ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ပြုလုပ်ခဲ့သော ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ ဒုတိယအကြိမ် ညီလာခံ နောက်ဆုံးနေ့တွင် ချင်းမိုင်အခြေစိုက် သတင်းထောက်များက သတင်းမယူဘဲ သပိတ်မှောက်ခဲ့မှုနှင့် ပတ်သက်၍ UNFC က ဇွန်လ ၂၇ ရက်နေ့တွင် ပြန်လည် ရှင်းလင်း ခဲ့သည်။
UNFC က ၎င်းတို့၏ ညီလာခံတွင် သတင်းယူခွင့် တင်းကြပ်မှု၊ သတင်းထောက်များကို မချေမငံ ဆက်ဆံမှုများနှင့် ပတ်သက်၍ ချင်းမိုင် အခြေစိုက် သတင်းထောက်များက UNFC ညီလာခံ နောက်ဆုံးနေ့ကို သတင်းယူခြင်းမပြုဘဲ သပိတ်မှောက်ခဲ့မှုအပေါ် တုန့်ပြန် ရှင်းလင်းခဲ့ကာ မေတ္တာရပ်ခံခဲ့ခြင်း ဖြစ်သည်။
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် UNFC က ဦးဆောင် ပြုလုပ်သော အပစ်ရပ် လက်နက်ကိုင် အဖွဲ့အစည်းများ၊ တိုင်းရင်းသား နိုင်ငံရေးပါတီများ၊ လူထုအခြေပြုအဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးပွဲတွင် UNFC အထွေထွေအတွင်းရေးမှူး ခူဦးရယ် က “သတင်းမီဒီယာလုပ်ဆောင်နေတဲ့ ညီအကို မောင်နှမတွေကို မေတ္တာရပ်ခံလိုတာကတော့ ပြည်သူလူထုကို သတင်းပေးတဲ့ အခါမျိုးတွေမှာ အတိမ်းအစောင်း အထင်အမြင် တမျိုးတစ်ဖုံ ဖြစ်မသွားရလေအောင် ဆင်ခြင်ပေးနိုင်ဖို့ အနည်းငယ် တင်းကြပ်မှုတွေ လုပ်ရတာဖြစ်ပါတယ်။ ကျနော်တို့ လုံး၀ သတင်းမပေးဘူး ဆိုတဲ့ အနေအထားမျိုးမဟုတ်ပါဘူး” ဟု ပြောသည်။
UNFC က သတင်းထောက်များကို လွတ်လပ်စွာ သတင်းရယူခွင့်အား ပိတ်ပင်ခြင်းမဟုတ်ကြောင်း ဝန်ထမ်း အချို့၏ ဆက်ဆံပုံကြောင့် အဆင်မပြေမှုရှိကောင်း ရှိနိုင်သော်လည်း အလုပ်သဘောအရ အပြန်အလှန်နားလည်ပေးရန် မေတ္တာရပ်ခံကြောင်း ၎င်းက ရှင်းပြသည်။
“လက်ရှိ နိုင်ငံရေးအခင်းအကျင်းဟာ အင်မတန်မှ ဆင်ဆင်ခြင်ခြင်နဲ့ ပြောဆိုလုပ်ဆောင်ကိုင်တွယ်ရမယ့် အခြေအနေကို ရောက်နေပါတယ်။ ဒါဟာ ကျနော်တို့ UNFC မှ မဟုတ်ပါဘူး။ တနိုင်ငံလုံး အတိုင်းအတာ အနေနဲ့ ဒီအခက်အခဲတွေကို ဆိုင်ရာဆိုင်ရာ အသင်းအဖွဲ့တိုင်းက ကြုံနေရတဲ့ ကိစ္စဖြစ်ပါတယ်” ဟု ခူဦးရယ်က ထပ်၍ ရှင်းပြသည်။
UNFC အနေဖြင့် ပြဿနာများကို သိရှိသွားပြီး ပြေပြေလည်လည် တုန့်ပြန်ဖြေရှင်းလာမှု အပေါ် ကြိုဆိုကြောင်း ချင်းမိုင် အခြေစိုက် သတင်းထောက် ဦးအောင်မိုးမြင့် က ဧရာဝတီသို့ ပြောသည်။
ဦးအောင်မိုးမြင့် က “သူတိုု့ (UNFC) ဒီနေ့ အဲဒီလိုမျိုး ပြန်ဖြေရှင်းပေးတာလည်း ကောင်းပါတယ်။ အဓိကကတော့ ကျနော်တို့ မီဒီယာ တွေကို မီဒီယာလိုမြင်ပြီး တဖက်နဲ့တဖက် အပြန်အလှန် လေးစားဆက်ဆံပေးဖို့လိုတာပါပဲ” ဟု ဆိုသည်။
UNFC ဒုတိယ အကြိမ် ညီလာခံကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ဇွန်လ ၂၀ ရက်နေ့က စတင်ကျင်းပခဲ့ပြီး ဇွန်လ ၂၆ ရက်နေ့ တွင် ပြီးဆုံးခဲ့သည်။
ထိုအစည်းအဝေးပထမနေ့တွင် ချင်းမိုင်အခြေစိုက် သတင်းထောက်များက ညီလာခံတွင် ဆွေးနွေးဆုံးဖြတ်မည့် UNFC မှ နှုတ်ထွက်ခွင့် တင်ထားသော အဖွဲ့များ၊ အဖွဲ့ဝင်အသစ်လျှောက်ထားသည့် အဖွဲ့များနှင့် UNFC ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကိစ္စရပ်များနှင့်ပတ်သက်၍ သတင်းထုတ်ဖော်ရေးသားခဲ့ကြသည်။
ဒုတိယနေ့မှစ၍ ညီလာခံ၌ သတင်းယူခွင့် တင်းကြပ်ခြင်း၊ ညီလာခံခန်းမအနီး မကပ်ရန် ဖိအားပေး ပြောဆိုခြင်းများ ပြုလုပ်ခဲ့သည်။ ထိုသို့ပြုလုပ်ခဲ့ခြင်းနှင့် ပတ်သက်၍ ချင်းမိုင်အခြေစိုက် သတင်းထောက်များက ညီလာခံနောက်ဆုံးနေ့ကို သတင်းယူခြင်းမပြုရန် သပိတ်မှောက်ခဲ့ခြင်းဖြစ်သည်။