မြန်မာနှင့် တရုတ်နိုင်ငံကြား သွယ်တန်းထားသည့် ရွှေသဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းမှ အကျိုးအမြတ်များကို အစိုးရက ရှမ်းပြည်နယ် ဘဏ္ဍာရေး ရန်ပုံငွေသို့ ခွဲဝေပေးရန် ရှမ်းပြည်နယ် နမ္မတူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းခမ်းအေးက ဇွန် ၂၆ ရက်နေ့က ကျင်းပသည့် လွှတ်တော် အစည်းအဝေးတွင် တောင်းဆိုလိုက်သည်။
“တိုင်းဒေသကြီးနဲ့ ပြည်နယ်များကြားမှာ ဘက်ညီ မှျှတစွာ ခွဲဝေသုံးစွဲနိုင်စေမယ့် အခွင့်အလမ်း ဖန်တီးပြီး လူ့စွမ်းအား အရင်းအမြစ် တိုးတက်စေရေး ဆောင်ရွက်ဖို့အတွက် ဒီစီမံကိန်းမှ ရသင့်ရထိုက်တဲ့ငွေတွေကို ရှမ်းပြည်ဘဏ္ဍာငွေကို အပြည့်အဝပေးဖို့ လိုအပ်နေပါပြီ”ဟု ၎င်းက လွှတ်တော်တွင် ပြောသည်။
မြန်မာ-တရုတ် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းနှင့် ပတ်သက်ပြီး တနှစ် ဓာတ်ငွေ့ ရောင်းရဝင်ငွေ မည်မျှရှိ၍ အမြတ်မည်မျှ ရရှိပါကြောင်းနှင့် ရှမ်းပြည်နယ် လွှတ်တော်မှာ အတည်ပြုပြီးသည့် ဓာတ်ငွေ့ ရောင်းရငွေရဲ့ အမြတ် ၅ ရာခိုင်နှုန်းကို ရှမ်းပြည်နယ် ဘဏ္ဍာငွေသို့ မည်သည့် အချိန်မှာ စတင်ရေးဆွဲချမှတ်ပေးမည်ကို သိရှိလိုကြောင်း နမ္မတူ ကိုယ်စားလှယ်က မေးခွန်းထုတ်ခဲ့သည်။
လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနက ဒုဝန်ကြီး ဒေါက်တာ ထွန်းနိုင်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ စီမံကိန်း ဝင်ငွေ၏ အမြတ် ၅ ရာခိုင်နှုန်းကို ပေးရန် မဖြစ်နိုင်ကြောင်း၊ ယင်းစီမံကိန်း ဆောင်ရွက်ရန် တရုတ်နိုင်ငံမှ ချေးယူထားသည့် ချေးငွေ မကျေသေးကြောင်း လွှတ်တော်တွင် ပြန်လည် ရှင်းလင်းခဲ့သည်။
တရုတ်နိုင်ငံသို့ သဘာဝ ဓာတ်ငွေ့ စတင် ပို့လွှတ်ခဲ့သည့် ၂၀၁၃- ၁၄ ဘဏ္ဍာနှစ်မှ ၂၀၁၆- ၁၇ ဘဏ္ဍာနှစ်အထိ မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့ လုပ်ငန်း(MOGE) က ထည့်ဝင် စိုက်ထုတ် ရင်းနှီးမြုပ်နှံခဲ့သည့် ရာခိုင်နှုန်းအရ သဘာဝဓာတ်ငွေ ပိုက်လိုင်းက ရရှိသည့် ဝင်ငွေ စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၁၂၁ သန်းကျော် ရှိကြောင်း၊ ယင်းငွေအားလုံးကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၏ ဇယား ၁ ပြည်ထောင်စု ဥပဒေပြုစာရင်း အပိုဒ် ၆ အပိုဒ်ခွဲငယ် (က) အရ ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေသို့ နှစ်စဉ် ပေးသွင်းခဲ့ရကြောင်း သိရသည်။
အဆိုပါ ပိုက်လိုင်း စီမံကိန်းအား MOGE က ရင်းနှီးမြုပ်နှံရာတွင် China Development Bank ထံမှ ချေးငွေ ယူရို ၈၆ ဒသမ ၁၆ သန်းဖြင့် ၂၀၁၀ ခုနှစ်မှ စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး တည်ဆောက်ရေးကာလမှာ ၃ နှစ်ခန့် ကြာမြင့်ခဲ့ကြောင်း၊ အဆိုပါ ပိုက်လိုင်း စီမံကိန်း ချေးယူငွေအနက် အတိုး၊ အရင်းပေါင်းမှာ ယူရိုငွေ ၁၀၃ ဒသမ ၆၄ သန်းအထိ ဖြစ်လာပြီး ပေးဆပ်ရန် ကျန်သေးကြောင်း ဒေါက်တာ ထွန်းနိုင်က ပြောသည်။
“ဒီချေးငွေတွေ အားလုံးကို ပြန်လည် ပေးဆပ်နေဆဲကာလဖြစ်လို့ အကျိုးအမြတ် ရရှိခြင်း မရှိသေးပါ”ဟု ဒေါက်တာ ထွန်းနိုင်က ပြောသည်။
လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခမ်းအေးက “သဘာဝ ပတ်ဝန်းကျင်နဲ့ လူမှုဘဝကို စတေး ပြီးတော့ နိုင်ငံအကျိုး အတွက် အနစ်နာခံတဲ့ ဒေသတွေကို သူတို့ရသင့်တဲ့ အကျိုးအမြတ် တွေကို တရားမျှတစွာနဲ့ ဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်။ ဒီလို ဆောင်ရွက်မပေးဘူးဆိုတာထက် ဘယ်အချိန်မှာ ထည့်သွင်းရေးဆွဲမယ် ဆိုတာကို ဖော်ပြသင့်ပါတယ်”ဟု ထပ်ဆင့် မေးခွန်းထုတ်ခဲ့သည်။
သဘာဝ ဓာတ်ငွေ့ ရောင်းရသော ဝင်ငွေများအနက် ဓာတ်ငွေ့ပိုက်လိုင်းမှ ရရှိသော ဝင်ငွေများ အားလုံးကို ပြည်ထောင်စု ဘဏ္ဍာ ရန်ပုံငွေသို့ တိုက်ရိုက် နှစ်စဉ်ပေးသွင်းခဲ့ရခြင်း ဖြစ်ပြီး အခွန်အခများ ကောက်ခံမှုနှင့် အခွန်အခများ စီမံခန့်ခွဲမှုအပေါ် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်ရခြင်း ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ပြန်လည် ရှင်းလင်းခဲ့သည်။
ဒုဝန်ကြီး ဒေါက်တာ ထွန်းနိုင်က “ဝင်ငွေများအားလုံးကို ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေသို့ ပေးသွင်းရတာ ဖြစ်ပြီး အဆိုပါ နိုင်ငံဘဏ္ဍာ ရန်ပုံငွေဖြင့် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနက ပြည်ထောင်စု၊ တိုင်းနဲ့ပြည်နယ် အစိုးရ အားလုံးသို့ ခွဲဝေပေးရတာ ဖြစ်လို့ ဒီစီမံကိန်းက ရရှိတဲ့ အကျိုးအမြတ်တွေဟာ တနိုင်ငံလုံးမှာ သုံးစွဲနေရတာ ဖြစ်ပါတယ်”ဟု လွှတ်တေ်ာတွင် ပြန်လည် တုန့်ပြန်ခဲ့သည်။
ရွှေသဘာဝ ဓာတ်ငွေ့ စီမံကိန်းမှ ထွက်ရှိလာသည့် သဘာဝ ဓာတ်ငွေ့များကို ပိုက်လိုင်းဖြင့် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချရန် ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ် များသို့ ဖြတ်သန်းသွားပြီး ကီလိုမီတာ ၈၀၀ နီးပါး ရှည်လျားသည့် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းတခု ဖြစ်သည်။