ပြီးခဲ့သည့် ဇွန်လ ၂၆ ရက်က ပုသိမ်-မုံရွာ လမ်းဆုံ၌ ဆန္ဒပြခဲ့ကြသည့် လက်ပံတောင်းတောင်သူ ဒေသခံများအနက် ၄ ဦးကို ပုဒ်မ ၁၉( ငြိမ်းစုစီ) ဖြင့် အမှုဖွင့်ထားကြောင်း ဆားလင်းကြီး မြို့နယ် ရဲတပ်ဖွဲ့ မှ သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းသည် လေထုညစ်ညမ်းမှုများ အပြင် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုများ ရှိနေသည်ဟုဆိုကာ ဒေသခံ တောင်သူများက ဇွန်လ ၂၆ ရက်နေ့က ပုသိမ်- မုံရွာလမ်းဆုံ ဝမ်ပေါင်ရုံးရှေ့တွင် ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့၍ ရဲတပ်ဖွဲ့က ပိတ်ဆို့ တားဆီးမှုများ ပြုလုပ်ခဲ့သည်။
ဆားလင်းကြီး မြို့နယ်ရဲတပ်ဖွဲ့မှ ရဲမှူးဌေးဝင်းက “အမှုဖွင့်ထားတာက ဟုတ်ပါတယ်။ အမှုဖွင့်ထားတာက ၄ယောက်ပါ။ ပုဒ်မ ၁၉ တခုတည်းနဲ့ပဲ ဖွင့်ထားတာပါ။ ဥပဒေနှင့်အညီ တရားစွဲတင်ဖို့ပဲရှိတာလေ အမှုဖွင့်တဲ့ အကြောင်းကို သူတို့ကို အကြောင်းမကြားတော့ဘူး”ဟု ဧရာဝတီကို ပြောသည်။
ဆန္ဒပြရာတွင် ပါဝင်သည့် ဒေါ်ရီဝင်း (ဆည်တည်း) ၊ ဒေါ်မာချို (တုံရွာမ)၊ ဒေါ်စန္ဒာ (တုံအလယ်တော) နှင့် ဦးခင်ငြိမ်း (ဆည်တည်း) တို့သည် ပုဒ်မ ၁၉ ဖြင့် အမှုဖွင့် ခံထားရသူများ ဖြစ်သည်။
အမှုဖွင့်ခံထားရသူ တဦးဖြစ်သည့် ဆည်တည်းရွာ မှ ဒေါ်ရီဝင်းက “အမှုဖွင့်ထားတယ် ဆိုတာကို မီဒီယာတွေမှာ ပါနေတာ ကိုပဲ ကျမတို့ သိတယ်။ အခုအချိန်အထိတော့ အကြောင်းကြားခြင်း မရှိသေးဘူး။ လာပြောတာလည်း မရှိသေးပါဘူး” ဟု ဧရာဝတီကို ပြောသည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ပြုလုပ်နေသည့် ကုမ္ပဏီများသည် စုံစမ်းစစ်ဆေးရေး အစီရင်ခံစာပါ အချက် အလက်များကို မလိုက်နာသည့်အတွက် လက်ပံတောင်းဒေသခံ တောင်သူများက ဆန္ဒပြခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကြေးနီစီမံကိန်းကို တပ်မတော်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်ကော်ပိုရေးရှင်းနှင့် တရုတ်နိုင်ငံသားပိုင် ဝမ်ပေါင် ကုမ္ပဏီ တို့က ၂၀၁၀ ခုနှစ်မှ စတင်လုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။
၂၀၁၃ ခုနှစ် မတ်လ ၁၁ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ခဲ့သည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်မှ ထွက်ပေါ်ခဲ့သော အစီရင်ခံစာ၌ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေသည့် စံချိန်စံညွှန်း များနှင့် စီမံကိန်းကို ဆက်လက်လုပ်ကိုင်မည်ဖြစ်ကြောင်း၊ ဒေသခံများကို ကာလပေါက်ဈေးအတိုင်း မြေယာလျော်ကြေး ပေးရန်နှင့် ဒေသအတွင်း အသေးစားနှင့် အလတ်စားလုပ်ငန်းများ လုပ်ကိုင်နိုင်ရေး အခွင့်အလမ်းများ ဖန်တီးပေးရန် စသည့် အချက်များ ပါဝင်ခဲ့သည်။
အစီရင်ခံစာတွင် ပါဝင်သည့် အချက်တချက်ဖြစ်သည့် အစားထိုးမြေဧက ၁၉၀၀ အား ဖော်ဆောင်ပေးခြင်း မရှိသောကြောင့် ဒေသခံပြည်သူများ အနေဖြင့် စိုက်ပျိုး မြေယာများ လက်လွတ်ဆုံးရှုံးနေရပြီး အလုပ်အကိုင် ရှားပါးမှုများနှင့် စားဝတ်နေရေး ကျပ်တည်းမှုများ ရင်ဆိုင်နေရ၍ တောင်းဆို ဆန္ဒပြရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ဆန္ဒပြကြသည့် ဒေသခံတောင်သူများကို ဥပဒေနှင့် မညီသည့်အတွက် အရေးယူမည်ဆိုပါက ယခင်က သေနတ်ပစ်ခံရ၍ သေဆုံးခဲ့သော ဒေါ်ခင်ဝင်း အမှုမှန်ကို ပေါ်ပေါက်မှုကို လုပ်ဆောင်ပေးရန် လိုအပ်ကြောင်း ဆန္ဒပြရာတွင် ပါဝင်သည့် တုံတောကျောင်း ကျေးရွာမှ တောင်သူ ဒေါ်စမ်းနွဲ့က ပြောသည်။
ဒေါ်စမ်းနွဲ့က “ကျမတို့ကို ငြိမ်းစုစီဥပဒေပုဒ်မနဲ့ တရားစွဲဆိုမယ်ဆိုရင် ဝမ်ပေါင် ကုမ္ပဏီကြီးကို လက်ထောက်ပြီးတော့ ပြချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သံဃာတော်တွေကို မီးလောင်ဗုံးနဲ့ အကြမ်းဖက်ပြီးတော့ ဖြိုခွင်းတယ်။ ဒေါ်ခင်ဝင်းကို သေနတ်နဲ့ သေသေချာချာ ဦးခေါင်းတည့်တည့်ကို ပစ်သတ်ခဲ့တာကျတော့ တရားဥပဒေက ဘယ်မှာလဲ။
စုံစမ်းစစ်ဆေးရေး အစီရင်ခံစာကို ချိုးဖောက်နေတာက ဘယ်သူတွေလဲလို့ လက်ထောက်ပြချင်လို့ ခွင့်ပြုမိန့်ကို မတင်တာလို့ ပြောလိုက်ပါ တယ်” ဟု ဆိုသည်။