သတင်း

သာသနာတော် သန့်ရှင်းရေး လုပ်မည်ဟု သူရဦးအောင်ကို ပြော

ပြည်သူလူထု၏ တောင်းဆိုချက်အရ သာသနာတော် သန့်ရှင်းရေး လုပ်ငန်းတခုကို စတင် ဆောင်ရွက်တော့မည် ဖြစ်ကြောင်း၊ ဝန်ကြီးရာထူးမှ လုံးဝ နုတ်ထွက်မည် မဟုတ်ကြောင်း ယဉ်ကျေးမှုနှင့် သာသနာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရ ဦးအောင်ကိုက ပြောဆိုလိုက်သည်။

“ဓမ္မစက်၊ အာဏာစက်နဲ့ သာသနာတော် သန့်ရှင်းတည်တံ့ရေး အတွက်ကို ဆက်လက် အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်။ အင်မတန်ကြီးမားတဲ့၊ လုပ်ငန်းပမာဏ ကျယ်ပြန့်တဲ့ လုပ်ငန်းကြီး ဖြစ်ပါတယ်။ ဒါကတော့ လုပ်ဖို့ အချိန်တန်ပြီ ဆိုပြီးတော့မှ ပြည်သူ၊ ပြည်သားတွေနဲ့ ရဟန်းသံဃာထုတွေက မီးမောင်းထိုးပြီး ထောက်ပြလာပါတယ်”ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတွင် သာသနာတော် သန့်ရှင်းရေး တကြိမ်လုပ်ပေးရန် လိုအပ်သည့် အချက်အလက်များကို စုစည်းနေပြီး စီမံကိန်း စနစ်တကျ ရေးဆွဲကာ နိုင်ငံတော် သံဃာ မဟာနာယက၊ ပြည်ထောင်စု အစိုးရအဖွဲ့များသို့ တင်ပြ၍ ဓမ္မစက်၊ အာဏာစက်တို့ဖြင့် သာသနာတော် သန့်ရှင်းရေး ဆောင်ရွက်ရန် ဆုံးဖြတ်လိုက်ပြီ ဖြစ်ကြောင်း ဝန်ကြီး သူရဦးအောင်ကိုက ရှင်းပြသည်။

၎င်းကို နှုတ်ထွက်ခိုင်းသည့် ကိစ္စနှင့် ပတ်သက်၍ ဝန်ကြီးက “ဒီရာထူးက သူတို့ ခန့်ထားပေးတာ မဟုတ်ဘူး။ ပြည်သူလူထု က ရွေးချယ်တင်မြှောက်လိုက်တဲ့ ဒီမိုကရေစီခေါင်းဆောင်က ခန့်ထားတဲ့ ရာထူးဖြစ်တယ်။ သူတို့အော်တိုင်း ထွက်ဖို့ လုံးဝ အကြောင်းမရှိဘူးလို့ ပြောချင်တယ်” ဟု မီဒီယာများသို့ ပြောသည်။

၎င်းအပေါ် စွပ်စွဲချက်များ အားလုံးအတွက် သက်သာရှာထားရန် တောင်းဆိုလိုက်ပြီး အခြေအမြစ် မရှိသည့် စွပ်စွဲမှုများ အားလုံးကို ယနေ့ အချိန်မှ စ၍ တရားပြန်စွဲဆိုရန် ဆုံးဖြတ်ထားကြောင်း၊ လုံးဝ သည်းခံ ခွင့်လွှတ်တော့မည် မဟုတ်ကြောင်းလည်း ၎င်းက ပြောသည်။

ယနေ့ ကျင်းပသည့် ပြည်သူ့လွှတ်တော်သို့ တက်ရောက်လာသည့် ဝန်ကြီး သူရ ဦးအောင်ကိုက နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့ များတွင် မျိုးချစ် အမည်ခံ အဖွဲ့များက ၎င်းနုတ်ထွက်ပေးရန် တောင်းဆိုမှုများအပေါ် အထက်ပါအတိုင်း မီဒီယာများမှ တဆင့် တုန့်ပြန် လိုက်ခြင်း ဖြစ်သည်။

ဝန်ကြီး ဦးအောင်ကို နုတ်ထွက်ပေးရေး တောင်းဆိုရာတွင် ဦးဆောင်ပါဝင်ခဲ့သူ ဦးတင့်လွင်ကလည်း ၎င်းတို့၏ တောင်းဆိုချက်များကို တစုံတရာ အကြောင်းပြန်ကြားခြင်း မရှိသဖြင့် ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင် သပိတ်စခန်းတခု ဖွင့်လှစ်နိုင်ရေး စီစဉ်လျက်ရှိကြောင်း၊ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှု မဟုတ်ကြောင်း၊ အမျိုးဘာသာ သာသနာအတွက် မလုပ်ပေးနိုင်သဖြင့် တောင်းဆိုခြင်းဖြစ်ကြောင်း၊ အာဏာရှင်ပုံစံပေါက်နေ၍ ထောက်ပြခြင်း ဖြစ်ကြောင်း၊ အစိုးရကို စော်ကာခြင်းမဟုတ်ဘဲ ဝန်ကြီးဌာန အမှားအယွင်းကို ထောက်ပြခြင်းဟု ဆိုသည်။

ထို့ပြင် အစ္စလာမ်ဘာသာကို အားပေးနေသည်ဟု ၎င်းကို စွပ်စွဲပြီး ရာထူးမှ နုတ်ထွက်ခိုင်းသည့် ကိစ္စမှာလည်း ရိုးသားမှု မရှိကြောင်း၊ ၎င်းတို့ စွပ်စွဲနေသည့် တမန်တော်နေ့ကို တနိုင်ငံလုံးတွင် ကျင်းပခွင့် ပြုနေသည်မှာ သာ/ယဉ် ဝန်ကြီးဌာန မဟုတ်ဘဲ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများက ခွင့်ပြုနေခြင်း ဖြစ်ကြောင်း သူရ ဦးအောင်ကိုက ရှင်းသည်။

Loading