သတင်း

အစိုးရဝန်ထမ်းများ လစာ၏ သုံးဆကို ၁ကျပ်တိုးဖြင့် ချေးယူနိုင်

Want create site? Find Free WordPress Themes and plugins.

အသေးစား နှင့် အလတ်စား စက်မှုလုပ်ငန်း ဖွံ့ ဖြိုးတိုးတက်ရေးဘဏ်(SMIDB)က တနိုင်ငံလုံးရှိ အစိုးရ ဝန်ထမ်းများအတွက် ယခုလမှ စတင်ကာ မိမိရရှိသည့် လစာ၏ သုံးဆ ငွေပမာဏကို ထုတ်ချေးပေးနေကြောင်း သတင်း ရရှိသည်။

ချေးယူငွေများကို တလအတိုး ၁ရာခိုင်နှုန်း၊ တနှစ်အတိုး ၁၂ ရာခိုင်နှုန်းဖြင့် တွက်ချက်ကာ တလလျှင် တခါ အရစ်ကျဖြင့် တနှစ်အတွင်း ပြန်ဆပ်ရမည်ဖြစ်ပြီး လက်ရှိ စာရင်းများအရ နေပြည်တော်တွင်ပင် ချေးယူနေသည့် အစိုးရ ဝန်ထမ်းပေါင်း တထောင်ကျော် ရှိနေပြီဖြစ်ကြောင်း SMIDB ၏ နေပြည်တော် ဘဏ်ခွဲ တာဝန်ခံ ဒေါ်ယဉ်ယဉ်ဌေး က ဧရာဝတီကို ပြော သည်။

ဒေါ်ယဉ်ယဉ်ဌေးက “ ချေးနိုင်သလောက်တော့ ချေးနေပါတယ် ၊ ချေးတဲ့သူက အရမ်းများနေပြီ ၊ တခြား ဘဏ်ခွဲရှိတဲ့ နေရာတိုင်း၊ မြို့တိုင်းက အစိုးရဝန်ထမ်းတွေကို အကုန်ချေးပါတယ်၊ ပထမ စစတုန်းကတော့ လစာရဲ့နှစ်ဆကို ဒီလထဲမှာပဲ စချေးပေးပါတယ်၊ အခုက သူတို့ကလည်း တောင်းဆိုတော့ သုံးဆချေးပေးတာပါ ” ဟု ပြောသည်။

အစိုးရ ဝန်ထမ်းအားလုံး သက်သာချောင်ချိရေးအတွက် တလလျှင် ၁ရာခိုင်နှုန်း ၊ တနှစ်လျှင် ၁၂ရာခိုင်နှုန်း အတိုးဖြင့် ချေးပေးခြင်းဖြစ်ကြောင်း ၊ အစိုးရဝန်ထမ်း အများစု နေထိုင်သည့် နေပြည်တော်တွင် အများဆုံးချေးယူကြပြီး ရန်ကုန် ၊ မန္တလေး ၊ တောင်ကြီး စသည့်နေရာများတွင် ဘဏ်ခွဲ ၁၉ ခု ရှိကာ ယင်းဘဏ်များရှိသည့် ဒေသတိုင်း၌လည်း ငွေချေးပေးနေကြောင်း ဒေါ်ယဉ်ယဉ်ဌေးက ပြောသည် ။

SMIDB ၏ ချေးငွေကို ယာဉ်မောင်း ၊ ရုံးအကူ စသည့် အခြေခံဝန်ထမ်း အဆင့်မှ နေ၍ ဦးစီးမှူး အဆင့်အထိ ချေးယူနိုင်ပြီး လစာ ကျပ် ၂သိန်းခွဲအောက် ရရှိသည့် ဝန်ထမ်း အများဆုံး ချေးယူနေကြကြောင်း နေပြည်တော် ဝန်ထမ်း အသိုင်းအဝိုင်းမှ သိရသည်။

စက်မှုဝန်ကြီးဌာန ၊ ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးမျိုးဇာနည်ဝင်းက “အစ်ကိုတို့ ဌာန က ဝန်ထမ်းတွေလည်း တော်တော် များများ ချေးကြတာ တွေ့ရတယ် ၊ အစ်ကိုတို့လည်း ထောက်ခံစာတွေ အများကြီး ရေးပေးနေရတယ်၊ အဓိကကတော့ အတိုးနှုန်းက ဝန်ထမ်းတွေအတွက် တော်တော်သက်သာတယ်။ သက်သာတဲ့အတွက် တော်တော်များများ ချေးကြတာပေါ့။ သို့သော်လည်း ချေးငွေဆိုတာကတော့ ပြန်ဆပ်ရတာပဲလေ ။ ခဏတာတော့ အဆင်ပြေမှာပေါ့” ဟု ဧရာဝတီသို့ ပြော သည်။

ချေးယူလိုသည့် ဝန်ထမ်းများသည် ဘဏ်မှ သတ်မှတ်ထားသည့် လျှောက်လွှာပုံစံ ၊ ဌာနဆိုင်ရာမှ အကြီးအကဲ၏ ထောက်ခံ ချက် ၊ လျှောက်ထားသူ၏ မှတ်ပုံတင် ၊ ဝန်ထမ်းကတ်၊ ငွေချေးသူအား အာမခံပေးမည့်သူနှစ်ဦး ၊ ထိုအာမခံမည့်သူ နှစ်ဦး၏ သန်းခေါင်စာရင်း၊ မှတ်ပုံတင်နှင့် နေရပ်လိပ်စာတို့ နှင့် အတူSMIDB ဘဏ်အားလုံးတွင် ရုံးချိန် အတွင်း လာရောက် လျှောက်ထားနိုင်ကြောင်း ဘဏ်တာဝန်ရှိသူက ပြောသည်။

ကိုယ်တိုင်ချေးယူခဲ့သည့် နေပြည်တော် ရှိ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနမှ အခြေခံ ဝန်ထမ်းတဦးက “ ဖောင်ဖြည့် မယ် ၊ အသိသက်သေထိုးရမယ် ၊ သူတို့ဆီမှာ စာချုပ်ချုပ်ရတယ် ၊ ဘဏ်စာအုပ် လုပ်ရတဲ့ ပုံစံမျိုး။ လုပ်ပြီးရင် ထောက်ခံ မယ့် လူကြီးရဲ့ လက်ဗွေနဲ့ လက်မှတ် ထိုးရမယ်။ ပြီးရင် ချက်စာအုပ်ထုတ်ပေးရင် ငွေထုတ်လို့ရပြီ ။ ၂ ရက်လောက်တော့ အချိန်ပေးရတယ် ၊ လွယ်လွယ်ကူကူရပါတယ်” ဟု မှတ်ချက် ပြုသည်။

လက်ရှိ အစိုးရဝန်ထမ်းများထဲတွင် အခြေခံအဆင့် ဝန်ထမ်းအများစုသည် လစာနည်းပါးသဖြင့် အခြားနေရာများမှ အတိုး နှုန်း များပြားစွာဖြင့် ငွေချေးနေရ၍ အတိုးငွေ နည်းပါးသည့် SMID ချေးငွေကို စိတ်ဝင်စားနေကြကြောင်း နေပြည်တော် ဝန်ထမ်း အသိုင်းအဝိုင်းမှ သိရသည်။

SMIDB သည် စက်မှုဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် ၁၉၉၆ ခုနှစ် ကတည်းက အများပိုင်ကုမ္ပဏီအဖြစ် စတည် ဖွဲ့စည်းခဲ့ ခြင်း ဖြစ်ပြီး လက်ရှိတွင် သီးခြားရပ်တည်နေသည့် ပုဂ္ဂလိကဘဏ် တခုဖြစ်ကြောင်း ယင်းဘဏ်၏ စီမံကိန်းဌာန မှ တာဝန်ရှိသူတဦးက ဧရာဝတီကို ပြောသည် ။

Did you find apk for android? You can find new Free Android Games and apps.
Loading