေးရန် ဆောင်ရွက်လျက် ရှိသည်။