သတင်း

ဖမ်းဆီးခံ သတင်းသမား ၃ ဦး အမြန်ဆုံး လွှတ်ပေးရေး မြန်မာနိုင်ငံ စာရေးဆရာများ သမဂ္ဂ တောင်းဆို

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် သတင်းယူပြီး ပြန်လာသည့် သတင်းထောက် ၃ဦးကို တပ်မတော်က ဖမ်းဆီး ထိန်းသိမ်း ထားသည့်ဖြစ်စဉ်အား ကန့်ကွက် ရှုတ်ချကြောင်းနှင့် အမြန်ဆုံး ပြန်လွှတ်ပေးရန် မြန်မာနိုင်ငံ စာရေး ဆရာများ သမဂ္ဂ က ကြေညာချက် တစောင် ယနေ့ ထုတ်ပြန်လိုက်သည်။

ဇွန်လ ၂၈ ရက်က ပြင်ဦးလွင်မြို့တွင် ပြုလုပ်သည့် မြန်မာနိုင်ငံ စာရေးဆရာများ သမဂ္ဂ၏ စတုတ္ထအကြိမ် စုံညီ တွေ့ဆုံပွဲတွင် ဖမ်းဆီး ခံထားရသည့် သတင်းသမား ၃ဦးအတွက် ကြေညာချက် တစောင် ထုတ်ပြန်ရာ အထက်ပါ အချက်များကို အဓိကတောင်း ဆိုထားသည်။

ယင်းကြေညာချက်နှင့် ပတ်သတ်၍ မြန်မာနိုင်ငံ စာရေးဆရာများ သမဂ္ဂ၏ ဒုဥက္ကဌ ဦးညီစေမင်းက “နောင်မှာ အလား တူ ကိစ္စမျိုးမဖြစ်အောင်နဲ့ သတင်းသမားတွေကို လွတ်လပ်စွာ သတင်းရယူခွင့် ပေးဖို့ အတွက် အခုလို ထုတ်ပြန်ချက် ထုတ်ရတာပါ။ ဒီမိုကရေစီလို့ ကြေညာ နေတဲ့ခေတ်မှာ ဒီလိုကိစ္စမျိုးဟာ အတော် ရုပ်ပျက်ဆင်းပျက် နိုင်ပါတယ်၊ သတင်း ရှိတဲ့ နေရာကိုသွားပြီး သတင်းယူရမှာ သတင်းသမားရဲ့ တာဝန်တခုပဲလေ”ဟု ဧရာဝတီသို့ ပြောသည်။

ကြေညာချက်တွင် ဇွန်လ ၂၆ ရက်က ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ဆန်မြို့တွင် သတင်းယူပြီး ပြန်လာသည့် ဧရာဝတီ သတင်းထောက် ဦးသိန်းဇော်(လဝီဝမ်)၊ ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) သတင်းဌာနမှ သတင်းထောက် ဦးအေးနိုင် နှင့် ဦးပြည့်ဘုန်းနိုင် တို့ကို တပ်မတော်က ဖမ်းဆီးထားခြင်း အပေါ် ဆန့်ကျင် ကန့်ကွက်ကြောင်းနှင့် အမြန်ဆုံး လွှတ်ပေးရန်ဟု ပါရှိသည်။

ထို့သို့ ဖမ်းဆီးအရေးယူခြင်းသည် လွတ်လပ်စွာ သတင်းရယူခွင့်ကို ပိတ်ပင်တားဆီးခြင်းဖြစ်ပြီး စာနယ်ဇင်း သမား များ၏ လွတ်လပ်မှုကို ပိတ်ပင် တားဆီးခြင်းသည် ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ဒီမိုကရေစီ အရေး တို့ကို ထိပါးနှောင့်ယှက်ကြောင်း မြန်မာနိုင်ငံ စာရေးဆရာများ သမဂ္ဂက ယူဆသည်ဟု ဆိုသည်။

ထို့ကြောင့် ဖမ်းဆီးထားသော သတင်းသမားများကို အမြန်ဆုံး လွှတ်ပေးရန်နှင့် ပွင့်လင်းမြင်သာပြီး လွတ်လပ်စွာ သတင်း ရယူခွင့်တို့ကို ခွင့်ပြုရန် နှင့် နောင်တွင် ထိုသို့ ပိတ်ပင် တားဆီးခြင်းများ မပြုလုပ်ရန် အလေးအနက် တောင်းဆိုသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

စာရေးဆရာများ၏ မူလရပိုင်ခွင့် အခွင့်အရေးများကို ကာကွယ်ရန်အတွက် မြန်မာနိုင်ငံ စာရေးဆရာများ သမဂ္ဂကို ၂၀၁၂ ခုနှစ်က ဖွဲ့စည်းခဲ့ပြီး မြို့ပေါင်း ၈၀ ကျော်တွင် ဖွဲ့စည်းပြီး ဖြစ်ကြောင်း သိရသည်။

Loading