မန်းစည်ပင် ရေပေးဝေရေးအဖွဲ့က ကောက်ခံနေသည့် အိမ်သုံးရေမီတာခကို လက်ရှိကောက်ခံနေသည့် နှုန်းထားမှ ၂ ဆကျော် တိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက ပြောသည်။
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီခန်းမတွင် ဇွန်လ ၂၆ ရက်က ပြုလုပ်ခဲ့သည့် ရေမီတာအခွန် ပြောင်းလဲခြင်းနှင့် ပတ်သက်သည့် ဆွေးနွေးပွဲတွင် စည်ပင်မှတာဝန်ရှိသူများက အသိပေးပြောဆိုခြင်း ဖြစ်သည်။
မန်းစည်ပင်ဌာနက ရေခွန်ကို သုံးလလျှင်တကြိမ် ကောက်ခံလျက်ရှိပြီး၊ လက်ရှိကောက်ခံနေသည့် ရေမီတာခနှုန်းထား (ရေခွန်) အိမ်သုံး ၁ ယူနစ်လျှင် ၈၅ ကျပ်ဖြစ်ပြီး၊ တိုးမြှင့်ကောက်ခံမည့် နှုန်းထားမှာ ၁ ယူနစ်လျှင် ကျပ် ၂၀၀ ဖြစ်ကြောင်း သိရသည်။
မန္တလေးမြို့တော်ဝန် ဦးရဲလွင်က “ ၈၅ ကျပ် နှုန်းထားအနိမ့်နဲ့ ပြည်သူကို ရေပုံမှန်မပေးနိုင်တဲ့ အခြေအနေမျိုး ရှိတာကြောင့် ရှိသင့်တဲ့နှုန်းထားတခုကို ပြောင်းလဲကောက်ခံခြင်း ဖြစ်ပါတယ်” ဟု ထိုဆွေးနွေးပွဲတွင် ပြောသည်။
ထို့အပြင် စီးပွားရေးသုံး ရေမီတာပါ တိုးမြှင့်ကောက်ခံမည်ဖြစ်ပြီး ၁ ယူနစ်လျှင် ယခင်က ၁၁၀ ကျပ်မှ ကျပ် ၂၆၀ အထိလည်းကောင်း၊ ပြည်တွင်းလုပ်ငန်းရှင်များ၏ စက်ရုံသုံးကို ၄၄၀ ကျပ်မှ ၆၆၀ ကျပ်၊ နိုင်ငံခြားလုပ်ငန်းရှင်များ၏ စက်ရုံသုံးကို ကျပ် ၈၈၀ မှ ကျပ် ၁၁၀၀ အဖြစ် ပြောင်းလဲကောက်ခံသွားမည်ဟု သိရသည်။
ယခုကောက်ခံမည့် နှုန်းထားသစ်ကို ၂၀၁၇ – ၂၀၁၈ ဘဏ္ဍာနှစ်စဖြစ်သည့် ဧပြီက ပြောင်းလဲသတ်မှတ်ခြင်းဖြစ်ရာ “ဧပြီ၊ မေ၊ ဇွန်” သုံးလအတွက် နှုန်းထားသစ်ဖြင့် စတင်ကောက်ခံသွားမည်ဟု မန်းစည်ပင်အခွန်ဌာနမှူး ဦးဝင်းမောင်က ပြောသည်။
မန်းစည်ပင် နယ်နိမိတ်တွင် မြို့နယ် ၆ မြို့နယ်ရှိပြီး၊ မန်းစည်ပင်၏ ရေပေးဝေရေးစနစ်ကို မြို့နယ် ၄ မြို့နယ်ကိုသာ ဖြန့်ဝေပေးနိုင်ပြီး၊ ထိုမြို့နယ်များ၌ ရေကို ၇၀ ရာခိုင်နှုန်းခန့်သာ ဖြန့်ဝေနိုင်သေးကြောင်း မန်းစည်ပင် ရေနှင့်သန့်ရှင်းမှု ဌာနမှူး ဒေါ်ခင်မေဌေးက ပြောသည်။ စည်ပင်ရေပေးဝေရေး ရရှိသည့် ၄ မြို့နယ်မှာ အောင်မြေသာစံမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ မဟာအောင်မြေမြို့နယ်နှင့် ချမ်းမြသာစည်မြို့နယ်တို့ ဖြစ်ကြသည်။
လက်ရှိကောက်ခံနေသည့် နှုန်းထားအရ အိမ်သုံးရေမီတာ ရယူသည့် အိမ်တအိမ်သည် ၃ လစာ ရေမီတာခ ပျမ်းမျှ ၅ ထောင်ကျပ်မှ ၂ သောင်းကျပ် ဝန်းကျင်ပေးဆောင်နေရကြောင်းနှင့် စီးပွားရေးသုံး ရေမီတာခကို သုံးစွဲမှုအလိုက်
၃ လတကြိမ်ကို ကျပ် ၅ သောင်းမှ ၁ သိန်းကျော် အထိ ပေးဆောင်ရကြောင်း မန္တလေးမြို့ခံများက ပြောသည်။
မန်းစည်ပင် ရေဖြန့်ဖြူးရေးလုပ်ငန်းအတွက် ၁ နှစ်လျှင်ငွေကျပ် သန်း ၅၂၀၀ ကျော် ကုန်ကျလျက်ရှိပြီး ပြည်သူများထံမှ ပြန်လည်ကောက်ခံရရှိငွေသည် ကျပ်သန်း ၁၅၀၀ ကျော်သာ ရရှိကြောင်း မန်းစည်ပင်အခွန် ဌာနမှုးဦးဝင်းမောင်က ပြောသည်။
ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် မဟာအောင်မြေမြို့နယ်တွင် နေထိုင်သည့် ဦးသက်ထွန်းဦးက “ကျနော်အိမ်ကို ရေမီတာလာဖတ်တဲ့ စာရေးက ကျနော်ကို နားလည်မှုယူရအောင်လို့ ပြောတယ်။ ကျသင့်တဲ့ ရေခွန်ရဲ့ တဝက်ကိုပဲ စည်ပင်ကိုဆောင်မယ်။ ကျန်တဲ့တဝက်ကို စာရေးနဲ့အိမ်ရှင် ပေါင်းယူမယ်ဆိုတဲ့ နားလည်မှုပါ။ အဲဒီလို မရိုးသားတဲ့ နည်းတွေကိုလည်း စစ်ဆေးဖို့လိုပါမယ်။ ဒါကြောင့် စည်ပင်က အခွန်တွေတော့ တိုးကောက်တယ် ဒါပေမယ့် အိတ်ပေါက်နဲ့ ဖားကောက်တာမျိုး မဖြစ်ဖို့ လိုပါတယ်” ဟု ပြောသည်။
တိုးမြှင့်ကောက်ခံပြီး ရရှိလာမည့်ရေမီတာခွန်များမှ ရေအရည်အသွေး ကောင်းမွန်ရေးနှင့် လာမည့် ၂၀၂၀ ခုနှစ်တွင် လက်ရှိရေဖြန့်ဖြူးနေသည့် မြို့နယ် ၄ မြို့နယ်၌ ၂၄ နာရီ ရေပေးဝေနိုင်ရေးနှင့် ၉၀ ရာခိုင်နှုန်းအထိ ရေဖြန့်ဖြူးပေးနိုင်ရေး လုပ်ငန်းများအတွက် အသုံးပြုသွားမည်ဟု သိရသည်။
ရေပေးရေးစနစ် မရသေးသည့် အမရပူရနှင့် ပြည်ကြီးတံခွန်မြို့နယ်တို့အတွက် နိုင်ငံတကာ အဖွဲ့အစည်းများ ဖြစ်သော အာရှဖွံ့ဖြိုးရေးဘဏ်၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ၊ AFD နှင့် EU တို့၏ အကူအညီများဖြင့် ဆောင်ရွက်သွားရန် စီစဉ်လျက်ရှိကြောင်း ရေနှင့်သန့်ရှင်းမှုဌာနက ပြောသည်။
လက်ရှိ မန္တလေးစည်ပင် နယ်နိမိတ်အတွင်း ရေမီတာ အလုံးပေါင်း ၉ သောင်းကျော် တပ်ဆင်ပြီးဖြစ်ပြီး၊ မြို့လူဦးရေ ၆ သိန်းကျော်ကို နေ့စဉ်ရေဂါလံပေါင်း ၃၈ သန်း ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။