သတင်း

မန္တလေး ဘိလပ်မြေစက်ရုံစီမံကိန်းအပေါ်ဆန့်ကျင်နေမှု နိုင်ငံတကာဘဏ္ဍာရေးကော်ပိုရေးရှင်း ခုခံနေရ

Want create site? Find Free WordPress Themes and plugins.

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဘိလပ်မြေစက်ရုံ တိုးချဲ့ခြင်းနှင့် လောင်စာ ပံ့ပိုးပေးနေသော ကျောက်မီးသွေးတွင်းကို ထောက်ပံ့မည့်အစီအစဉ်အား ဆန့်ကျင်သော အိတ်ဖွင့်ပေးစာကို လူမှုအခြေပြု အဖွဲ့အစည်းများက ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌ ဂျင်မ်ကင်မ်ထံသို့ ပေးပို့ခဲ့ပြီးနောက် ယင်းမှာပံ့ပိုးပေးသင့်သော စီမံကိန်း ဖြစ်ကြောင်း နိုင်ငံတကာဘဏ္ဍာရေး ကော်ပိုရေးရှင်း က ကာကွယ်ပြောကြားလိုက်သည်။

ပြည်တွင်းအခြေစိုက်အဖွဲ့စည်းပေါင်း ၁၇၄ ခုတို့က ထောက်ခံ လက်မှတ်ရေးထိုးခဲ့သည့် အိတ်ဖွင့်ပေးစာတွင် ရွှေတောင် ဘိလပ်မြေစက်ရုံနှင့် ဆက်စပ်ကျောက်မီးသွေးတွင်းတို့ကို နိုင်ငံတကာဘဏ္ဍာရေး ကော်ပိုရေးရှင်းက အဆိုပြုဘဏ္ဍာငွေ ထောက်ပံ့ရန် အစီအစဉ်မှာ ကမ္ဘာ့ဘဏ်နှင့် နိုင်ငံတကာ ဘဏ္ဍာရေး ကော်ပိုရေးရှင်းတို့၏ များပြားလှစွာသော လမ်းညွှန် ချက်များ၊ ဦးတည်ချက်များနှင့် ဆန့်ကျင်နေသည်ဟု ဖော်ပြသည်။

“ထို ရင်းနှီးမြှုပ်နှံမှု၏ လုံးလုံးလျားလျား တာဝန်မဲ့မှုနှင့် ထိုလုပ်ရပ်သည် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုမှ ကြွယ်ဝချမ်းသာမှု ခွဲဝေယူရေး နှင့် သဘာဝပတ်ဝန်းကျင်ကို ရေရှည်ထိန်းသိမ်းနိုင်သော ရင်နှီးမြှုပ်နှံမှု ပြုလုပ်ရေးဆိုင်ရာ နိုင်ငံတကာဘဏ္ဍာ ရေး ကော်ပိုရေးရှင်း၏ ကတိကဝတ်များကို ထိခိုက်စေကြောင်း အလေးအနက် ထောက်ပြလိုသည်” ဟု ထိုပေးစာကဆို သည်။

အထက်ပါ စီမံကိန်းပါ ကျောက်မီးသွေးတွင်းမှာ စစ်ကိုင်းတိုင်း၌ တည်ရှိပြီး ရွှေတောင်ဘိလပ်မြေစက်ရုံအတွက် သီးသန့် ထုတ်လုပ်ခြင်းဖြစ်ရာ လူမှုအခြေပြုအဖွဲ့အစည်းများ လက်မခံနိုင်သည့် အဓိကအချက်မှာ ယင်းစီမံကိန်းတွင် ကျောက်မီး သွေးသုံး စွဲနေခြင်းဖြစ်သည်။

နိုင်ငံတကာဘဏ္ဍာရေး ကော်ပိုရေးရှင်း၏ အကြီးအကဲ ဗစ်ကရမ် ကူးမား ကမူ စုစုပေါင်း အမေရိကန် ဒေါ်လာ သန်း ၁၁၀ ကုန်ကျမည့် ထိုစီမံကိန်း၌ ဒေါ်လာ ၁၅ သန်း ရင်းနှီးမြှုပ်နှံရန်နှင့် ဒေါ်လာသန်း ၂၀ ချေးငွေထုတ်ရန် မိမိတို့ ကော်ပိုရေးရှင်း ၏ အဆိုပြုချက်မှာ ထိုက်တန်ကြောင်း ဧရာဝတီသတင်းဌာနသို့ အီးမေးလ်ဖြင့် ပြန်လည် ဖြေကြားခဲ့သည်။

“ရှေ့လာမည့်နှစ်များတွင် ဘိလပ်မြေကဏ္ဍသည် မြန်မာနိုင်ငံအတွက် လွန်စွာ အရေးပါလာမည် ဟု ကျွနု်ပ်တို့ ယုံကြည် သည်။ နိုင်ငံတကာ ဘဏ္ဍာရေးကော်ပိုရေးရှင်းက ရွှေတောင်ဘိလပ်မြေစက်ရုံကို ဘဏ္ဍာငွေပံ့ပိုးခြင်းကြောင့် ထုတ်လုပ်မှု ၃ ဆတိုးလာမည် ဖြစ်ပြီး အခြေခံ အဆောက်အအုံ၊ အိမ်ယာနှင့် ထုတ်လုပ်မှုစသည့် အဓိက ကဏ္ဍများ အတွက် ကြီးထွားနေသည့် ကုန်ကြမ်း လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်မည် ဖြစ်သည်ဟု ၎င်းကရေးသားခဲ့သည်။

ထိုစီမံကိန်းကို ဆက်လက် လုပ်ဆောင်နိုင်ပါက တိုက်ရိုက် အလုပ်အကိုင် ၂၀၀ နှင့် သွယ်ဝိုက်အလုပ်အကိုင် ၄၀၀၀ အထိ ထုတ်လုပ်နိုင်မည်ဟုလည်း နိုင်ငံတကာ ဘဏ္ဍာရေးကော်ပိုရေးရှင်းက အခြားဖွံ့ဖြိုးဆဲ နိုင်ငံများမှ ဘိလပ်မြေ လုပ်ငန်းများကို အခြေခံ တွက်ချက် ခန့်မှန်းထားသည်။

ထိုစီမံကိန်းသည် နိုင်ငံတကာ ဘဏ္ဍာရေး ကော်ပိုရေးရှင်းနှင့် ကမ္ဘာ့ဘဏ် လမ်းညွှန်ချက်များနှင့် ကိုက်ညီခြင်း မရှိဟူသော ပေးစာပါ စွပ်စွဲချက်များကိုလည်း ကူးမားနှင့် သူ၏ လုပ်ဖော်ကိုင်ဖက် အများအပြားက သဘောမတူကြပေ။

လူမှုအဖွဲ့အစည်းများကမူ နိုင်ငံတကာဘဏ္ဍာရေး ကော်ပိုရေးရှင်း၏ အဆိုပြုရင်းနှီးမြှုပ်နှံမှုသည် ကမ္ဘာ့ဘဏ်၏ ကျောက်မီး သွေးဆိုင်ရာ စံနှုန်းများနှင့် မကိုက်ညီကြောင်း၊ နိုင်ငံတကာ ဘဏ္ဍာရေး ကော်ပိုရေးရှင်း ပါဝင်ပတ်သက်ခြင်းသည် မြန်မာနိုင်ငံမှ ကျောက်မီးသွေး စီမံကိန်းများ ထောက်ပံ့ခြင်း မပြုဟူသော ကမ္ဘာ့ဘဏ်၏ ကတိကဝတ်နှင့်လည်း ဆန့်ကျင် နေကြောင်း ဆိုသည်။

“ဆိုးရွားသောသဘာဝပတ်ဝန်းကျင်၊ ကျန်းမာရေးနှင့် ရာသီဥတုဆိုင်ရာ သက်ရောက်မှုများကြောင့် မြန်မာနိုင်ငံမှ ကျောက်မီးသွေး အသုံးပြုသော စက်ရုံများကို ငွေကြေးပံ့ပိုးမှု မပြုရန် ကမ္ဘာ့ဘဏ်က ကတိပြုထားသောကြောင့် နိုင်ငံတကာ ဘဏ္ဍာရေး ကော်ပိုရေးရှင်း ထိုစီမံကိန်းကို မည်သည့် အတွက် ငွေကြေးပံ့ပိုးမှုကို မည်သည့် အတွက် ပြုလုပ်ရသည်ကို ရှင်းရှင်းလင်းလင်း မသိရပေ” ဟုလည်း ၎င်းတို့၏ ပေးစာတွင် ဖော်ပြထားသည်။

ထို့အပြင် စီမံကိန်းကို ငွေကြေးထောက်ပံ့ခြင်းကြောင့် နိုင်ငံတကာ ဘဏ္ဍာရေး ကော်ပိုရေးရှင်းသည် ငွေချေးယူသူနှင့် ပတ်သက် ဖြစ်ပေါ်လာမည့် ဂုဏ်သတင်းထိခိုက်မည့် အလားအလာကို လျစ်လျူရှုပြီး ၎င်း၏ လုပ်ပိုင်ခွင့်နှင့်အညီ ရေရှည်တည်တံ့ သော ဖွံ့ဖြိုးတိုးတက်မှုကို အားပေးရမည့် အစား ၎င်းနှင့် မြန်မာခရိုနီအတွက် မတရားသော နည်းဖြင့် ငွေရှာရန် ကိုသာ ပိုမို စိတ်ဝင်စားနေသည်ဟု ထောက်ပြသည်။

သို့သော် နိုင်ငံတကာ ဘဏ္ဍာရေး ကော်ပိုရေးရှင်း၏ အကြီးအကဲ ဗစ်ကရမ် ကူးမားကမူ ကျောက်မီးသွေးသုံး စွမ်းအင်တွင် ရင်းနှီးမြှုပ်နှံမှုကို စိစစ်ရန် ကမ္ဘာ့ဘဏ်၏ မူဝါဒသည်လည်း မဟာဓာတ်အားလိုင်းသို့ စွမ်းအင်ပေးပို့သော ဓာတ်အားပေးစက် ရုံများနှင့်သာ သက်ဆိုင်သည် ဟု ခုခံပြောဆိုသည်။

“ဒီလုပ်ငန်းက တူးဖော်တဲ့ ကျောက်မီးသွေးကို စက်ရုံမှာ လျှပ်စစ်ဓာတ်အားထုတ်ဖို့ သုံးတာ မဟုတ်ဘဲ နိုင်ငံတကာမှာ ကျယ်ကျယ်ပြန်ပြန့် သုံးနေတဲ့ အတိုင်း ဘိလပ်မြေဖုတ်တဲ့ နေရာမှာ သုံးတာမို့လို့ ဒီစီမံကိန်းဟာ အဲဒီမူဝါဒနဲ့ ကိုက်ညီပါ တယ်” ဟု၎င်းကရှင်းလင်းသည်။

သို့သော် ထိုစီမံကိန်းအတွက် ပြုလုပ်သည့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုသက်ရောက်မှု ဆန်းစစ်ချက်များသည်လည်း စီမံကိန်း နေရာများတွင် လက်ရှိ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုအဆင့်ကို လုံလောက်စွာ အကဲဖြတ်ရန် ပျက်ကွက်ခြင်း အပါအဝင် နယ်ပယ် အများအပြားတွင် စံချိန် မမီ ဟုလည်း လူမှုအခြေပြု အဖွဲ့များက ထောက်ပြခဲ့သည်။

ဗစ်ကရမ် ကူးမားက သဘာဝပတ်ဝန်းကျင်နှင့် လူမှုသက်ရောက်မှုများကို အကဲဖြတ်ခဲ့သော အတိုင်ပင်ခံ လုပ်ငန်းဖြစ်သည့် ယူနိုက်တက်ကင်းဒမ်း အခြေစိုက် Environmental Resource Management (ERM) သည် နိုင်ငံတကာတွင် ဂုဏ်သတင်း ကျော်ကြားသော လုပ်ငန်းဖြစ်ပြီး ထိုလုပ်ငန်းသည် နိုင်ငံတကာ ဘဏ္ဍာရေး ကော်ပိုရေးရှင်း၏ လုပ်ငန်းဆောင်ရွက်ချက် စံနှုန်းများနှင့်လည်း ကိုက်ညီကြောင်း ပြောဆိုချက်ကို ငြင်းဆိုသည်။

သို့သော် လူမှုအဖွဲ့အစည်းများ၏ ပေးစာတွင် ERM အနေဖြင့် “ရပ်ရွာဒေသခံများနှင့် ညှိနှိုင်းဆွေးနွေး သည်မှာ ပေါ့ပေါ့တန် တန် မျှသာ ဖြစ်ပြီး နိုင်ငံတကာ ဘဏ္ဍာရေးကော်ပိုရေးရှင်း၏ လုပ်ငန်ဆောင်ရွက်မှု စံနှုန်းများနှင့် ကိုက်ညီရုံသာ ဆောင်ရွက်ခဲ့သည်ဟုဆိုသည်။

“၅ မိနစ်ကြာ အမေး၊ အဖြေ အစီအစဉ်များသာ လုပ်ခဲ့သည်ဟု အချို့သော ကျေးရွာသားများကပြောသည်။ ထိုအချက် ကြောင့် ရွှေတောင်အုပ်စုနှင့် နိုင်ငံတကာဘဏ္ဍာရေး ကော်ပိုရေးရှင်းတို့၏ လုပ်ငန်းဆောင်ရွက်ရန် လူမှုလုပ်ပိုင်ခွင့်ကို အားနည်းသွားစေသည်” ဟုလည်း ပေးစာတွင် ဖော်ပြထားသည်။

လူမှုအဖွဲ့အစည်းများ၏ပေးစာတွင် ၂၀၁၀ ခုနှစ်မှစတင် လည်ပတ်နေသော ဘိလပ်မြေစက်ရုံမြေနှင့် ၎င်းတို့၏ အသက်မွေး ဝမ်းကြောင်းအပေါ်ထိခိုက်မှုကြောင့် စက်ရုံအနီးတွင် နေထိုင်ကြသော လယ်သမားများက တိုင်ကြားရာတွင်လည်း တရား စီရင်ရေး ဖိနှိပ်မှုခံကြရသည်ဟု ဖော်ပြထားသော်လည်း ဗစ်ကရမ် ကူးမားကမူ “နိုင်ငံတကာ ဘဏ္ဍာရေး ကော်ပိုရေးရှင်းနဲ့ ERM တို့က ဘိလပ်မြေ စက်ရုံနဲ့ ကျောက်မီးသွေးတွင်းနားက ကျေးရွာတွေ၊ ဒေသခံ အသိုင်းအဝန်းတွေနဲ့ ဆွေးနွေးတဲ့အခါ သူတို့တွေက ဒီစီမံကိန်းကို ထောက်ခံကြပြီး ကုမ္ပဏီရဲ့ ရပ်ရွာကွင်းဆင်း အစီအစဉ်တွေကို ကျေးဇူးတင်ကြပါတယ်” ဟုပြောသည်။

စီမံကိန်းဆုံးဖြတ်ချက်ချမည့်ရက် ရှင်းရှင်းလင်းလင်း မသိရသေး

ယခုပေးစာကို ပေးပို့ခဲ့ပြီး နောက်တရက်ဖြစ်သော ဇွန်လ ၈ ရက်နေ့ ဝါရှင်တန်တွင် ကျင်းပမည့် အစည်းအဝေးတွင် နိုင်ငံတကာ ဘဏ္ဍာရေး ကော်ပိုရေးရှင်း ဘုတ်အဖွဲ့သည် ထိုစီမံကိန်းတွင် ပါဝင်ပတ်သက်မှုကို ဆုံးဖြတ်ရန် စီစဉ်ခဲ့သည်ဟု ၎င်းတို့၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြခဲ့သော်လည်း ထိုအစည်းအဝေးကို မကျင်းပခဲ့ပေ။ ကင်း ဦးဆောင်သည့် အဖွဲ့ဝင် ၂၅ ဦးပါ အဖွဲ့သည် မည်သည့်နေ့တွင် ဆုံးဖြတ်ချက်ချမည် ကို မသိရပေ။

“ဒီစီမံကိန်းကို ဘုတ်အဖွဲ့ကို မတင်ရသေးပါဘူး။ ဘုတ်ထိုင်မယ့်ရက် အတိအကျလည်း အတည် မပြုရသေးပါဘူး” ဟု ကူးမားက ပြောသည်။

ပေးစာကို လက်မှတ်ရေးထိုးရာတွင် မြန်မာလူမှု အခြေပြု အဖွဲ့အစည်း မျိုးစုံ ပါဝင်ပြီး ပြည်နယ်နှင့် တိုင်းအားလုံးမှ ပါဝင်ပြီး အချို့မှာ နိုင်ငံတကာသိ အဖွဲ့များဖြစ်သည့် (Karen Environment and Social Action Network – KESAN) နှင့် (Kachin Development Networking Group – KDNG)၊ ကရင်လူမျိုးစု တက်ကြွလှုပ်ရှားသူ ကစောဝါး ထူထောင်သည့် ဥပဒေအခြေပြု အစိုးရ မဟုတ်သော အဖွဲ့ဖြစ်သည့် (Earth Rights International – ERI)လည်း ပါဝင်သည်။

ဘိလပ်မြေစက်ရုံကို တည်ဆောက်နေသည် ရွှေတောင်အုပ်စု၏ ဥက္ကဋ္ဌ ဦးအိုက်ထွန်းသည် ငွေကြေးခဝါချမှု အတွက် အဓိက စိုးရိမ်ရသည့်ဘဏ္ဍာရေး အဖွဲ့အစည်း အဖြစ် အမေရိကန်ပြည်ထောင်စုက ပစ်မှတ်ထား အရေးယူခဲ့သည့် ဘဏ်တခုကို ပူးတွဲတည်ထောင် စီမံခဲ့သူ ဖြစ်သည် ဟူသော အချက်ကိုလည်း လူမှုအခြေပြု အဖွဲ့အစည်းများက ပေးပို့သည့်စာတွင် ဖော်ပြထားသည်။ အာရှဓနဘဏ်သည် ၂၀၀၃ ခုနှစ်က ပြိုပျက်သွားခဲ့ပြီး မြန်မာနိုင်ငံ ဘဏ်လုပ်ငန်းတွင် အကြီးအကျယ် အကျပ်အတည်း ဖြစ်စေခဲ့သည်။

ဦးအိုက်ထွန်းကို အမေရိကန် အာဏာပိုင်များက မူးယစ်ဆေးဝါး ရောင်းဝယ်မှုနှင့် ပတ်သက်သူ အဖြစ် သတ်မှတ်ထား ကြောင်းလည်း ထိုပေးစာတွင် ဖော်ပြထားသည်။

တရုတ်-မြန်မာ စီးပွားရေး လုပ်ငန်းရှင် ဦးအိုက်ထွန်း၏ စီးပွားရေး လုပ်ငန်းများသည် ဆောက်လုပ်ရေး လုပ်ငန်းများမှ အိမ်ခြံမြေ လုပ်ငန်းများ အထိ ပါဝင်ပြီး အထက်ပါ စွပ်စွဲချက်များ အပေါ် နိုင်ငံတံခါးပိတ်ထားစဉ်က မနာလိုမှုဖြင့် ဖြန့်ချိခဲ့သည့် စွပ်စွဲချက်များဖြစ်သည် ဟု တုံ့ပြန်ပြောဆိုပြီး စွပ်စွဲချက်ကို ပယ်ချသည်။

ကမ္ဘာ့အကြီးဆုံး သန့်ရှင်းစွာ လုပ်ဆောင်သည့် သဘာဝပတ်ဝန်းကျင်နှင့် ရေရှည်တည်တံ့ရေး အတိုင်ပင်ခံ လုပ်ငန်း ဖြစ်သည် ဟု ၎င်းတို့ဘာသာ သတ်မှတ်ထားသည့် ERM ကို အိတ်ဖွင့်ပေးစာတွင် “ရပ်ရွာဒေသခံများနှင့် ညှိနှိုင်းဆွေးနွေး သည်မှာ ပေါ့ပေါ့တန်တန် မျှသာ ဖြစ်ပြီး နိုင်ငံတကာ ဘဏ္ဍာရေးကော်ပိုရေးရှင်း၏ လုပ်ငန်ဆောင်ရွက်မှု စံနှုန်းများနှင့် ကိုက်ညီရုံသာ ဆောင်ရွက်ခဲ့သည်ဟုဆိုသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Seamus Martov ၏  World Bank Arm Defends Mandalay Cement Factory Project Amid Civil Society Opposition ကို ဘာသာပြန်ဆိုသည်)

Did you find apk for android? You can find new Free Android Games and apps.
Loading