သတင်း

ဦးကျော်မင်းဆွေရုံးချိန်း တရားလိုဖြစ်သူ လာရောက်မထွက်ဆို

The Voice အယ်ဒီတာချုပ် ဦးကျော်မင်းဆွေကို ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆိုထားသည့် တရားလိုဖြစ်သူ ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီးလင်းထွန်းက ယနေ့ရုံးချိန်းတွင် ခွင့်တင်၍ လာရောက်ထွက်ဆိုခြင်း မရှိသည်ကို တွေ့ရသည်။

ယနေ့လေးကြိမ်မြောက်ရုံးချိန်းတွင် ဦးကျော်မင်းဆွေ၏ အာမခံ ထပ်မံလျှောက်ထားမှုကို ဗဟန်းမြို့နယ် တရားသူကြီးက ထပ်မံပယ်ချခဲ့သည်။

ဦးကျော်မင်းဆွေ၏ ဥပဒေအကြံပေးဦးခင်မောင်မြင့်က “တရားသူကြီးရဲ့ သုံးသပ်ချက်မှာ သက်သေကိုမစစ်ရသေးလို့ အာမခံမပေးနိုင်ဘူးဆိုတာ ပါလာတယ်။ သူပြောပုံအရ သက်သေစစ်ပြီးရင် အာမခံပေးကောင်းပေးနိုင်ပါတယ်” ဟု ဆိုသည်။

ဦးကျော်မင်းဆွေကို ယနေ့စစ်ဆေးချက်မှာ ဒုဗိုလ်မှူးကြီးလင်းထွန်းက ဗဟန်းရဲစခန်းသို့ တိုက်ရိုက်တိုင်ကြားခဲ့မှုအတွက် ပုဒ်မ ၆၆ (ဃ) ဖြင့် စစ်ဆေးနေခြင်းဖြစ်ပြီး၊ ဗဟန်းတရားရုံးသို့ ဦးတိုက်သီးခြားလျှောက်ထားမှုကို ယနေ့အထိ တရားရုံးတင် ပုဒ်မတပ်စွဲဆိုခြင်း မရှိသေးကြောင်း ဦးခင်မောင်မြင့်က ပြောသည်။

အယ်ဒီတာချုပ်ဦးကျော်မင်းဆွေကို ပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆိုထားသည့်အမှုကို ဆက်လက်စစ်ဆေးမည့် ရုံးချိန်ကို ဇူလိုင်လ ၇ ရက်သို့ ပြန်လည်ချိန်းဆိုထားကြောင်း သိရသည်။

“ကျည်ထောင်စုသစ္စာ”သရော်စာဆောင်းပါးနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်း စစ်ဌာနချုပ်၊ ဒုတိယဗိုလ်မှူးကြီး လင်းထွန်းက မေလ ၁၇ ရက်တွင် ဗဟန်းမြို့နယ် ရဲစခန်းနှင့် ဗဟန်းတရားရုံးတို့၌ The Voice အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနှင့် သရော်စာဆောင်းပါးရှင် ဗြိတိသျှကိုကိုမောင်တို့ကို အရေးယူပေးရန် သီးခြားစီ ထပ်မံတိုင်ကြားခဲ့ခြင်း ဖြစ်သည်။

ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) သည် ယနေ့ခေတ်နှင့် ကိုယ်ညီခြင်းမရှိသဖြင့် ပယ်ဖျက်ပေးပါရန် ပြည်တွင်း သတင်းမီဒီယာအဖွဲ့များနှင့် နိုင်ငံတကာ သတင်းမီဒီယာအဖွဲ့များက တောင်းဆိုထားကြသည်။

Loading