သတင်း

UWSA က မူးယစ်ဆေး မထုတ်တော့ကြောင်း လာလေ့လာရန် ဖိတ်ခေါ်

Want create site? Find Free WordPress Themes and plugins.

“ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ တောင်ပိုင်း ၊ ၁၇၁ စစ်ဒေသတွင် ဘိန်းစိုက်ပျိုးမှု၊ မူးယစ်ဆေးဝါး ထုတ်လုပ်မှုများ ရှိ/မရှိ ပြည်တွင်းနှင့် နိုင်ငံတကာမှ လေ့လာလိုပါက UWSA တောင်ပိုင်းရှိ ဆက်ဆံ ရေးရုံးကို ဆက်သွယ်ပြီး လာရောက်နိုင်ကြောင်း သတင်းရရှိသည်။

၁၇၁ စစ်ဒေသ၊ ဒုစစ်ဦးစီးမှူး၏ ပြောရေးဆိုခွင့် ရှိသူ ဦးဟဲလူက “တဦးတယောက် တဖွဲ့အနေနဲ့ ဒီအတိုင်း ဝင်လာမယ်ဆိုရင် မလိုလားအပ်တဲ့ ပြဿနာဖြစ်မှာ စိုးလို့ ပြင်ပဆက်ဆံရေး ဌာနကနေ တဆင့် လာရောက်ရင် အဆင် ပြေပါတယ်။ နိုင်ငံခြားကသူတွေ၊ သတင်းဌာနတွေ လာရောက်ဖို့က အစိုးရဘက်က ပံ့ပိုးကူညီပေးမှ ဆောင်ရွက်နိုင်တာလေ” ဟု ဧရာဝတီကို ပြောသည်။

“ဝ” တောင်ပိုင်း ဒေသအတွင်း ဘိန်းစိုက်ပျိုးခြင်း၊ မူးယစ်ဆေးဝါး ဖြန့်ချိ ရောင်းချခြင်း မရှိတော့သည်ကို လေ့လာလိုပါက လားရှိုးမြို့ရှိ UWSA ပြင်ပ ဆက်ဆံရေးရုံးဌာနကို ဆက်သွယ်ရမည်ဖြစ်ကြောင်း၊ ထိုရုံးက ဗဟိုသို့ တင်ပြပြီး ဗဟိုက ၁၇၁ စစ်ဒေသဌာနကို လမ်းညွန်ချက်များ ပို့ပေးမည် ဖြစ်ကာ ထိုခွင့်ပြုချက်ဖြင့် လာရောက် လေ့လာနိုင်ကြောင်း ၊ ယခင်ကာလများက UWSA ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသသို့ ပြင်ပမှ လူများကို မဖိတ်ခေါ်နိုင်သည်မှာ နိုင်ငံရေးနှင့် လမ်းပန်းဆက်သွယ်ရေး အခြေအနေ မကောင်းခြင်း တို့ကြောင့် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

UWSA ၏ ဆက်ဆံရေးရုံးများမှာ ရှမ်းပြည်နယ်အတွင်းရှိ လားရှိုး၊ ကျိုင်းတုံ၊ တာချီလိတ် ၊ တောင်ကြီးတို့၌ တည်ရှိသည်။

“ဝ” တောင်ပိုင်းဒေသတွင် ၂၀၁၁ ခုနှစ်မှစ၍ မူးယစ်တိုက်ဖျက်ရေး တပ်ဖွဲ့ကို ဖွဲ့စည်းထားပြီး ယင်းအောက်တွင် တပ်ဖွဲ့ငယ် ၇ ဖွဲ့ ထပ်မံ ဖွဲ့စည်းထားကာ ထိုတပ်ဖွဲ့ငယ်များက “ဝ” ဒေသတွင်း လမ်းများကို ပိတ်ဆို့ စစ်ဆေးခြင်း၊ သတင်းရပါက နေအိမ်များအတွင်း ဝင် ရောက်ရှာဖွေ စစ်ဆေးခြင်း၊ မူးယစ်ဆေး သုံးစွဲသူများကို ပထမအကြိမ် ဖမ်းမိလျှင် စစ်သင်တန်း တက်ခိုင်းပြီး ဒုတိယအကြိမ် ဖမ်းမိပါက ထောင်ဒဏ်ချမှတ်ခြင်းများ ပြုလုပ်သည်ဟု ၁၇၁ စစ်ဒေသ အကြီးအကဲများက ပြောသည်။

၁၇၁ စစ်ဒေသနှင့် နယ်နိမိတ်ချင်းဆက်နေသည့် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ် ဒေသခံများ၊ ရပ်မိရပ်ဖများထံ ဧရာဝတီက စုံစမ်းမေးမြန်းရာ UWSA သည် ဘိန်းပင်များ မစိုက်တော့သော်လည်း ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ ဘိန်းစိုက်သူများထံမှ ဘိန်းမည်းများ ဝယ်ယူသည်ဟု ဒေသခံများက ပြောဆိုကြသည်။

၁၇၁ စစ်ဒေသ၊ အမှတ် ၂ နယ်မြေ ဦးစီးမှူး ဦးရန်ကော်ကျုံးကလည်း “ နိုင်ငံတော်ဌာနမှ ကိုယ်စားလှယ်များ၊ လွှတ်တော် ကိုယ်စား လှယ်များ၊ ပြည်သူများ၊ နိုင်ငံခြားသားများ ကျနော်တို့ “ဝ” နယ် တောင်ပိုင်းကို လာရောက် စစ်ဆေး လေ့လာဖို့အတွက် ရိုးသားစွာ ဖိတ်ခေါ်ပါတယ်” ဟု ပြောထားသည်။

၁၇၁ စစ်ဒေသ၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့တွင် ဘိန်းစိုက်ပျိုး ထုတ်လုပ်ခြင်း၊ ရောင်းဝယ် ဖောက်ကားခြင်း၊ မှီဝဲ သုံးစွဲခြင်း ဆိုသည့် မူဝါဒ ၃မျိုး ချမှတ်ကာ အဓိက တိုက်ဖျက်နေ၍ ဒေသအတွင်း မူးယစ်ဆေးဝါး သုံးစွဲ သူ ၉၀ ရာခိုင်နှုန်း ကျဆင်းသွားပြီဟုလည်း ၎င်းက ပြောသည်။

Myanmar Peace Monitor ၏ မှတ်တမ်းများတွင်မူ UWSA က မူးယစ်ဆေးဝါး ကင်းမဲ့ဇုန်ဟု ၎င်းတို့ နယ်မြေကို ကြေညာထား သော်လည်း နိုင်ငံတကာ စစ်တမ်းများအရ ဘိန်းဖြူနှင့် မူးယစ် စိတ်ကြွဆေးများကို ကုန်သွယ်ရေး ပြုလုပ်နေသည့် တပ်ဖွဲ့ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံမှ အာဏာပိုင်များကလည်း နိုင်ငံအတွင်း ဝင်ရောက်လာသည့် မူးယစ်ဆေးဝါးများမှာ UWSA ဘက်မှ မှောင်ခိုပို့နေခြင်း ဖြစ် ကြောင်း ပြောဆိုထားသည်။

UWSA ဒေသအတွင်း မူးယစ်ဆေးဝါး မှောင်ခိုလုပ်သူများမှာ “ဝ” ဒေသအတွင်း နေထိုင်သူများ မဟုတ်ဘဲ ပြင်ပမှ လာရောက်သူများဖြစ်၍ အစိုးရ ထိန်းချုပ်နယ်မြေတွင် နေထိုင်သူများ ဖြစ်ပါက အစိုးရထံ လွှဲပြောင်းမှုများလည်း ပြုလုပ်သည်ဟု ၁၇၁ စစ်ဒေသမှ အကြီးအကဲ များက ပြောသည်။

UWSA သည် ၂၀၁၄ ခုနှစ်မှ ၂၀၁၇ ခုနှစ် ၊ ဇွန်လအထိ ဖမ်းမိထားသည့် စိတ်ကြွဆေးပြား ၂,၇၂၈,၅၉၉ ပြား၊ ဘိန်းဖြူ ၄ ကီလိုဂရမ် ၊ ဘိန်းမည်း ၁၄ ကီလိုကို ဇွန်လ ၂၆ ရက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့တွင် မီးရှို့ ဖျက်ဆီးခဲ့သည်။

UNODC (ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှု ဆိုင်ရာရုံး)၏ ၂၀၁၅ ခုနှစ်၊ အရှေ့တောင်အာရှ ဘိန်းစိုက်ပျိုးခြင်း စစ်တမ်းတွင် “ဝ” ဒေသသည် ၂၀၀၅ ခုနှစ်မှစ၍ ဘိန်းစိုက်ပျိုးမှု ကင်းစင်သည့် ဒေသဖြစ်ကြောင်း၊ ၂၀၁၅ခုနှစ် ဖေဖော်ဝါရီလတွင် UNODC အဖွဲ့သည် ယင်း ဒေသသို့ သွားရောက်ကာ ယခင်က ဘိန်းစိုက်ပျိုးခဲ့သည့်နေရာများကို လေ့လာခဲ့ရာ ရော်ဘာ နှင့် လက်ဖက်ပင်များကို အစားထိုး စိုက်ပျိုး ထားကြောင်း ရေးသားထားသည်။

UNOD၏ ၂၀၁၅ ခုနှစ်၊ အရှေ့တောင်အာရှ ဘိန်းစိုက်ပျိုးခြင်း စစ်တမ်းအရ မြန်မာနိုင်ငံအတွင်း ဘိန်းစိုက်ပျိုးသည့် ဧရိယာအနက် ၃၁ ရာခိုင်နှုန်းမှာ ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် စိုက်ပျိုးသည်ဟု ပါရှိသည်။

UWSA ၊ ၁၇၁ စစ်ဒေသမှာ မြန်မာ-ထိုင်း နယ်စပ်တွင် ဖြစ်ပြီး “ဝ” ဒေသမှာ ထိုင်းနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။

UWSA သည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပန်ဆန်း၊ နားဖန်း၊ မက်မန်း၊ ဟိုပန်၊ ပန်ဝိုင်၊ မိုင်းမော မြို့နယ်များကို ခရိုင် ၂ ခုခွဲကာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းအဖြစ် ရရှိထား၍ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်အဖြစ် တိုးမြှင့်ပေးရန် အစိုးရနှင့် ညှိနှိုင်းလျက် ရှိသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading