တအောင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ဆက်သွယ်သည်ဟုဆိုကာ တပ်မတော်က ဖမ်းဆီးထိန်းသိမ်းခဲ့သည့် ဧရာဝတီသတင်းဌာနမှ သတင်းထောက် ဦးသိန်းဇော်(ခ) လဝီဝမ်၊ DVB သတင်းဌာနမှ အကြီးတန်းသတင်းထောက် ဦးအေးနိုင်နှင့် ဦးပြည့်ဘုန်းနိုင်တို့ကို ချက်ခြင်းပြန်လွှတ်ပေးရန် သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးကော်မတီ/ CPJ က ယနေ့တွင် ထုတ်ပြန်ချက်ထုတ်၍ တောင်းဆိုလိုက်သည်။
တပ်မတော်က ဖမ်းဆီးထားသည့် သတင်းသမားများကို ၁၉၀၈ ခုနှစ် မတရားအသင်းဥပဒေအရ တရားစွဲဆိုရန် စီစဉ်နေသည်ဟု အမည်မဖော်သောစစ်ဘက်အရာရှိများကို ကိုးကား၍ သမ္မတရုံးပြောဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောဆိုကြောင်း CPJ ၏ သတင်းထုတ်ပြန်ချက်တွင် ဆက်ဖော်ပြထားသည်။
သတင်းသမားများကို တပ်မတော်က ဖမ်းဆီးထိန်းသိမ်းခဲ့သော်လည်း သက်ဆိုင်ရာရဲစခန်းသို့ လွှဲပြောင်းပေးမည်ဟု ဦးဇော်ဌေးက ရိုက်တာသတင်းဌာနသို့ ပြောဆိုခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။ ထိုသို့မတရားအသင်း ဥပဒေအရ ပြစ်ဒဏ်စီရင်ခံရပါက ၎င်းတို့သည် ထောင်ဒဏ် ၃ နှစ်အထိ ကျခံနိုင်သည်ဟု ဆိုသည်။
CPJ ၏ အာရှအစီအစဉ်ညှိနှိူင်းရေးမှူး စတီဗင်ဘတ်တလာက “ခေတ်မမီတော့သော မတရားသင်းဥပဒေနဲ့ သတင်းသမားများကို ထောင်ချရန် အသုံးပြုနေတာက မြန်မာနိုင်ငံဒီမိုကရေစီကို သိက္ခာကင်းမဲ့စေပါတယ်။ ဖမ်းဆီးထားတဲ့ သတင်းသမားတွေကို ချက်ခြင်းလွှတ်ပေးပြီး ၎င်းတို့ရဲ့လုပ်ငန်းများကို ဆက်လက်လုပ်ကိုင်ခွင့် ပြုသင့်တယ်” ဟု ပြောဆိုကြောင်း CPJ ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
သတင်းထောက်များ၏ သတင်းယူလှုပ်ရှားမှုများကို ကန့်သတ်ရန် တပ်မတော်က ကာလကြာမြင့်စွာ အသုံးပြုနေသည့် မတရားသင်းဥပဒေကို ဖျက်သိမ်းပေရန်နှင့် သတင်းသမားများကို တရားစီရင်မှုမဲ့ ဖမ်းဆီးရန် အသုံးပြုနေသော ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ကို အလျင်အမြန် ပယ်ဖျက်ရန် CPJ က မြန်မာအစိုးရကို တိုက်တွန်းထားသည်ဟု ဆိုသည်။