သတင်း

ဧရာဝတီ သတင်းထောက်ကို မည်သည့်နေရာ၌ ထိန်းသိမ်းထားသည်ကို မသိရသေး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်း(ပလောင်) TNLA နယ်မြေအတွင်း အကြိမ် ၃၀ မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် မူးယစ်ဆေးဝါးများ ဖျက်ဆီးမှု အခမ်းအနား သတင်းသွားရောက်ရယူခဲ့ကြသည့် ဧရာဝတီသတင်းဌာနမှ သတင်းထောက် ဦးသိန်းဇော်(ခ) လဝီဝမ်၊ DVB သတင်းဌာနမှ အကြီးတန်းသတင်းထောက် ဦးအေးနိုင်နှင့် ဦးပြည့်ဘုန်းနိုင် တို့ကို တပ်မတော်က ဖမ်းဆီးထိန်းသိမ်းထားသည်ဆိုသော်လည်း မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရှိရသဖြင့် စိုးရိမ်မှုများ ရှိနေသည်။

တပ်မတော်သတင်းထုတ်ပြန်ရေးအဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားသူများကို လားရှိုးမြို့နယ် ရဲစခန်းသို့ လွှဲပြောင်းထားသည်ဟု ဆိုသော်လည်း ဧရာဝတီမှ စုံစမ်းချက်များအရ မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရှိရသေးပါ။

လားရှိုးမြို့မ ရဲစခန်းမှူး ဒုတိယရဲမှူး ကျော်နိုင်က “သတင်းထုတ်ပြန်ချက်မှာ သေချာကြည့်ပါ။ လားရှိုးမြို့နယ် ရဲစခန်းလို့ ရေးထားပါတယ်။ ကျနော်တို့ လားရှိုးမှာ မြို့မရဲစခန်းတွေပဲရှိတယ်။ မြို့နယ်ရဲစခန်းဆိုတာ မရှိပါဘူး။ အခုချိန်ထိလည်း အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာတခုမှ အကြောင်းကြားလာခြင်း မရှိသေးပါဘူး” ဟု ဧရာဝတီ သို့ ပြောသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက လမ်းကြောင်းလုံခြုံရေး ဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်းက TNLA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့နှင့် ဆက်သွယ်ဆောင်ရွက်ခဲ့သူများအား ဖမ်းဆီးရမိပြီး တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည် ဟု ဇွန် ၂၇ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။

နိုင်ငံတော်အစိုးရနှင့် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့အား လက်နက်ကိုင် ဆန့်ကျင်လျက်ဒေသအတွင်း တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်မှုပျက်ပြားရေးကို ဦးတည်ဆောင်ရွက်လျက်ရှိသည့် TNLA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့နှင့် ဆက်သွယ်၍ ပြန်လည်ထွက်ခွာလာကြောင်း စုံစမ်းသိရှိရသဖြင့် တရားဥပဒေနှင့်အရေးယူဆောင်ရွက်နိုင်ရေး လားရှိုးမြို့နယ်ရဲစခန်းသို့ စနစ်တကျလွှဲပြောင်း အပ်နှံထားကြောင်းနှင့် လိုအပ်သည့် စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိသည်ဟု သတင်းထုတ်ပြန်ထားသော်လည်း ဖမ်းဆီးခံထားရသူများ ကို မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို ယနေ့အထိ မသိရှိရသေးပါ။

ဧရာဝတီသတင်းဌာန အယ်ဒီတာချုပ် ကိုအောင်ဇော်က “ကိုလဝီဝမ်ကို ဖမ်းဆီးထိန်းသိမ်းထားတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့စုံစမ်းနေပါတယ်။ ကိုလဝီဝမ်လိုပဲ မြန်မာပြည်ထဲက ပဋိပက္ခဖြစ်နေတဲ့နေရာတွေကို ပြည်တွင်းသတင်းထောက်တွေ၊ နိုင်ငံတကာသတင်းထောက်တွေက လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ် လောက်ကစပြီး သတင်းသွားယူခဲ့ကြတာဖြစ်တယ်။ ဒီတခေါက်မှ ကိုလဝီဝမ်တို့ကိုဖမ်းဆီးတာက ဘာကြောင့်လဲ ဆိုတာကို ကျနော်တို့သိဖို့လိုပါတယ်။ သူဟာ ဂျာနယ်လစ်တယောက်အနေနဲ့ သူ့အလုပ်ကိုသူလုပ်တာ ဖြစ်တယ်။ ပြစ်မှုကျူးလွန် ထားသူလည်း မဟုတ်ပါဘူး။ သူ့ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ လိုလားပါတယ်။ ကိုလဝီဝမ်အပြင် DVB သတင်းဌာနက သတင်းသမား ၂ ဦးကိုလည်း အမြန်ဆုံးပြန်လွတ်ပေးဖို့ လိုလားပါတယ်။ သူတို့ ပြန်လွှတ်ဖို့ကိစ္စကိုလည်း အာဏာပိုင်တွေ၊ မည်သူနဲ့မဆို ကျနော်တို့နည်းမှန်လမ်းမှန်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အဆင်သင့်ရှိပါတယ်” ဟု သုံးသပ်ပြောဆိုသည်။

ဧရာဝတီမှ စုံစမ်းချက်အရ သတင်းထောက် ကိုလဝီဝမ် အပါအဝင် သတင်းထောက်များကို တပ်မတော်၏ စစ်ကြောရေးစခန်းတွင် စစ်ဆေးနေသည်ဟုလည်း သတင်းများထွက်ပေါ်လျက်ရှိသည်။

မည်သည့် သတင်းသမားမဆို စစ်မက်ဖြစ်ပွားရာဒေသ၊ အရေးအခင်း၊ အဓိကရုဏ်း၊ အများပြည်သူ ဆန္ဒပြရာ ဒေရာဒေသတို့၌ သက်ဆိုင်ရာ တာဝန်ရှိအဖွဲ့အစည်းတို့က သတ်မှတ်ထားသော စည်းကမ်းများနှင့် အညီ သတင်း ရယူစဉ်တွင် (က) လုံခြုံရေးအဖွဲ့အစည်း ဆိုင်ရာ တရပ်ရပ်၏ ဖမ်းဆီးထိန်းသိမ်းခြင်း၊ သတင်းမှတ်တမ်းစသည့် သတင်းရယူခြင်းနှင့် သက်ဆိုင်ရာ ကိရိယာများကို သိမ်းယူခံရခြင်းနှင့် ဖျက်ဆီးခံရခြင်းမှ ကင်းလွတ်စေရမည်ဟု ပြဆိုထားသည်။

သို့ဖြစ်ရာ တပ်မတော်က စစ်ဆေးမေးမြန်းရန် ဖမ်းဆီးထားသော DVB သတင်းဌာနမှ သတင်းထောက် ၂ ဦးနှင့် ဧရာဝတီ သတင်းဌာနမှ သတင်းထောက် ၁ ဦးတို့ လွတ်မြောက်ရေး သက်ဆိုင်ရာမှ အမြန်ဆုံးကူညီဆောင်ရွက်ပေးရန် မြန်မာနိုင်ငံ သတင်းစာဆရာအသင်းက မေတ္တာရပ်ခံကြောင်း သတင်းထုတ်ပြန်ထားသည်။

Loading