သတင်း

ဒဂုံမြို့သစ် ၄ မြို့နယ်အတွင်း ဆိုင်ကယ်များဖမ်းဆီးမည့်အပေါ် ပြန်လည်ဆိုင်းငံ့

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ဒဂုံဆိပ်ကမ်း၊ တောင်ဒဂုံ၊ မြောက်ဒဂုံနှင့် ဒဂုံ (အရှေ့) မြို့နယ် ၄ မြို့နယ်တွင် မောင်းနင်သွားလာနေသည့် ဆိုင်ကယ်များကို လာမည့် ဇူလိုင် ၁ ရက်ကစတင်ပြီး ဖမ်းဆီးမည်ဆိုသည့်အပေါ် ပြန်လည်ဆိုင်းငံ့လိုက်ကြောင်း သိရသည်။

တောင်ဒဂုံအမှတ် (၁) မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဦးညီညီက “ ဒဂုံမြို့သစ် ၄ မြို့နယ်မှာ သူတို့စီစဉ် ဆောင်ရွက်မယ့်ကိစ္စတွေကို ဆိုင်းငံ့လိုက်ပါတယ်ဆိုပြီး ခုနကလေးတင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးက လှမ်းပြီးအကြောင်းလို့ သိရပါတယ်။ ဆိုင်းငံ့လိုက်ပြီဆိုတာက စီးနင်းစေဖို့ဆိုလိုတာ မဟုတ်ပါဘူး။ အိမ်ထဲအထိ ဝင်ဖမ်းမယ်တို့ ရုံးကိုလာပြီး ဆိုင်ကယ်စာရင်းလာပေးရမယ် စသဖြင့်အဲဒါမျိုးတွေကို ဆိုင်းငံ့လိုက်တာပါ” ဟု ဧရာဝတီကို ပြောသည်။

မိမိတို့ပိုင်ဆိုင်ကယ်များကို ရပ်ကွက်ရုံးသို့ အချိန်မီစာရင်းလာမပေးပါက တည်ဆဲဥပဒေအရ အရေးယူခြင်း၊ အိမ်ထဲအထိ ဝင်ရောက်ဖမ်းဆီးခြင်းများ ပြုလုပ်မည်ဟု ဇွန် ၂၆ ရက် ညပိုင်းက ရပ်/ကျေး အုပ်ချုပ်ရေးမှူးများက တောင်ဒဂုံရှိ ရပ်ကွက်တချို့အတွင်းသို့ အသံချဲ့စက်ဖြင့် လိုက်လံအော်၍ အသိပေးခဲ့ခြင်း ဖြစ်သည်။

ထိုသို့ သတိပေးချက် ထွက်ပေါ်လာပြီးနောက် ရပ်ကွက်နေပြည်သူများက အပြင်းအထန် ကန့်ကွက်ခဲ့ကြရာမှ ယခုကဲ့သို့ ဆိုင်းငံ့လိုက်ခြင်းဖြစ်ကြောင်း ဦးညီညီက ပြောသည်။

တောင်ဒဂုံမြို့နယ်ထဲရှိ သွားလာရေး ခက်ခဲသည့်နေရာများတွင် YBS ယာဉ်လိုင်းများ ပြေးဆွဲခြင်းမရှိသဖြင့် ဆိုင်ကယ်ကိုသာ အားကိုးသွားလာနေရကြောင်းနှင့် ဒေသခံတချို့မှာ ဝမ်းရေးအတွက် ဆိုင်ကယ်ကယ်ရီ ပြေးဆွဲနေကြသဖြင့် စနစ်တကျ ဆိုင်ကယ်စီးနင်းခွင့်လိုင်စင် ချပေးနိုင်မည်ဆိုပါက မကြာခဏဖြစ်ပွားနေသည့် ဆိုင်ကယ်ဖြင့် လုယက်ရမ်းကားမှုများကို ထိထိရောက်ရောက် ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း ဦးညီညီက ဆက်ပြောသည်။

တောင်ဒဂုံမြို့နယ်အတွင်းရှိ ဆိုင်ကယ်ကယ်ရီသမားများနှင့် ရပ်ကွက်နေပြည်သူတချို့က သက်ဆိုင်ရာတားမြစ်ချက်အပေါ် လာမည့် ဇွန် ၃၀ ရက်တွင် ချီတက်ဆန္ဒပြရန် စီစဉ်ထားသော်လည်း အုပ်ချုပ်ရေးပိုင်းမှ ဆိုင်းငံ့လိုက်သည့်အတွက် အခြေအနေကို စောင့်ကြည့်သွားမည်ဟု တောင်ဒဂုံ (၇၀) ရပ်ကွက်နေ ဦးနေလင်းက ပြောသည်။

ဦးနေလင်းက“ ကျနော်တို့မြို့နယ်မှာ အများစုက လိုင်စင်မရှိဘူး။ ရှိတဲ့ဆိုင်ကယ်လည်း ရှိတာပေါ့။ အများစု လိုချင်တာက အာဏာရှင်စနစ်နဲ့ ပိတ်လိုက်တယ် ဆိုတာမျိုး မလိုချင်ဘူး။ တရားဝင် လိုင်စင်လေးချပေး။ ဦးထုပ်နဲ့ စည်းကမ်းတကျ စီးမယ်။ မြို့နယ်အကန့်အသတ်တွေ ဘာတွေလည်းသတ်မှတ်ထား။ အဲဒါမှမဟုတ်ရင် ဖမ်းဆီးထောင်ချ။ အဲလိုမျိုးဆို ကျေ နပ်တယ်” ဟု ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာ နယ်နမိတ်အတွင်း မော်တော်ဆိုင်ကယ်စီးနင်းခွင့် ပြန်လည်ခွင့်ပြုရန် ဆက်စပ်ဌာနများနှင့် ညှိနှိုင်းမှုများ ပြုလုပ်နေကြောင်း တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်က ၂၀၁၆ အောက်တိုဘာ ၆ တွင် ပြုလုပ်သည့် တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးတွင် ပြောဆိုထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading