မလေးရှားနိုင်ငံသို့ မြန်မာအလုပ်သမားစေလွှတ်မှု ယာယီပိတ်ထားခြင်းကို ပြန်လည်ခွင့်ပြု လိုက်ပြီဖြစ်သည်။
မလေးရှားနိုင်ငံသို့ မြန်မာအလုပ်သမားများစေလွှတ်မှုကို ပြန်လည်ခွင့်ပြုသည့်အမိန့်အား ဇွန်လ ၂၆ ရက်က ထုတ်ပြန်ခဲ့ကြောင်း ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF ) အထွေအထွေအတွင်းရေးမှူး ဦးကျော်ထင်ကျော်က ပြောသည်။
“မလေးရှားက အလုပ်သမားသံအရာရှိက လက်မှတ်ထိုးပေးထားတဲ့ လူ ၄,၀၀၀ လောက်ကို အရင်ပို့ပေးဖို့ ပြင်ဆင်နေပါပြီ။ ဒီရက်ပိုင်းပို့ပေးမှာပါ။ အဲဒါပြီးရင်တော့ ခေါ်စာကျထားတဲ့လူတွေကို ဆက်တိုက်ပို့ပေးသွားမယ်” ဟု ၎င်းကဆိုသည်။
လက်ရှိတွင် မလေးရှားမှ အလုပ်ခေါ်စာကျထားသည့် အလုပ်သမားဦးရေနှင့် သံအရာရှိလက်မှတ်ထိုးပေးထားသည့် အလုပ်သမားစုစုပေါင်း ၈,၀၀၀ ဝန်းကျင် ရှိကြောင်း ဦးကျော်ထင်ကျော်က ဧရာဝတီကို ပြောသည်။
မလေးရှားနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများ၊ ပဋိပက္ခများကြောင့် မြန်မာအလုပ်သမား စေလွှတ်မှုကို မြန်မာအစိုးရက ၂၀၁၆ ခုနှစ်ဒီဇင်ဘာလမှ စတင်၍ ယာယီပိတ်ထားခဲ့ခြင်း ဖြစ်သည်။ မလေးရှားသို့ အလုပ်သမားစေလွှတ်မှု ခေတ္တပိတ်ထားခြင်းသည် မိမိနိုင်ငံသားများ၏ လုံခြုံရေးအတွက် ဆောင်ရွက်ထားခြင်းသာ ဖြစ်ကြောင်း အလုပ်သမားဦးစီးဌာန တာဝန်ရှိသူက ပြောဆိုခဲ့သည်။
မလေးရှားနိုင်ငံ၌ တရားဝင် မြန်မာအလုပ်သမား ၂ သိန်း ဝန်းကျင်ရှိကြောင်း အလုပ်သမားဦးစီးဌာနက ပြောုဆိသည်။ ထို့အတူ တရားမဝင် အလုပ်သမားဦးရေသည်လည်း သိန်းချီ၍ရှိကြောင်း မလေးရှားရှိ အလုပ်သမားအရေး ဆောင်ရွက်နေသူများက ပြောသည်။
မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ အလုပ်သမားစေလွှတ်နေသည့် အေဂျင်စီပေါင်း ၂၆၀ ဝန်းကျင် ရှိသည့်အနက် မလေးရှားနိုင်ငံသို့ ပို့ဆောင်ပေးနေသည့် အေဂျင်စီ ၁၀၀ ဝန်းကျင်ရှိကြောင်း အလုပ်သမားဝန်ကြီးဌာနက ပြောဆိုထားသည်။ မြန်မာအလုပ်သမား စေလွှတ်မှု အများဆုံးနိုင်ငံများမှာ ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့ဖြစ်သည်။