ကချင်ပြည်နယ်၊တနိုင်းဒေသသို့ ကုန်စည်ရိက္ခာများ တင်ပို့နေမှုအပေါ် တပ်မတော်က ပိတ်ပင်တားဆီးနေခြင်းကို ဖယ်ရှားပေးရန်နှင့် လွတ်လပ်စွာသယ်ယူပို့ဆောင်ခွင့်ပေးရန် တနိုင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းလင်းဦးက ယနေ့ကျင်းပသည့် လွှတ်တော်အစည်းအဝေးတွင် တောင်းဆိုသည်။
“၂၀၁၆ ဧပြီလလောက်ကစပြီး တနိုင်းနယ်က နန်းယွန်းဘက်ကိုတင်ပို့တဲ့ဆန်တွေကို တပ်မတော်ပိုင်းက စိစစ်လာတယ်။ နိုဝင်ဘာလမှာတော့ ဖားကန့်မြို့နယ်မှာရှိတဲ့ တပ်မတော်တပ်ရင်းတခုက လုံးဝပိတ်ပင်တားဆီးလိုက်တယ်။ ခွင့်ပြုချက်လုပ်ပေးမှပဲ သယ်ယူခိုင်းတဲ့အနေအထားဖြစ်တယ်” ဟု ဦးလင်းလင်းဦးက လွှတ်တော်တွင်ပြောဆိုသည်။
မြစ်ကြီးနား – နမ္မတီး – တနိုင်း – နန်းယွန်း – ပန်ဆောင်လမ်း (ဒေသအခေါ် လီဒိုလမ်း) ပေါ်ရှိ ဖားကန့်မြို့နယ်၊ ဒွန်ဘန်ကျေးရွာတွင် အခြေစိုက်သည့် တပ်မတော်တပ်ရင်းက ဆန်၊ စက်သုံးဆီအမျိုးမျိုးတို့ တင်ပို့မှုအပေါ် ပိတ်ပင်တားဆီးနေမှုကို အမြန်ဆုံးဖယ်ရှားပေးပါရန်နှင့် ကုန်စည်များ လွတ်လပ်စွာသယ်ယူခွင့်ပြုပါရန် မေတ္တာရပ်ခံ တင်ပြသည့်စာကို ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ ပေးပို့ခဲ့ကြောင်း သိရသည်။
ကာကွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ထိုဒေသသို့ဝင်ရောက်နေသည့် ဆန်၊ စက်သုံးဆီများသည် ဒေသလိုအပ်ချက်ထက် ပိုမိုတင်သွင်းနေသည်ဟု မြစ်ကြီးနားခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက တွက်ချက်တင်ပြခဲ့ကြောင်းနှင့် ပိုမိုတင်သွင်းခဲ့သည့် ဆန်၊ စက်သုံးဆီများမှာ ကချင်လွတ်မြောက်ရေးအဖွဲ့(KIO/KIA) ထိန်းချုပ်ရာ ဒေသများသို့ နည်းလမ်းမျိုးစုံနှင့် ဝင်ရောက်လျက်ရှိသည်ဟု ယနေ့လွှတ်တော်တွင် ပြန်လည်ရှင်းလင်းသည်။
ထိုဒေသသည် အစိုးရထိန်းချုပ်ကွပ်ကဲမှု အားနည်းသဖြင့် တရားမဝင် ရွှေတူးဖော်ခြင်း၊ တရုတ်နိုင်ငံသားများ ဝင်ရောက်နေခြင်း၊ ကမ္ဘာ့အကြီးဆုံး ကျားထိန်းသိမ်းရေးနယ်မြေနှင့် သဘာဝပတ်ဝန်းကျင်ကို ခြိမ်းခြောက်နေမှုများ ရှိနေကြောင်း ဒုဝန်ကြီးဗိုလ်ချုပ်မြင့်နွယ်က ထောက်ပြသည်။
ထိုအခြေအနေများသည် နိုင်ငံတော်၏ အကျိုးစီးပွားဖွံ့ဖြိုးရေးထက် KIO/KIA အဖွဲ့အတွက် ဆက်ကြေးငွေ အမြောက်အခြား ရရှိနေခြင်းတို့ကြောင့် ကချင်ပြည်နယ် အစိုးရအဖွဲ့သို့အသိပေး၍ တနိုင်း၊ နန်းယွန်း၊ ရှင်ဗွေယန် မြို့နယ်များသို့ ဒေသလိုအပ်ချက်ထက် ပိုမိုတင်သွင်းနေသည့် ဆန်နှင့် စက်သုံးဆီများကို တားဆီးထိန်းချုပ်ရခြင်းဖြစ်ကြောင်း ဒုဝန်ကြီးဗိုလ်ချုပ်မြင့်နွယ်က ရှင်းပြသည်။
“ဆန်နဲ့ စက်သုံးဆီတွေကို တနိုင်းမြို့နယ်ထွေအုပ်ရဲ့ တွက်ချက်မှုနဲ့ တင်သွင်းခွင့်ပေးနေပါတယ်။ ဒေသလိုအပ်ချက်ထက် ပိုသွင်းတဲ့ ဆန်နဲ့စက်သုံးဆီကိုပဲ နယ်မြေလုံခြုံရေး အခြေအနေအရ စိစစ်ဆောင်ရွက်ခြင်း ဖြစ်ပါတယ်” ဟု ဒုဝန်ကြီးက ဗိုလ်ချုပ်မြင့်နွယ်က ဆိုသည်။
တနိုင်းဒေသသို့ ကုန်စည်ရိက္ခာများ တင်ပို့နေမှုအပေါ် ပိတ်ပင်တားဆီးထားသည်မှာ ၇ လ ကျော်ပြီဖြစ်ကြောင်း၊ မြို့နယ်ထွေအုပ်၏တွက်ချက်မှုဖြင့် တင်ပို့ခွင့်ပြုသည်ဟု ဒုဝန်ကြီးကပြောဆိုသော်လည်း မေလအတွက်ကုန်စည်မှာ တနိုင်းမြို့သို့ ရောက်မလာသေးကြောင်း၊ ထို့အတွက် ကုန်ဈေးနှုန်း မတည်ငြိမ်ဖြစ်နေကြောင်း၊ KIO အဖွဲ့ကို အကြောင်းပြ၍ လီဒိုလမ်းမကြီး ပိတ်ထားခြင်းမှာလည်း အဆင်မပြေကြောင်း တနိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးလင်းလင်းဦးက ထပ်မံ၍ မေးခွန်းထုတ်ခဲ့သည်။
ဦးလင်းလ်င်းဦးက “အခုဒုဝန်ကြီးဖြေသွားတဲ့ ဖြေကြားချက်တွေဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ သဘောထားလား။ နောက်တခုက ဒီလိုလီဒိုလမ်းမပေါ်မှာ သယ်ယူခွင့်ကန့်သတ်တာကို ပြည်ထောင်စုအစိုးရရဲ့ ဆုံးဖြတ်ချက် တစုံတရာ ပါရှိထားပါလား။ အကယ်၍ မပါရှိထားဘူးဆိုရင် ဒီဆန်၊ ဆီပိတ်တဲ့ ကိစ္စရပ်ကို နည်းနည်းလေး စဉ်းစဉ်းစားစားဆောင်ရွက်ပေးဖို့ လွှတ်တော်ကတဆင့် တင်ပြလိုပါတယ်” ဟု ပြန်လည် မေးမြန်းသည်။
တပ်မတော်က ဒေသအာဏာပိုင်များ စိုးမိုးမှုမရှိသည့် KIO/KIA ထိန်းချုပ်မှု မရှိသည့် နေရာများတွင်သာ ဝင်ရောက်ဆောင်ရွက်ခြင်းဖြစ်ပြီး ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နှင့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ညီညီဆွေတို့က နယ်မြေထိန်းသိမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ပြန်လည် ရှင်းလင်းသည်။
ကချင်ပြည်နယ် အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ်ဦးဇော်ဝင်းက ယခုနှစ်၊ မတ်လ ၂၉ ရက်တွင် တနိုင်းမြို့နယ်သို့ စက်သုံးဆီ ကုန်တင်ကားများ၊ ဆန်ကုန်တင်ကားများ လွတ်လပ်စွာ သယ်ယူရောင်းချခွင့်ပြုပါရန် တောင်းဆိုသည့်အဆိုကို ပြည်နယ်လွှတ်တော်သို့ တင်ပြခဲ့ရာ လွှတ်တော်က အတည်ပြုပေးခဲ့သော်လည်း လက်တွေ့တွင် ကချင်ပြည်နယ် အစိုးရအဖွဲ့က ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။