သတင်း

သတင်းသမားသုံးဦး တရားစွဲခံရမှု တင်ပြလာပါက အထူးကော်မရှင် ဆန်းစစ်မည်ဟုဆို

Want create site? Find Free WordPress Themes and plugins.

ဧရာဝတီနှင့် DVB သတင်းဌာနတို့မှ သတင်းသမားသုံးဦး ဖမ်းဆီးခံရမှုနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ သတင်းမီဒီယာ အဖွဲ့အစည်းများက တင်ပြလာပါက လေ့လာဆန်းစစ်မှုများ ပြုလုပ်ပေးမည်ဟု အထူးကိစ္စရပ်များ လေ့လာဆန်းစစ်ရေး ကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောသည်။

ယနေ့ နံနက်က နေပြည်တော် ၊ ဇေယျာသီရိ မြို့နယ် ရှိစိမ်းစားပင် ဘုန်းကြီးကျောင်းတွင် ပြုလုပ်ခဲ့သည့် ပညာရည်ချွန် ဆုပေးပွဲအပြီးတွင် ယင်းသတင်းသမားသုံးဦး ဖမ်းဆီးခံရမှုအပေါ် ကော်မရှင်အနေဖြင့် အထူးကိစ္စရပ် အဖြစ် လေ့လာ ဆန်းစစ်နိုင်ခြင်း ရှိ၊ မရှိ ဧရာဝတီ၏ မေးမြန်းမှုကို အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။

သူရဦးရွှေမန်းက“ တကယ်လို့ ကော်မရှင်ကို ရောက်လာမယ် ဆိုရင်တော့ ကော်မရှင်ရဲ့ အတွေး၊ ကော်မရှင်ရဲ့ အမြင်ကို လေ့လာသုံးသပ်ပြီးတော့ သက်ဆိုင်ရာများကို တင်ပြသွားမှာ ဖြစ်ပါတယ်” ဟု ဧရာဝတီကို ပြောသည်။

ထိုသတင်းသမား သုံးဦးသည် TNLA အဖွဲ့မှ ပြုလုပ်သည့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့အတွက် သွားရောက် သတင်း ယူပြီး အပြန် ဇွန်လ ၂၆ ရက်နေ့တွင် နမ့်ဆန်- သီပေါလမ်းပေါ်ရှိ နမ့်ဆန်မြို့နယ် ဘုရားကြီးကျေးရွာ၌ တပ်မတော် က တအာင်း (ပလောင်)အမျိုးသား လွတ်မြောက်ရေးတပ်မတော်(TNLA) နှင့် ဆက်သွယ်ခဲ့သည်ဟုဆိုကာ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ဧရာဝတီ သတင်းဌာနမှ အကြီးတန်း သတင်းထောက် ဦးသိန်းဇော်( လဝီဝမ် ) အပါအဝင် DVB သတင်းဌာနမှ အကြီးတန်း သတင်းထောက် ဦးအေးနိုင် ၊ သတင်းထောက် ကိုပြည့်ဘုန်းနိုင်တို့ကို တပ်မတော်က မတရားအသင်းနှင့်ဆက်သွယ်သည့် ပုဒ်မ ၁၇/၁ ဖြင့် သီပေါ ရဲစခန်းတွင် အမှုဖွင့်ထားခြင်း ဖြစ်သည်။

ယင်းဥပဒေ ပုဒ်မ ၁၇/၁ ကိုလည်း အထူးကော်မရှင်က ပြန်လည် ဆန်းစစ်ရန် အစီအစဉ်ရှိကြောင်း ဦးရွှေမန်းက ပြော သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading