ရန်ကုန်တိုင်းဒေသကြီးအတွင်း အမှန်တကယ်နေစရာမရှိသည့် ကျူးကျော်နေထိုင်သူများကို အသိအမှတ်ပြု စမတ်ကတ် များထုတ်ပေးလျက်ရှိရာ ၈၀ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ပြီး လာမည့်ဇူလိုင် ပထမအပတ်တွင် အကုန်အပြီးသတ်နိုင်မည် ဖြစ်ကြောင်း သိရသည်။
“လောလောဆယ်မှာ လှည်းကူး၊ မှော်ဘီ၊ ထောက်ကြန့်၊ မင်္ဂလာဒုံရယ်က အနည်းငယ် ကျန်နေပါတယ်။ ဇူလိုင်ပထမပတ် လောက်မှာ အားလုံးပြီးစီးမယ်လို့ အကြမ်းဖျင်း မှန်းထားပါတယ်။ စမတ်ကတ်ထုတ်ပေးတဲ့ဟာက ပြီးဆုံးတော့မယ်လို့ ပြော လို့ရပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးညီညီက ဧရာဝတီကို အတည်ပြု ပြောဆိုသည်။
အစိုးရသစ်လက်ထက်တွင် ရန်ကုန်တိုင်းဒေသကြီး ဖွံ့ဖြိုးရေးသုတေသန စီမံကိန်းအဖြစ် ကျူးကျော်နေထိုင်သူများစာရင်း ကောက်ယူခြင်းနှင့် စမတ်ကတ်ထုတ်ပေးခြင်းကို ၂၀၁၆ ခုနှစ် စက်တင်ဘာလကတည်းက စတင်ခဲ့ပြီး ရှေ့ပြေးစီမံချက် (Pilot Project) ပြုလုပ်ခဲ့သည့် တောင်ဒဂုံမြို့နယ်အပါအဝင် မြို့နယ်ပေါင်း ၃၇ မြို့နယ်တွင် စမတ်ကတ်များ ထုတ်ပေးခဲ့ ကြောင်း ၎င်းက ရှင်းပြသည်။
တောာင်ဒဂုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးညီညီက စမတ်ကတ်ထုတ်ပေးခဲ့သည့် မြို့နယ်တိုင်းတွင် စီးပွားဖြစ်ကျူးပြဿနာများ၊ ထုတ်ယူပြီးသည့် ကျူး စမတ်ကတ်များကို တဆင့်ပြန်လည်ရောင်းချမှုများ၊ နှစ်ပေါင်းကြာရှည်စွာ နေထိုင်လာသည့်အတွက် ကျူးအဖြစ်လက်မခံဘဲ ကတ်ထုတ်ရန် ငြင်းဆန်မှုများ စသည်ဖြင့် မတူညီသော ပြဿနာပေါင်းစုံ ကြုံတွေ့ဖြေရှင်းခဲ့ရသည်ဟု ဆိုသည်။
ရန်ကုန်တိုင်းအစိုးရအနေဖြင့် ယင်းသို့ ကျူးကျော်အသိအမှတ်ပြု စမတ်ကတ်များ ထုတ်ပေးနေသော်လည်း ၎င်းတို့အား မည်သည့်အချိန်၊ မည်သည့်နေရာတွင် ပြန်လည်နေရာချထားပေးပြီး မည်သို့ဆောင်ရွက်ပေးမည်ကိုမူ ယနေ့အချိန်အထိ တိတိကျကျ သတင်းထုတ်ပြန်ထားခြင်း မရှိသေးကြောင်း သိရသည်။
ကျူးစမတ်ကတ် ထုတ်ယူထားသူ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၇၉ ရပ်ကွက်နေ ဒေါ်လှသန်းနွယ်က “အနှစ်နှစ်အလလကလည်း ဒီလိုပဲ ရမယ်ဆိုပြီး ကောက်ခဲ့တယ်။ အဲဒီတုန်းက ရခဲ့သူတွေ ရခဲ့ပေမယ့် အန်တီတို့ တခါမှ မရခဲ့ဘူး။ မရှိလို့သာ သူများ ခြံမှာ နေကြရတာ။ ဒီလိုမျိုးနေတဲ့အခါ အိမ်ရှင်က ဖယ်ပါတော့ဆို ဖယ်ရတယ်။ အန်တီဆို ၁ နှစ်မှာ အိမ်က ၃ ခါလောက် ပြောင်းရတယ်။ အဲဒီလိုလူမျိုးတွေ အများကြီးရှိတယ်။ တကယ်မရှိတဲ့သူတွေအတွက် ဒါက မျှော်လင့်ချက်တခုပဲ” ဟု ပြောသည်။
ကျူးကျော်များကို မိသားစုတစုလျှင် ကတ် ၁ ကတ်ထုတ်ပေးခြင်း ဖြစ်ပြီး ယင်းကတ်များကို တဆင့်ပြန်လည်ရောင်းချခြင်း၊ လက်လွှဲခြင်းများ မပြုလုပ်နိုင်ရန်အတွက် ဘားကုတ်များ၊ မိသားစုဝင်များ၏ လက်ဗွေရာများ၊ ဓာတ်ပုံများဖြင့် လုံခြုံရေး အဆင့် တိုးမြှင့်ထားကြောင်း စမတ်ကတ်ထုတ်ပေးသူများက ပြောဆိုထားသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရ အနေဖြင့် ယခင်က ကျူးကျော်ဦးရေ ၃ သိန်းကျော်ရှိမည်ဟု ခန့်မှန်းထားသော်လည်း တကယ့်မြေပြင်တွင်မူ ခန့်မှန်းထားသည်ထက် ပိုများနေသည်ကို တွေ့ရကြောင်း၊ ဇွန်လ ၂၇ ရက်နေ့အထိ စာရင်းများအရ စမတ်ကတ်ထုတ်ပေးပြီးသော အိမ်ထောင်စုပေါင်း ၁၄၀၀၀၀ ကျော်ရှိပြီး လူဦးရေအနေဖြင့် ၄၄၀၀၀၀ ကျော်ရှိကြောင်း သိရ သည်။