သတင်း

နမ့်ဆန်မှ ဒေသခံအချို့ လားရှိုးမြို့သို့ လာရောက်ခိုလှုံ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ် မန်လန်းကျေးရွာမှ ဒေသခံ ၂၀၀ ခန့်သည် တပ်မတော်က TNLA နှင့် အဆက်အသွယ်ရှိသည်ဟု ဆိုကာ စွပ်စွဲ ဖမ်းဆီးမှုများကြောင့် လားရှိုးမြို့ပေါ်သို့ လာရောက်ခိုလှုံ နေရ ကြောင်း ဒေသခံများက ပြောသည်။

တပ်မတော်နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)တို့အကြား နမ့်ဆန်မြို့ နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွားလျက်ရှိရာတွင် TNLA နှင့် အဆက်အသွယ်ရှိသည်ဟု ပြောဆိုကာ ဖမ်းဆီး စစ်ဆေးမှုများကြောင့် ဒေသခံ ရွာသားတဦး သေဆုံးခဲ့ကြောင်းလည်း ၎င်းတို့က ပြောသည်။

မန်လန်းရွာသားတဦးက “သူတို့ ဖမ်းဆီးခေါ်သွားတဲ့အထဲမှာ စိတ်သိပ်မနှံ့တဲ့ သူတွေလည်းပါတယ်၊ ကောင်း တဲ့လူက ၆ ယောက်လောက် ပါတယ်၊ အခု သေသွားတာက ကျနော့်မိန်းမရဲ့ အစ်ကိုပါ”ဟု ပြောသည်။

လားရှိုးမြို့ရှိ သာသနာ ၂၅၀၀ ဘုန်တော်ကြီးကျောင်းတွင် တိမ်းရှောင်လာသူ ဒေသခံဦးရေ ၃၀ ကျော် ရောက်ရှိနေပြီး အချို့မှာ နီးစပ်ရာ အခြားဘုန်းတော်ကြီးကျောင်းများနှင့် နေအိမ်များတွင် ခိုလှုံလျက် ရှိကြောင်း ခိုလှုံနေသူများက ပြောသည်။

ယမန်နေ့ ဇွန်လ ၂၇ ရက်နေ့က တပ်မတော်အနေဖြင့် မန်လန်းကျေးရွာ အရှေ့မြောက်ဘက် မီတာ ၂၀၀၀ ခန့်ရှိ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၏ လေ့ကျင့်ရေး စခန်းတခုကို ဇွန်လ ၂၁ ရက်နေ့က စတင်ကာ ဝင်ရောက် စီးနင်းခဲ့ရာတွင် ဆေးပစ္စည်းများ၊ TNLA ယူနီဖောင်းများ၊ လက်လုပ်မိုင်းများ ဖမ်းဆီးရမိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန် ထားသည်။

ယင်းစခန်းနှင့်ပတ်သက်ပြီး TNLA ၏ အမျိုးသမီး စွမ်းရည်မြှင့်တင်ရေး သင်တန်းနှင့် အခြေခံ ကျန်းမာရေး သင်တန်းကျောင်းသာဖြစ်ကြောင်း TNLA က ဆိုသည်။

လက်ရှိတွင် နမ့်ဆန်၊ နမ္မတူနှင့် ကွတ်ခိုင်မြို့နယ်တို့အတွင်း တပ်မတော်နှင့် TNLA တို့အကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျက်ရှိနေပြီး ဇွန်လ ၂၇ ရက်နေ့ကပင် တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။

တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက် ကျဆုံးမှုများအပြင် ဇွန်လ ၂၆ ရက်နေ့က ကွတ်ခိုင်မြို့နယ်၊ ပိန်းဟွယ်ကျေး ရွာအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံ ၂ ဦး သေဆုံးခဲ့ရပြီး တဦး ဒဏ်ရာ ရရှိခဲ့မှုအပေါ် နှစ်ဖက်တပ်များက အပြန်အလှန် စွပ်စွဲထားကြသည်။

တအာင်းဒေသတွင် ဇွန်လ ၂၁ ရက်မှ ၂၆ ရက်နေ့အထိ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း တပ်မတော် အနေဖြင့် အရာရှိစစ်သည်အချို့ ကျဆုံးခဲ့ရပြီး ရန်သူထံမှ အလောင်း ၄ လောင်းနှင့် လက်နက်အချို့ သိမ်းဆည်းရမိခဲ့ကြောင်း ဇွန်လ ၂၇ ရက်နေ့တွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်း ထုတ်ပြန်ထားသည်။

TNLA အနေဖြင့် တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း ဇွန်လ ၂၆ ရက်နေ့ကလည်း နမ္မတူမြို့နယ်၊ မာန်ဖိုင်ကျေးရွာနှင့် နမ့်လင်းကျေးရွာကြားတွင် ရှမ်းပြည်တောင်ပိုင်း တပ်မတော်(RCSS/SSA) တပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

Loading