သတင်း မီဒီယာသမားများအပေါ် ဆက်သွယ်ရေးဥပဒေ၊ မတရားအသင်း ဆက်သွယ်မှု ဥပဒေများဖြင့် ဖမ်းဆီး တရားစွဲဆို နေခြင်းများနှင့် ပတ်သက်ပြီး ကန့်ကွက်ကြောင်း လက်မှတ်ထိုး လှုပ်ရှားမှုကို ဇွန်လ ၃၀ ရက် နေ့လယ်ပိုင်းက ရန်ကုန် မြို့တော် ခန်းမရှေ့တွင် ပြုလုပ်သည်။
လှုပ်ရှားမှုကို မြန်မာ သတင်းသမားများ ကာကွယ်ရေး ကော်မတီ(PCMJ)က ဦးဆောင်ကာ ဖမ်းဆီးခံထားရသည့် သတင်း သမားများအား ပြန်လွှတ်ပေးရေးနှင့် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) ဖျက်သိမ်းရေးတို့ကို တောင်းဆိုခဲ့ကြသည်။
PCMJ မှ ဦးသာလွန်ဇောင်းထက်က “မီဒီယာအပေါ် ဖိနှိပ်လာတဲ့ လုပ်ရပ်တွေကို မီဒီယာ လွတ်လပ်ခွင့်နဲ့ပဲ ဥပဒေနဲ့ အညီ ပြန်တိုက်ယူရမယ်၊ အခုတပ်မတော်က ဥပဒေအမျိုးမျိုးနဲ့ သတင်းသမားတွေကို ဖမ်းဆီးတဲ့ လုပ်ရပ်ကို ကန့်ကွက်တယ်”ဟု ပြောသည်။
တပ်မတော်အနေဖြင့် “ကျည်ထောင်စုသစ္စာ” သရော်စာနှင့်ပတ်သက်၍ ရေးသားသူ ဗြိတိသျှကိုကိုမောင် နှင့် The Voice အယ်ဒီတာချုပ် ဦးကျော်မင်းဆွေတို့ကို တရားစွဲဆိုမှုပြုလုပ်ခဲ့ပြီး ထိုအမှုအတွက် ဦးကျော်မင်းဆွေမှာ ဗဟန်းတရားရုံးတွင် ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ)ဖြင့် အမှုရင်ဆိုင်ရလျက် ရှိနေသည်။
ပြီးခဲ့သည့် ဇွန်လ ၂၆ ရက်နေ့ကလည်း ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA) ထိန်းချုပ် နယ်မြေတွင်း ဖမ်းဆီးရမိထားသည့် မူးယစ်ဆေးများ မီးရှို့ဖျက်ဆီးသည့် အခမ်းအနား သတင်းသွားယူခဲ့သည့် ဒီမိုကရက်တစ် မြန်မာ့ အသံ (DVB) မှ သတင်းထောက် ၂ ဦးနှင့် ဧရာဝတီ သတင်းဌာနမှ သတင်းထောက် ၁ ဦးတို့ကို အကြမ်းဖက် အဖွဲ့နှင့် ဆက်သွယ်သည်ဟု ဆိုကာ ဖမ်းဆီးခဲ့ပြီး ၃ ရက်မြောက်နေ့တွင် မတရားအသင်း ဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇(၁) ဖြင့် အမှုဖွင့်ကာ ရှမ်းပြည်နယ် သီပေါထောင်တွင် ထိန်းသိမ်းထားသည်။
TNLA သည် တပ်မတော်နှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည့် အဖွဲ့တခုဖြစ်ပြီး ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံ ညီလာခံ အစည်းအဝေးကို တက်ရောက်ခဲ့ကာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရ ခေါင်းဆောင်းများနှင့် တွေ့ဆုံ ခဲ့သည့် အဖွဲ့ဖြစ်သည်။
တပ်မတော်၏ မီဒီယာများအပေါ် တရားစွဲဆို ဖမ်းဆီးမှုများအား ကန့်ကွက်သည့် လက်မှတ်များကိုလည်း အခြားသော အရပ်ဘက် အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ သက်ဆိုင်ရာ တာဝန်ရှိသူများထံ ပေးပို့မည်ဖြစ် ကြောင်းလည်း PCMJ ကော်မတီဝင်များက ပြောကြားသည်။