သတင်း

အမေရိကန်က ထိုင်းစစ်တပ်ကို လက်နက်ရောင်းချတော့မှာလား

ထိုင်းဝန်ကြီးချုပ် ပရာယွဒ်ချန်အိုချာ ၏ အမေရိကန်ခရီးစဉ် မတိုင်မီ ထိုင်းစစ်တပ်သည် အမေရိကန် စစ်လက်နက်ပစ္စည်း စာရင်းများ ပြုစုလျှက်ရှိကြောင်း The Nation သတင်းက ဆိုသည်။

လာမည့် လနှောင်းပိုင်း ဝန်ကြီးချုပ် ပရာယွဒ် အမေရိကန်သမ္မတ အိမ်ဖြူတော်သို့ မထွက်ခွာမီ လုံလောက်သော သတင်း အချက်အလက် ရရှိရေး အတွက် စာရင်း အတိအကျ ပြုစုကြရန် စစ်ဘက်အကြီးအကဲများအား ဒုတိယ ဝန်ကြီးချုပ်နှင့် ကာကွယ်ရေး ဝန်ကြီး ပရာဝတ်ဝေါင်ဆူဝန် (Prawit Wongsuwan) က ယမန်နေ့က အမိန့် ထုတ်ပြန်ခဲ့သည်။

ထိုင်းစစ်ဘက်အရာရှိများအနေဖြင့် တရုတ်နိုင်ငံ အပေါ် စစ်လက်နက်ပစ္စည်း အတွက် အကြီးအကျယ် မှီခိုနေရသော်လည်း အမေရိကန် သမ္မတဒေါ်နယ်လ်ထရမ့် (Donald Trump) သည် ထိုင်းနိုင်ငံသို့ စစ်လက်နက် ပစ္စည်းများ တိုးမြှင့် ရောင်းချ လိမ့်မည် ဟု ကျယ်ကျယ်ပြန့်ပြန့် မျှော်လင့်နေသည်။

ကာကွယ်ရေး ဝန်ကြီးဌာန ပြောခွင့်ရသူ ဗိုလ်ချုပ် Kongcheep Tantrawanich ၏ အဆိုအရ ဝန်ကြီးချုပ် ပရာယွဒ်သည် အမေရိကန်သမ္မတ ထရမ့်နှင့် ဆွေးနွေးမည့် အကြောင်းအရာများအနက် တခုမှာ လွန်ခဲ့သော ဆယ်စုနှစ် အတွင်း အမေရိကန် နိုင်ငံက ထိုင်းနိုင်ငံကို ပံ့ပိုးခဲ့သော စစ်လက်နက်ပစ္စည်းများ အကြောင်း ဖြစ်ပြီး အနာဂတ် တွင် မည်သည့် စစ်လက်နက် ပစ္စည်းများ ရရှိနိုင်မည် ဟူသောကိစ္စကိုလည်း ဆွေးနွေးမည် ဖြစ်သည်ဟု သိရသည်။

သို့သော် ထိုင်းနိုင်ငံသည် အမေရိကန်နိုင်ငံမှ စစ်ဘက်ဆိုင်ရာ ပစ္စည်း ဝယ်ယူမှုများကို မကြာမီ သဘောတူရန် မျှော်လင့်နေ သည် ဟု ဆိုလိုခြင်း မဟုတ်ကြောင်း၊ လက်နက်အရောင်းအဝယ် ကိစ္စများကို စစ်ဘက်နှင့် အစိုးရအဖွဲ့သာမက ဝယ်ယူတဲ့ လုပ်ငန်းစဉ်ကိုပါ ထည့်တွက်ရကြောင်း ချက်ချင်းကြီး ထလုပ်လို့ မရကြောင်း ဗိုလ်ချုပ် Kongcheep Tantrawanich က ပြောသည်။

“ထိုင်းနိုင်ငံဟာ သေနင်္ဂဗျူဟာ အရ ဘာတွေ လိုတယ် ဆိုတာ စာရင်းပြုစုပြီး ဝန်ကြီးချုပ် ခြုံငုံသုံးသပ်နိုင်အောင် ပေးပို့ရတာဟာ လုပ်ရိုးလုပ်စဉ်ပဲ ဖြစ်ပါတယ်။ တခြားဌာနတွေလည်း ဒီလိုပဲ လုပ်ရတာပါ” ဟုလည်း ၎င်းက ဆက်ပြောသည်။

ထိုင်းနိုင်ငံသည် အမေရိကန်မှ မည်သည့် စစ်လက်နက်ပစ္စည်းများ မျှော်လင့်နေသည်ကို ပြောခွင့်ရသူက ရှင်းပြခြင်း မရှိဘဲ ထိုကိစ္စသည် ဒေသတွင်း လုံခြုံရေး အခြေအနေနှင့် စီးပွားရေးအခြေအနေကဲ့သို့ သော အခြေနေအများအပြား အပေါ် မူတည်ပြီး၊ အမေရိကန်နိုင်ငံသည် ပြုပြင်ထိန်းသိမ်းရေး၊ အပိုပစ္စည်း အစိတ်အပိုင်းများနှင့် အခြားသော အခြေအနေများနှင့် ပတ်သက်လျှင် တင်းတင်းကျပ်ကျပ် လုပ်တတ်သည် ဟုလည်း ၎င်းက ဆိုသည်။

ထိုကိစ္စကို ဖြေရှင်းရန်နှင့် ထိုင်းနိုင်ငံ အပေါ် ပြည်ပသြဇာ ပြန်လည် ချိန်ညှိရန် စစ်တပ်သည် တရုတ်စစ် လက်နက်ပစ္စည်း များကို ဝယ်ယူခဲ့ရကြောင်း ရှင်းပြသည်။

“ပြုပြင်ထိန်းသိမ်းရေး၊ အပိုပစ္စည်းနဲ့ နည်းပညာပံ့ပိုးပေးရေး ဒါတွေကို ကျနော်တို့ အမေရိကန်နိုင်ငံနဲ့ ဆွေးနွေးခဲ့တယ်။ ဒါတွေကို တရုတ်နဲ့လည်း ဆွေးနွေးတယ်” ဟု ၎င်းက ဆက်ပြောသည်။

သို့သော် ထိုင်းနိုင်ငံသည် အမေရိကန်နိုင်ငံနှင့် စတင် ဆက်ဆံခဲ့ပြီး အမေရိကန်နိုင်ငံမှ ဝယ်ယူထား သော စစ်လက်နက် ပစ္စည်းများကို အသုံးပြုနေဆဲ ဖြစ်သည် ဟုလည်း ၎င်းက ပြောသည်။

“သူတို့ဆီက စစ်လက်နက်ပစ္စည်းတွေ လိုချင်တယ် လို့ အမေရိကန် သံအမတ်ကို ပြောလိုက်တယ်။ သဘောတူညီချက် မူဘောင်ကို စဉ်းစားမယ်။ ဘာပဲဖြစ်ဖြစ် ထိုင်းစစ်တပ်ကို အမေရကန်ပုံစံနဲ့ တည်ဆောက်ခဲ့တာပဲ လေ” ဟုလည်း ၎င်းက ပြောသည်။

ထိုင်းနိုင်ငံသည် အမေရိကန်၏ မဟာမိတ် ဖြစ်ပြီး မကြာသေးမီ ကာလအထိ အမေရိကန် စစ်လက်နက် ပစ္စည်းများကိုသာ မှီခိုခဲ့သော်လည်း စစ်အာဏာသိမ်းမှု ၂ ကြိမ်အပြီး သံတမန် ဆက်ဆံရေး ဆိုးရွားလာခဲ့သည်။

အမေရိကန် စစ်လက်နက်ပစ္စည်းများ ဝယ်ယူရန် ထိုင်းအစိုးရက နောက်ဆုံးအကြိမ် ခွင့်ပြုခဲ့သည်မှာ လွန်ခဲ့သော ၁၅ နှစ် ၂၀၀၂ ခုနှစ်က ဖြစ်ပြီး ဘလက်ဟော့ ရဟတ်ယာဉ်များ ဝယ်ရန် စစ်တပ်ကို ဘတ် ၁ ဒသမ ၂၆ ဘီလီယံ ခွင့်ပြုခဲ့သည်။

ထိုင်းနိုင်ငံသည် အမေရိကန်နှင့် ကုန်သွယ်ရာတွင် နှစ်ပေါင်းများစွာ ပိုငွေပြနေခြင်း အတွက် ထရမ့် အစိုးရက ထိုင်းနိုင်ငံကို မကြာသေးမီက ဝေဖန်ခဲ့သော်လည်း လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေးတို့နှင့် ပတ်သက်လျှင် ယခင်အစိုးရ ထက် ပိုမို ပျော့ပျောင်းပုံ ရသည်။ ဇွန်လက ဖုန်းဖြင့် ဆက်သွယ်မိတ်ဆက် ရာတွင် သမ္မတ ထရမ့်က ဝန်ကြီးချုပ် ပရာယွဒ်ကို အိမ်ဖြူတော်သို့ ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်သည်။

Loading