မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အတွင်း တည်ဆောက်ထားသည့် ကျောက်မီးသွေးလောင်စာသုံး MCL ဘိလပ်မြေစက်ရုံအား သဘာဝပတ်ဝန်းကျင် ဆန်းစစ်မှုများ လစဉ်စစ်ဆေးပြီး အစီရင်စာတင်ပေးရန် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပြည်ထောင်စုဝန်ကြီးက မွန်ပြည်နယ်အစိုးရအဖွဲ့ကို ညွှန်ကြားလိုက်သည်။
မွန်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက
“ အဓိကညွှန်ကြားတာက လစဉ်စစ်ဆေးပြီး အစီရင်ခံတင်ပေးရမယ်ပေါ့၊ အဲဒီလို ညွှန်ကြားသွားတယ်” ဟု ဆိုသည်။
တစ်နေ့လျှင် တန်ချိန် ၅၀၀၀ ထုတ်လုပ်နိုင်သည့် MCL ဘိလပ်မြေစက်ရုံကို ကျိုက်မရောမြို့နယ် ကော့ဒွန်း-ကော့ပနော ကျေးရွာအနီးတွင် တည်ဆောက်ထားခြင်းဖြစ်ပြီး၊ ထိုဘိလပ်မြေစက်ရုံ၌ ကျောက်မီးသွေးလောင်စာ အသုံးပြုနေခြင်းအပေါ် ဒေသခံများက ကန့်ကွက်နေကြခြင်း ဖြစ်သည်။
ကော့ပနောကျေးရွာသား ပျားတောင်ဒေသဖွံ့ဖြိုးရေးအဖွဲ့မှ ဦးရွှေဝင်းက “စက်ရုံကြီးကို ပိတ်ပစ်ဖို့ မဟုတ်ပါဘူး။ ကျောက်မီးသွေးကို လုံးဝအလိုမရှိဘူးဆိုတဲ့ တောင်းဆိုမှုကိုသာ နေရာတိုင်းမှာ ကျနော်တော်တို့ အမြဲတောင်းဆို နေပါတယ်။ သူတို့က ကျောက်မီးသွေးသုံးနေတာကို မလဲသုံးပေးဘူးဆိုရင် ကျနော်တို့ရှေ့ဆက်ပြီး ဆန္ဒပြပွဲတွေကို လုပ်ဆောင်သွားမယ်” ဟု ပြောသည်။
MCL ဘိလပ်မြေစက်ရုံတွင် ကျောက်မီးသွေး လောင်စာအသုံးပြု၍ လျှပ်စစ်ဓါတ်အား ထုတ်လုပ်နေမှုကြောင့် ပတ်ဝန်းကျင်နှင့် ပြည်သူများ ထိခိုက်မှုရှိမရှိနှင့် စက်ရုံလည်ပတ်နေမှု အခြေအနေများကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ဇွန်လ ၂၄ ရက်တွင် MCL ဘိလပ်မြေစက်ရုံသို့ လာရောက်စစ်ဆေးပြီးနောက် အထက်ပါကဲ့သို့ ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။
MCL ဘိလပ်မြေစက်ရုံကို စီးပွားဖြစ် လုပ်ငန်းစတင်လည်ပတ်ချိန်မှစ၍ အနှစ် ၅၀ လည်ပတ်လုပ်ကိုင်ရန် မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံ့မှု ကော်မရှင်နှင့် စာချုပ်ချုပ်ဆိုထားပြီး တရားဝင်လုပ်ငန်း လည်ပတ်မှုကို ၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်တွင် စတင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုစက်ရုံစီမံကိန်း စတင်အကောင်အထည်ဖော်ရန် လာရောက်ညှိနှိုင်းစဉ်က ဘိလပ်မြေစက်ရုံ တည်ဆောက်ပြီး ဒေသခံများအတွက် အလုပ်အကိုင် အခွင့်အလမ်း ရရှိစေပြီး၊ ဒေသဖွံ့ဖြိုးလာစေရန် ရည်ရွယ်ချက်ဖြင့် ဒေသခံများက လက်ခံခဲ့ခြင်းဖြစ်ဟု ဒေသခံများက ပြောသည်။
သို့သော် ၂၀၁၅ ခုနှစ်အတွင်း စက်ရုံ စမ်းသပ်လည်ပတ်ချိန်မှသာ ကျောက်မီးသွေးလောင်စာ အသုံးပြု လုပ်ကိုင်မည်ဖြစ်ကြောင်း ဒေသခံများသိရှိ၍ ယခုကဲ့သို့ ကန့်ကွက်နေခြင်းဖြစ်သည်ဟု ကျိုက်မရောမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်နှင့် ဒေသခံများက ဧရာဝတီကို ပြောဆိုသည်။
ဘိလပ်မြေစက်ရုံ၏ မီးခိုးတိုင်မှ ထွက်ရှိလာသည့် ဆလဖာဒိုင်အောက်ဆိုက်၊ နိုက်ထရိုဂျင် အောက်ဆိုက်နှင့် အခြားအမှုန်အမွှားများကို တိုင်းတာစစ်ဆေးနိုင်ရန် လိုအပ်သည့် မြေထု၊ ရေ၊ လေထုနှင့် အသံတုန်ခါမှု တိုင်းတာရန်အတွက် ကျပ်သိန်း ၇၅၀ တန်ဖိုးရှိ စက်ပစ္စည်းများ ဝယ်ယူသွားရန်ရှိကြောင်း ဝန်ကြီးဒေါက်တာ မင်းကြည်ဝင်းက ပြောသည်။
MCL ဘိလပ်မြေစက်ရုံထွက် ဘိလပ်မြေများကို ရန်ကုန်သို့ တန်ချိန် ၃၅၀၀ နှင့် ကျန်ရှိသည်များကို မော်လမြိုင် ဈေးကွက်သို့ ဖြန့်ချိနေကြောင်း ကျိုက်မရောမဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် မင်းအောင်မွန်က ပြောသည်။
ထိုသို့ပြောဆိုမှုများနှင့် ပတ်သက်ပြီး MCL ကုမ္ပဏီ၏ အလုပ်အမှုဆောင်အရာရှိ ဦးဇော်လွင်ဦးကို ဧရာဝတီက ဖုန်းဖြင့်ဆက်သွယ်မေးမြန်းသော်လည်း ပြည်ပခရီးစဉ်သွားနေသဖြင့် ပြန်လည်ပြောဆိုခြင်း မရှိသေးပါ။