သတင်း

ရခိုင်ကိစ္စ အမျိုးသား လုံခြုံရေး ခြိမ်းခြောက်ခံနေရဟု ဗိုလ်ချုပ်ကြီးဟောင်း ပြော

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောဒေသ မတည်ငြိမ်မှုများသည် တိုင်းပြည်၏ အမျိုးသား လုံခြုံရေးတွင် ခြိမ်းခြောက်ခံ နေရခြင်း ဖြစ်၍ လက်ရှိ အစိုးရအနေဖြင့် နိုင်ငံလုံခြုံရေးအတွက် လုပ်သင့် လုပ်ထိုက်သည်များကို ပြည့်ပြည့်ဝဝ ဆောင်ရွက် ရန် လိုအပ်နေကြောင်း တပ်မတော် (ကြည်း၊ ရေ၊ လေ) ညှိနှိုင်း ကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးဟောင်း လှဌေးဝင်းက ပြော သည်။

ဗိုလ်ချုပ်ကြီးဟောင်း လှဌေးဝင်းက “အစိုးရရဲ့ လုပ်ဆောင်ချက်တွေဟာ လုပ်သင့် လုပ်ထိုက်တဲ့ဟာတွေ အပြည့်အဝ မဖြစ်ဘူးလို့ သုံးသပ်ပါတယ်။ တချို့ နေရာတွေမှာလည်း အထိမခံဘဲနဲ့ ပြောသင့်တဲ့ဟာ ပြောရမယ်။ ကန့်ကွက်သင့်တဲ့ဟာ ကန့်ကွက်ရမယ်” ဟု ယနေ့ (ဇွန်လ ၂၉ ရက်) နေပြည်တော်တွင် ပြည်သူ့လွှတ်တော် အစည်းအဝေး ခေတ္တရပ်နားစဉ် သတင်းထောက်များကို ပြောသည်။

သို့သော် အစိုးရက အမေရိကန်၊ ကုလသမဂ္ဂတို့က သုံးစွဲနေသည့် စကားလုံး ဝေါဟာရ တခုကိုပင် လက်မခံနိုင်ကြောင်း တရားဝင် ထုတ်ပြန် ပြောဆိုခြင်း မရှိသည့်အပြင် ဆိတ်ဆိတ်နေသဖြင့် ဝန်ခံသည့် သဘောမျိုး သက်ရောက်သွားလိမ့် မည်ဟုလည်း ၎င်းက သတိပေးသည်။

“ခြိမ်းခြောက်တာမှာ ဘက်ပေါင်းစုံကနေ ခြိမ်းခြောက်နေတာပါ။ ကျနော်တို့မှာ အကြမ်းဖက် ခြိမ်းခြောက်မှု အန္တရယ် ရှိနေ တယ်။ ရခိုင်ဒေသကို နိုင်ငံတကာကနေ အာရုံစူးစိုက်ခံထားရတဲ့ National Hotspot ဒေသဖြစ်အောင် ဘက်ပေါင်းစုံကနေ နည်းမျိုးစုံနဲ့ သရုပ်ဖော် နေတဲ့ အခြေအနေ ဖြစ်တယ်။ ဒါကြောင့် သတိကြီးကြီးထားဖို့ လိုပါတယ်”ဟု ဗိုလ်ချုပ်ကြီး ဟောင်းက ပြောသည်။

ဗိုလ်ချုပ်ကြီးဟောင်း လှဌေးဝင်းသည် အတိုက်အခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် တဦး ဖြစ်သလို ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဇေယျာသီရိ မဲန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ၂၀၁၅ ရွေးကောက်ပွဲတွင် ရွေးကောက်တင်မြှောက်ခံရသူ တဦးလည်း ဖြစ်သည်။

ယနေ့ ကျင်းပသည့် ပြည်သူ့လွှတ်တော်တွင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ရခိုင်ပြည်နယ်အတွင်း စုံစမ်း စစ်ဆေး နိုင်ရန် အချက်အလက် ရှာဖွေဖော်ထုတ်ရေးအဖွဲ့ (Fact Finding Mission)တဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး မြန်မာနိုင်ငံသို့ စေလွှတ် ရန် ဆုံးဖြတ်ချက်အပေါ် အစိုးရအနေဖြင့် ထိရောက် လုံလောက်သော တားဆီး ကန့်ကွက်မှု ပြုလုပ်ရန် မည်သို့ စီစဉ်ထား ကြောင်း သိရှိလိုသည်ဟု ၎င်းက မေးခွန်းထုတ်ခဲ့သည်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီသည် ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားသူများကို မေးမြန်းပြီး မှန်ကန် တိကျသည့် ထောက်ခံ တင်ပြချက်များ မပါဘဲ မြန်မာနိုင်ငံသို့ အချက်အလက် ရှာဖွေဖော်ထုတ်ရေး အဖွဲ့ စေလွှတ် ရန် ဆုံးဖြတ်ခြင်းသည် စာနာမှုကင်းမဲ့သည့် လုပ်ရပ်တခုဖြစ်ကြောင်း ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဗိုလ်ချုပ်ကြီးဟောင်း လှဌေးဝင်းက လွှတ်တော်တွင် ဆွေးနွေးသည်။

ဗိုလ်ချုပ်ကြီးဟောင်း လှဌေးဝင်းက “မိမိတို့ နိုင်ငံအအတွက် အကြမ်းဖက် အန္တရာယ်မှ ကြိုတင်ကာကွယ်ရေးနဲ့ လုံခြုံရေးအတွက် လုံခြုံရေး အဖွဲ့အစည်းများက ဆောင်ရွက်တဲ့ နေရာမှာ တည်ဆဲဥပဒေနဲ့အညီ ရင်ဆိုင် ဖြေရှင်းဖို့ကိုတောင် သတိထား ဆောင်ရွက်ရမှာ ဖြစ်လို့ မလုပ်ရဲ၊ မကိုင်ရဲနဲ့ အခက်အခဲများ တွေ့နေနိုင်ပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ထောက်ချောက်သဖွယ် ဖြစ်နေပါတယ်” ဟု ဆိုသည်။

ရခိုင်ပြည်နယ်၏ ပြဿနာကို ဖြေရှင်းနိုင်မည် မဟုတ်ဘဲ အသိုင်းအဝိုင်း ၂ ရပ်အကြား တင်းမာမှု ပိုမို ကြီးထွားလာစေခြင်း၊ လက်ရှိ ပကတိ အခြေအနေများနှင့် ကိုက်ညီမှုမရှိခြင်း၊ တည်ငြိမ်အေးချမ်းပြီး ရေရှည်တည်တံ့သော ဖြေရှင်းချက်များ ရရှိ ရေး အလေးထား ဆောင်ရွက်နေသဖြင့် ကုလသမဂ္ဂ၏ မစ်ရှင်ဖွဲ့စည်းမှုကို လက်မခံနိုင်ကြောင်း တုံ့ပြန်ခဲ့ပြီး ဖြစ်သည်ဟု နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်တင်က လွှတ်တော်တွင် ပြန်လည် ရှင်းပြခဲ့သည်။

ရခိုင်ဒေသတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိကြောင်း သက်သေ အထောက်အထား ခိုင်လုံမှု ရှိပါက ဥပဒေနှင့်အညီ လိုအပ်သည့် အရေးယူမှုများ ပြုလုပ်သွားရန် လိုအပ်ပြီး အစိုးရအနေဖြင့်လည်း သံတမန်ရေး မျက်နှာစာတွင် နိုင်ငံတော်၏ အချုပ်အခြာ အာဏာ၊ နိုင်ငံပုံရိပ်အတွက် စွပ်စွဲချက်များကို ခေါင်းခံပြီး တုံ့ပြန်ပေးမည်ဟု ၎င်းက ပြောသည်။

ရခိုင်ပြည်နယ်တွင် အမတ်နေရာအများဆုံး အနိုင်ရရှိထားသည့် ရခိုင် အမျိုးသားပါတီမှ ဦးဦးလှစောက “လက်မခံဘူး ဆိုရင်လည်း ဒီအဖွဲ့က နိုင်ငံတကာကို သွားပြီး ဒီအစီရင်ခံစာကို တင်မှာပဲ။ ဒါကို လက်မခံဘူး ဆိုတာထက် ပိုပြီးတော့ ပြင်းပြင်းထန်ထန် ကန့်ကွက်ရမှာ။ အခု အစိုးရရဲ့ တုံ့ပြန်ပုံက နည်းနည်းပျော့လွန်းတယ်လို့ ထင်တယ် ” ဟု ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading