ပဉ္စမအကြိမ်မြောက် တိုင်းရင်းမီဒီယာ ညီလာခံကို ကယားပြည်နယ် လွိုင်ကော်မြို့တွင် ၃ ရက်ကြာ ကျင်းပ ပြုလုပ်ခဲ့ပြီး နောက် ပြည်နယ်များရှိ တိုင်းရင်းသား မီဒီယာများ ဆက်လက် ရပ်တည်နိုင်ရန် ရလဒ်ကောင်းများ ထွက်ပေါ်လာကြောင်း တက်ရောက်ခဲ့ကြသည့် တိုင်းရင်းသား မီဒီယာသမားများက ပြောသည်။
တနှစ်ထက်တနှစ် ညီလာခံ ကျင်းပ ပြုလုပ်လာရာတွင် ပိုမိုကောင်းမွန်လာပြီး တိုင်းရင်းသား မီဒီယာများ ရေရှည် ရပ် တည်နိုင်ရန် ဥပဒေကြောင်းအရ ဆွေးနွေး ပြောဆိုမှုများအပေါ် အားရ ကျေနပ်ကြောင်း Burma News International အဖွဲ့ဝင် ကရင်ပြည်နယ် ဘားအံအခြေစိုက် KIC ကရင်သတင်းစဉ်မှ နန်းဖောဂေက ပြောသည်။
“တိုင်းရင်းမီဒီယာတွေရဲ့ ရေရှည်အကျိုးအတွက် ထည့်သွင်း ဆွေးနွေးသွားလို့ အရင်နှစ်တွေထက် အားရမှု ပိုရှိတယ်လို့ ပြောချင်ပါတယ်။ သတင်းအချက်အလက် ရယူမှုတွေ၊ လုံခြုံမှုတွေကအစ အမျိုးသမီးကဏ္ဍတွေလည်း ပါတယ်” ဟု ၎င်းက ပြောသည်။
၅ကြိမ်မြောက် ညီလာခံသို့ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် မွန်ပြည်နယ် ဝန်ကြီးချုပ် များ တက်ရောက်ခြင်းမှာ အစိုးရတာဝန်ရှိသူ အကြီးအကဲများ အနေဖြင့် ပထမဆုံးအကြိမ် တက်ရောက်လာခြင်း ဖြစ်ပြီး ပြည်နယ်များရှိ တိုင်းရင်းမီဒီယာသမားများ၏ အခက်အခဲများ၊ အားနည်းချက် ၊ အားသာချက်များကို ဝိုင်းဝန်း ဆွေးနွေးပြီး တောင်းဆိုမှုများပါ ပြုလုပ်နိုင်၍ အားရ ကျေနပ်ကြောင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့အခြေစိုက် မြစ်ကြီးနားဂျာနယ် CEO ဦးဘရမ်မိုင်က ပြောသည်။
“ ဒီတခေါက် ၅ ကြိမ်မြောက်မှာ ပြည်ထောင်စုဝန်ကြီးကိုယ်တိုင် တက်ရောက်တာကို တွေ့ရတယ်။ ဒါအောင်မြင်မှု တခုလို့ ပြောလို့ရတယ်။ ကယားပြည်နယ် ဝန်ကြီးချုပ်ပါ ဒီမှာလာတက်တယ် ဆိုကတည်းက ဒါဟာ တိုင်းရင်းမီဒီယာတွေကို အစိုးရ ဘက်က အသိအမှတ်ပြုတဲ့သဘော သက်ရောက်သွားတော့ ဒါ အောင်မြင်တယ်လို့ ပြောလို့ရတယ်” ဟု ဦးဘရမ်မိုင် က ပြောသည်။
ချင်းပြည်နယ် လွှတ်တော်နှင့် အစိုးရဌာနကြီးများတွင် အစိုးရပြန်ကြားရေးဌာနများမှအပ ချင်းပြည်နယ်ရှိ ချင်းမီဒီယာများ သတင်းရယူခွင့် မရရှိကြောင်းကိုလည်း ညီလာခံအတွင်း ဆွေးနွေးတင်ပြခဲ့ပြီး တိုင်းရင်း မီဒီယာများ ဝိုင်းဝန်း တောင်းဆို ပေးရန် ဆုံးဖြတ်ချက် ချမှတ်ခဲ့ကြောင်း The Chinland Post အယ်ဒီတာချုပ် ဆလိုင်းဟိုလီက ပြောသည်။
“လွှတ်တော် စတော့မယ်ဆိုတာနဲ့ အကုန်ထွက်ပေးရတယ်။ တခြား လွှတ်တော်တွေမှာလို အပြင်မှာလည်း TV နဲ့ Live လွှင့်ပေးတာ မရှိဘူး။ လွှတ်တော်ပြီးသွားလို့ ဘာတွေ ဆွေးနွေးခဲ့တယ်ဆိုတဲ့ Record လည်း မပေးပါဘူး။ ဟားခါးမှာ အခြေစိုက်တဲ့ ချင်းမီဒီယာစုပြီး လွှတ်တော်ဥက္ကဋ္ဌကို သွားတွေ့တယ်။ ပဉ္စမအကြိမ် လွှတ်တော်မှာ မီဒီယာ Corner တွေ လုပ်ပေးမယ်ဆိုပြီး ပြောထားရဲ့သားနဲ့ အခုထိ အဆင်မပြေသေးဘူး” ဟု ၎င်းက ပြောသည်။
ညီလာခံ ကျင်းပသည့် ပထမနေ့မှာပင် TNLA နယ်မြေအတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနှင့် ပတ်သက်သော သတင်း ရယူရန် သွားရောက်သည့် ဧရာဝတီသတင်းဌာနမှ သတင်းထောက်တဦးနှင့် DVB သတင်းဌာနမှ သတင်းထောက် ၂ ဦးကို အစိုးရတပ်မတော်က ဖမ်းဆီး ထိန်းသိမ်းလိုက်သည့်အပေါ် အမြန်ဆုံး ပြန်လွှတ်ပေးရန်၊ သတင်းရယူခွင့်နှင့် ရေးသား ပြောဆိုခွင့် အခွင့်အရေးများအား ဖိနှိပ်ထားသည့် ဥပဒေများ ရုပ်သိမ်းပေးရန်တို့ကိုလည်း သတင်းမီဒီယာ ကိုယ်စားလှယ် များက တောင်းဆိုခဲ့ကြသည်။
ဇွန်လ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့ အထိ ကျင်းပခဲ့သည့် ညီလာခံသို့ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီအဖွဲ့ဝင်များ၊ သတင်းမီဒီယာများ၊ သတင်းစာ ပညာသင်ကျောင်းများ၊ သတင်းမီဒီယာများအား ကူညီပံံ့ပိုးပေးနေသည့် အစိုးရ မဟုတ် သည့် နိုင်ငံတကာ အဖွဲ့အစည်းများ နှင့် ဂျာနယ်လစ်ကွန်ရက်များ စုစုပေါင်း ၈၇ ဖွဲ့ တက်ရောက်ခဲ့ကြသည်။