ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အနက် တရားမဝင် နေထိုင်လုပ်ကိုင်သူများအား မြန်မာနိုင်ငံသို့ ပြန်ကြရန် ဘန် ကောက်ရှိ မြန်မာသံရုံး က အသိပေး ညွှန်ကြားထားကြောင်း သိရသည်။
ထိုင်းနိုင်ငံ၌ အသစ်ထုတ်ပြန်လိုက်သည့် အလုပ်သမား ဥပဒေသစ်တွင် တရားမဝင် အလုပ်သမားများအတွက် ကြီးလေး သည့် ပြစ်ဒဏ်များ ထည့်သွင်းထားခြင်းကြောင့် ထိုင်းနိုင်ငံအတွင်း၌ တရားမဝင်နေထိုင်သည့် မြန်မာနိုင်ငံသားများ အနေ ဖြင့် မိမိနိုင်ငံသို့ ပြန်ကြပြီး တရားဝင် MOU စနစ် ဖြင့် ပြန်လာကြရန် ဘန်ကောက်ရှိ မြန်မာသံရုံးက ဇွန်လ ၂၆ ရက်နေ့ ရက်စွဲ ဖြင့် ကြေညာချက်ထုတ်၍ အသိပေး နှိုးဆော်ထားသည်။
ထိုင်းအလုပ်သမား ဥပဒေသစ်အား ဇွန်လ ၂၀ ရက်နေ့က ထုတ်ပြန်ခဲ့ပြီး ထိုဥပဒေအရ ထိုင်းနိုင်ငံတွင်း၌ တရား မဝင်နေ ထိုင်သူများအား ဒဏ်ငွေ ဘတ် ၂ ထောင်မှ ဘတ် ၄ သိန်း သို့မဟုတ် ထောင်ဒဏ် ၅ နှစ်ဖြစ်စေ၊ ငွေဒဏ်နှင့် ထောင်ဒဏ် နှစ်ရပ်စလုံးကို ဖြစ်စေ တပေါင်းတည်း ကျခံနိုင်သည်ဟု ပါရှိကြောင်း ရွှေ့ပြောင်း အလုပ်သမားအခွင့်အရေး ကွန်ရက် (MWRN ) ဒု ဥက္ကဌ ဦးအောင်ကျော် က ဧရာဝတီ ကို ပြောသည်။
၎င်းက “တရားမဝင်တွေ ပပျောက်စေချင်တဲ့အတွက် ယခင်က ရှိထားတဲ့ အလုပ်သမား ဥပဒေကို ပြင်ဆင်ပြီးတော့ ပြစ်ဒဏ် တွေ တိုးမြှင့်လိုက်တာပါ၊ လက်ရှိ ပြစ်ဒဏ်တွေက တကယ်ကြီးလေးတဲ့အပြင် စတင် ကျင့်သုံးနေပြီ၊ အဲဒါကြောင့် တရားမ ဝင်မြန်မာတွေအနေနဲ့ ကိုယ့်နိုင်ငံကို ပြန်မယ့် နည်းလမ်းကလွဲရင် ရွေးချယ်စရာ မရှိတော့ဘူး၊ တရားမဝင်ကတော့ ၁ သန်း ဝန်းကျင်ရှိတယ်” ဟု ဆိုသည်။
ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေသူ အားလုံးသည် ၂၀၁၈ ခုနှစ်တွင် တရားဝင် MOU အလုပ်သမားများ ဖြစ်ရမည်ဟု အာဏာသိမ်း ထိုင်းစစ်အစိုးရက သတ်မှတ်ထားကြောင်း၊ ထို့ကြောင့် အလုပ်သမား ဥပဒေကို ပြင်ဆင်၍ ကန့်သတ်မှုများ လုပ်ဆောင်နေပြီး လက်ရှိတွင် ကျင့်သုံး ဖမ်းဆီးမှုများ လုပ်ဆောင်ပြီ ဖြစ်ကြောင်း အလုပ်သမား အရေး ဆောင်ရွက်သူများ က ဧရာဝတီ ကို ပြောသည်။
ထို့အတူ တရားမဝင် အလုပ်သမားအား လက်ခံထားသည့် အလုပ်ရှင်များအတွက် ပြစ်ဒဏ်ကိုပါ တိုးမြှင့်ထားပြီး အကယ်၍ တရားမဝင် အလုပ်သမားအား လက်ခံ အလုပ်ပေးထားပါက ထိုအလုပ်ရှင်သည် အလုပ်သမား တဦးစီ အတွက် ထိုင်းဘတ် ငွေ ၄ သိန်းမှ ၈ သိန်း အထိ ပေးဆောင်ရမည်ဟု ပါဝင်ကြောင်း ဦးအောင်ကျော် က ပြောသည်။
ထိုင်းနိုင်ငံ၌ မြန်မာနိုင်ငံသား တရားမဝင်နေထိုင်သူ သန်းချီရှိနေသည့်အတွက် ထိုလူအားလုံးသည် မြန်မာနိုင်ငံသို့ ရုတ်တ ရက် ပြန်ရန် မဖြစ်နိုင်ကြောင်း၊ ထိုကြောင့် မြန်မာအစိုးရ အနေဖြင့် ဖြစ်နိုင်ခြေ နည်းလမ်းတခုကို စီစဉ်ဆောင်ရွက် ပေးသင့် ကြောင်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့ (MAT) ဒါရိုက်တာ ဦးကျော်သောင်း က ဧရာဝတီ ကို ပြောသည်။
ထိုင်းဥပဒေသစ်အရ အလုပ်သမားတိုင်းသည် တရားဝင် အလုပ်လုပ်ခွင့် ပါမစ်နှင့် အလုပ်ရှင် ရှိရမည်ဟု ပါရှိကြောင်း၊ သို့ သော် တနိုင်တပိုင် ဈေးရောင်းစားနေသူများ၊ တခြားကိုယ်ပိုင် အလုပ် လုပ်နေသူများတွင် ပိုင်ရှင်အမည်မရှိကြောင်း၊ ထို့ ကြောင့် ၎င်းတို့ကိုပါ ဖမ်းဆီးနိုင်သည့်အတွက် အကာအကွယ် ရရှိရန် မြန်မာအစိုးရ အနေဖြင့် ဆောင်ရွက်ပေးသင့်ကြောင်း ဦးကျော်သောင်း က ပြောဆိုသည်။
၎င်းက “တရားဝင်နေထိုင်လုပ်ကိုင်နေပေမယ့် အလုပ်ရှင်နာမည်နဲ့ အလုပ်လုပ်ခွင့် ပါမစ်မရှိလို့ ဖမ်းဆီးရှာဖွေတော့မယ် ဆိုရင် သူတိုရဲ့ ပိုင်ဆိုင်မှု ပစ္စည်းတွေကိုတော့ အသိမ်းမခံရ အောင် မြန်မာအစိုးရက စီစဉ်ပေးသင့်တယ်၊ ပါမစ် မရှိရင် အိမ်ပြန်ကြပါ ဆိုတာလောက်နဲ့ မလုံလောက်ပါဘူး” ဟု ဆိုသည်။
မြန်မာသံရုံးကမူ တရားဝင် အလုပ် လုပ်ခွင့်မရှိသူများ အားလုံး ပြန်၍ MOU ဖြင့် လာရန် အသိပေးနှိုးဆော်ထားပြီး၊ လက်ရှိ ကိုင်ဆောင်ထားသည့် နိုင်ငံကူး လက်မှတ်၊ ပန်းရောင်ဘတ်ကတ်ရှိသူများ အနေဖြင့်လည်း မိမိတို့ အလုပ်ရှင် အမည်နှင့် အလုပ်လုပ်ခွင့် ပါမစ်များ ပြုလုပ်ထားကြရန် သံရုံးက နှိုးဆော်ထားသည်။
အလုပ်သမား ဥပဒေသစ်အား ပြင်ဆင်အတည်ပြုပြီးနောက် ထိုင်းနိုင်ငံအတွင်းရှိ တရားမဝင် အလုပ်သမားများအား ဖမ်းဆီး မှုများ ဆက်တိုက်လုပ်ဆောင်နေပြီး ယခုရက်ပိုင်းအတွင်း ဖမ်းဆီးထားသည့် တရားမဝင် မြန်မာနိုင်ငံသား ၅၀၀ ဝန်းကျင်ရှိ ကြောင်းလည်း သံရုံးက ထုတ်ပြန်ထားသည်။
သို့သော် ထိုင်းဘာသာစကာများနှင့် တင်ဆက်နေသည့် ထိုင်းရုပ်သံ မီဒီယာများက ပြောဆိုကြရာတွင် ဇွန်လ ၂၀ ရက်နေ့မှ ၂၅ ရက်နေ့အထိ ဖမ်းဆီးထားသူ မြန်မာနိုင်ငံသားပေါင်း ၃၀၀၀ ဝန်းကျင် အထိ ရှိနေပြီ ဖြစ်ကြောင်း၊ ဖမ်းဆီးမှု အများဆုံး နေ ရာသည် ရွှေ့ပြောင်းအများစု နေထိုင်သည့် မဲဆောက်၊ မဟာချိုင်၊ ဘန်ကောက် စသည်တို့ ဖြစ်ကြောင်း ထိုင်းရောက် မြန်မာများ က ပြောသည်။
ထိုင်းနိုင်ငံ၌ မြန်မာနိုင်ငံသား ၄ သန်းဝန်းကျင်ရှိသည့် တရားဝင် အလုပ်လုပ်ခွင့် ပါမစ်ဖြင့် နေထိုင်သူဦးရေသည် ၁ ဒသမ ၇ သန်း ကျော်သာရှိကြောင်း မြန်မာသံရုံးက ပြောဆိုထားသည်။
တခြားသူများသည် တရားဝင် နေထိုင်ခွင့် ကတ်အမျိုးမျိုး ကိုင်ဆောင်ထားကြပြီး လုံး၀ အထောက်အထား မရှိသူ ဦးရေ သည်လည်း ၁ သန်းကျော် ရှိကြောင်း အလုပ်သမား အရေး ဆောင်ရွက်နေသူများက ပြောသည်။
ထိုင်းနိုင်ငံ၌ တရားမဝင် နေထိုင် လုပ်ကိုင်နေသည့် အလုပ်သမားများသည် မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား စသည့်နိုင်ငံများ မှ ဖြစ်ပြီး အများဆုံးသည် မြန်မာနိုင်ငံမှ ဖြစ်ကြောင်း သိရသည်။