ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ကိုပိုမို အသုံးပြုလာခြင်းနှင့် ပတ်သက်ပြီး စိုးရိမ်မကင်းဖြစ်နေသော သတင်းမီဒီယာသမားများက ထိုဥပဒေကို ပြန်လည်သုံးသပ်ရန် အစိုးရကိုတိုက်တွန်းလိုက်သည်။
လွတ်လပ်စွာပြောဆိုခွင့်ကို ဖိနှိပ်သောကြောင့် ဝေဖန်ခံနေရသော အငြင်းပွားဖွယ်ရာ ထိုဥပဒေနှင့်
လူမှုကွန်ယက်မီဒီယာကြောင့် ပင်မစာနယ်ဇင်းလုပ်ငန်းကို ထိခိုက်ရမှုများကို အယ်ဒီတာများ၊ စာနယ်ဇင်းသတင်းသမားများနှင့် ပြန်ကြားရေးဝန်ကြီးတို့က ဇွန် ၂၆ ရက်က လွိုင်ကော်တွင် ကျင်းပသော တိုင်းရင်းမီဒီယာ ညီလာခံတွင် ပြောဆိုကြသည်။
ပုဒ်မ ၆၆ (ဃ)သည် လွတ်လပ်စွာထုတ်ဖော်ရေးသားခွင့် အတွက်ကို အဟန့်အတားဖြစ်စေပြီး မီဒီယာသမား အားလုံးအတွက် ခြိမ်းခြောက်မှုဖြစ်ကြောင်း ကရင်သတင်းဌာန ဖြစ်သော ကရင်သတင်းစဉ်မှ အယ်ဒီတာ နန်းဖောဂေက ပြောသည်။
“ပုဒ်မ ၆၆ ဃ ကို သေသေချာချာ ပြန်လည် သုံးသပ်ပြီးတော့ ဖျက်သိမ်းသင့်ရင် လုံးဝ ဖျက်သိမ်းလိုက်ပီးတော့ တခြားမီဒီယာ ကျင့်ဝတ်ပိုင်းကို မထိခိုက်နိုုင်တဲ့ ဥပဒေတစုံတခု စဉ်းစားရေးဆွဲတာတွေ လုပ်စေချင်တယ်။” ဟု သူက ပြောသည်။
မော်ကွန်းမဂ္ဂဇင်းကို တည်ထောင်သူနှင့် အယ်ဒီတာ ဦးဇေယျာလှိုင်ကမူ ကျင့်ဝတ်နှင့် တာဝန်သိမှုကင်းမဲ့ကာ စည်းလွတ်ဘောင်လွတ် လူမှုကွန်ယက် အသုံးပြုသူများကို ထိန်းချုပ်ရန် ပုဒ်မ ၆၆ (ဃ) ကို ထားရှိသင့်သည်ဟု ပြောဆိုသော လွှတ်တော်ကိုယ်စားလှယ်များနှင့် အစိုးရ အရာရှိများ၏ အယူအဆကို အငြင်းမပွားဟု ဆိုသည်။
၎င်းက “ဒါပေမယ့် လူတယောက်ရဲ့ ပြောဆိုမှုအတွက် ချက်ချင်း ဖမ်းဆီးချုပ်နှောင်တာတော့ မတရားမှုပဲ။ ရာဇဝတ်မှုလို့ သတ်မှတ်တာလေ။ သူများတွေလို လိုက်ပြီး သတ်ဖြတ်နေတာမျိုးလည်း မဟုတ်ဘူးလေ။” ဟု ဆက်ပြောသည်။
The Voice Daily သတင်းစာ အယ်ဒီတာ ဦးကျော်မင်းဆွေ အပါအဝင် ပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆိုခံရသော မီဒီယာသမား ၂၀ ခန့်ရှိသည်ဟုလည်း ဦးဇေယျာလှိုင်က ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော သတင်းများကို ကိုးကားပြောကြားသည်။
မီဒီယာလုပ်ငန်းလုပ်ကိုင်သူများ၊ အထူးသဖြင့် ပုံနှိပ်မီဒီယာများသည် ကျင့်ဝတ်ညီပြီး တာဝန်သိပြီးသားဖြစ်သည်ဟု ရန်ကုန် သတင်းစာပညာကျောင်းမှ သင်တန်းဆရာ ကိုသီဟ ကဆိုသည်။
မီဒီယာများ အားကောင်းမောင်းသန်ဖြစ်ရေးထက် မီဒီယာများအကြား၊ မီဒီယာနှင့် ပရိသတ်အကြား အငြင်းပွားမှုများတွင် ကြားဝင်ဆောင်ရွက်ပေးရသည့် စာနယ်ဇင်းကောင်စီကဲ့သို့သော မီဒီယာအဖွဲ့အစည်းများ၏ အားကောင်းမောင်းသန် ဖြစ်ရေး ပိုမို ဖြစ်သင့်သည်ဟု သူက ရှင်းပြသည်။
“သတင်းမီဒီယာကျင့်ဝတ်ကို ကျနော်တို့ဘယ်လောက်ပဲ လိုက်နာပါစေ စာနယ်ဇင်းကောင်စီလို အဖွဲ့အစည်းတွေက အားနည်းပြီး မကျွမ်းကျင်ရင် ကျနော်တို့ ဘာမှလုပ်လို့မရဘူး” ဟု ကိုသီဟကပြောသည်။
ဆက်လက်၍ ၎င်းက “တကယ်တမ်း ပြဿနာ ကြုံလာရင် ဖြေရှင်းပေးရမယ့် press council လိုအဖွဲ့အစည်းမျိုးကသာ အားကောင်းမောင်းသန် ဖြစ်ဖို့ လိုအပ်တယ်လို့ ယူဆတယ်။ ကျနော်တို့ ဘယ်လောက်ပဲ အားကောင်းမောင်းသန် ဖြစ်နေပါစေ၊ ဒီအဖွဲ့အစည်းက သုံးလို့မရဘူးဆိုရင် ကျနော်တို့ ဘာမှ လုပ်လို့မရဘူး။” ဟု ဆိုသည်။
သံတွဲအခြေစိုက် ရခိုင်သတင်းစာဆရာများအသင်းအလုပ်အမှုဆောင် ကိုမျိုးမြင့်ဇော်က ပုဒ်မ ၆၆ (ဃ) ကို ပယ်ဖျက်ရမည်ဟု ဆိုသည်။
“ကျနော်တို့သံတွဲ ခရိုင်အခြေစိုက် အွန်လိုင်းသတင်းက သတင်းတင်တဲ့အခါ စိုးရိမ်မှုတော့ ရှိတာပေါ့။ မှားသွားရင် အချိန်မရွေး တရားစွဲခံရပြီး ထောင်ထဲ ရောက်သွားနိုင်တယ်။” ဟု သူက ဆိုသည်။
အာဏာပိုင်များသည် ပုဒ်မ ၆၆ (ဃ) ကို ကျင့်ဝတ်မညီ၊ တာဝန်မဲ့ပြီး အသရေဖျက်သည့် ပြင်းထန်သော အမှုများတွင်သာ သုံးသည်ဟု ဆိုသော်လည်း ထိုပုဒ်မကို ပိုမိုကျယ်ပြန့်စွာ သုံးလာကြောင်း မီဒီယာလုပ်ငန်းလုပ်ကိုင်သူများက ဧရာဝတီသတင်းဌာနသို့ ပြောဆိုသည်။ ပင်မမီဒီယာများသည် ထိုဥပဒေဖြင့် တရားစွဲဆိုခံရကာ အာမခံလည်းငြင်းပယ်ခံရသည်ဟု ၎င်းတို့က ဆိုသည်။
နည်းပညာပြောင်းလဲလာမှုသည် ပင်မမီဒီယာများနှင့် ခေတ်သစ် လူမှုကွန်ရက်မီဒီယာ အကြား ခြားထားသောစည်းကို မှုန်ဝါးလာစေသည့်အတွက် ပင်မမီဒီယာသမားများ အနေဖြင့် ကျင့်ဝတ်နှင့်ညီရန် လွန်စွာအရေးကြီးကြောင်း ပြန်ကြားရေး ဝန်ကြီး ဦးဖေမြင့်က ပြောသည်။
လူမှုကွန်ရက် အသုံးပြုသူတွေအပါအဝင် မီဒီယာသမားများသည် ၎င်းတို့ရဲ့လွတ်လပ်စွာပြောဆိုခွင့်နဲ့ သူတပါးကို အသရေဖျက်ခြင်းကြားတွင် ချိန်ခွင်လျှာညှိရန် လိုအပ်ကြောင်း ဦးဖေမြင့်က သုံးသပ်သည်။
တာဝန်မဲ့သော ဖေ့စ်ဘွတ်အသုံးပြုသူများ ကို ပစ်မှတ်ထားသော ပုဒ်မ ၆၆(ဃ) ကို ကျယ်ပြန့်စွာ အသုံးပြုခြင်းကြောင့် ပင်မမီဒီယာများအပေါ် ထိခိုက်ရကြောင်း ဝန်ကြီးက အသိအမှတ်ပြုသည်။ ထိုဥပဒေကို ဥပဒေပညာရှင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များ သုံးသပ်မှု ပြုလိမ့်မည်ဟု သူက ဧရာဝတီသတင်းဌာနသို့
ပြောဆိုခဲ့သည်။
ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) အတည်ပြု အသက်ဝင်လာသည့် နောက်ပိုင်းမှ စတင်ကာ ၎င်းပုဒ်ဖြင့် တရားစွဲခြင်း၊ အရေးယူခံရသည့် သူ ဦးရေမှာ ၆၀ ထက် မနည်း ရှိနေပြီ ဖြစ်သည်။