သတင်း

ကျောက်ဖြူမြို့နယ် လယ်သမားများသို့ ပေးချေရမည့် မြေလျော်ကြေးငွေများ ပျောက်ဆုံးနေ

Want create site? Find Free WordPress Themes and plugins.

၀၁၄ ခုနှစ်က ဆည်တခု တည်ဆောက်ရန် မြေယာများ စွန့်လွှတ်ခဲ့ရသည့် ကျောက်ဖြူမြို့နယ် ပြိုင်းစေ့ကေရွာသားများသို့ ပေးရန် ကျန်ရှိနေသော မြေလျော်ကြေးများ ထုတ်ပေးရန် အစီအစဉ် ရှိ-မရှိ ရခိုင်အမျိုးသားပါတီမှ လွှတ်တော် ကိုယ်စားလှယ် ဦးဖိုးစံက ရခိုင်ပြည်နယ်အစိုးရအား တနင်္လာနေ့ လွှတ်တော်အစည်းအဝေးတွင် မေးမြန်းခဲ့သည်။

သို့သော် ထိုငွေများမှာ လယ်သမားများထံ မရောက်ဘဲ ပျောက်ဆုံးနေသည်။

ထိုရေကာတာ စီမံကိန်း၏ မြေလျော်ကြေး အတွက် ကျပ်ငွေ ၆၅ သန်း ဝန်းကျင် ခွဲဝေပေးထားကြောင်း ရခိုင်ပြည်နယ်၏ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် စာရင်းဇယားတွင် ဖော်ပြထားသည်။ ယခင် အရပ်သားတပိုင်း အစိုးရသည် ထိုရေကာတာ စီမံကိန်းကို ကြီးကြပ်ခဲ့ပြီး ထိုဆည်သည် နောင်တွင် တည်ဆောက်မည့် ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းကို ရေပေးဝေမည် ဖြစ်သည်။

အထက်ပါ စီမံကိန်းကို အကောင်အထည် မဖော်မီ အစိုးရက မြေတဧကလျှင် ကျပ် ၁ ဒသမ ၈ သန်း ပေးလျော်ရန် သဘောတူခဲ့သည်။ ထိုလျော်ကြေးမှာ ဒေသပေါက်ဈေးအောက် များစွာ နိမ့်ကျနေသည် ဟုလည်း လယ်သမားများက ပြောသည်။ မြန်မာ့ ကျောက်ဖြူ အထူးစီးပွားရေးဇုန် အများပိုင် ကုမ္ပဏီလီမိတက် (MKSH) က အစိုးရနှင့် လယ်သမားများ အကြား ညှိနှိုင်းပေးခဲ့သည်။

MKSH သည် ရခိုင်ပြည်နယ်၏ ဒေသအသီးသီးမှ ကုမ္ပဏီ ၁၇ ခု ဖြင့် ပါဝင်ဖွဲ့စည်းထားခြင်း ဖြစ်သည်။

လယ်သမားတချို့ မြေတဧကလျှင် ကျပ် ၃ ဒသမ ၈ သန်း နှုန်း လျော်ကြေးကို လက်ခံရန် သဘောတူသော်လည်း မြေပိုင်ရှင် အလိုက် နှုန်းထား အနည်းငယ် ကွဲပြားမှုရှိသည်။ အစိုးရနှင့် MKSH တို့က လယ်သမား ၉ ဦးအား ၂၀၁၄ ခုနှစ်တွင် ကျပ် ၂၉ ဒသမ ၄ သန်း ပေးခဲ့သည် ဟု အစိုးရ စာရင်းဇယားများ အရ သိရသည်။ မြေလျော်ကြေး အတွက် MKSH က မည်မျှစိုက်ထုတ် ပေးခဲ့သည်ကို ယခင်အစိုးရက သော်လည်းကောင်း၊ လက်ရှိ အစိုးရက သော်လည်းကောင်း ရှင်းလင်းပြောကြားခြင်း မရှိပေ။

ရေကာတာမြေ လျော်ကြေး အတွက် သတ်မှတ်ငွေမှာ ကျပ် ၆၅ သန်း ဖြစ်သောကြောင့် ကျပ် ၃၅ ဒသမ ၅ သန်းခန့်မှာ စာရင်းပျောက် နေသည် ဟု လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးစံ က ထောက်ပြသည်။ ထိုကိစ္စကို အရေးယူ ဆောင်ရွက်ရန် လည်း သူက ပြည်နယ် အစိုးရကို တိုက်တွန်းသည်။

MKSH သည် အစိုးရ၏ ထိုရန်ပုံငွေမှ ကျပ် ၂ ဒသမ ၈ သန်းကို ထုတ်ယူပြီး ဘဏ်တခုတွင် အပ်နှံထားကြောင်း ပြည်နယ် စိုက်ပျိုးရေး နှင့် မွေးမြူရေးဝန်ကြီး ဦးကျော်လွင်က တနင်္လာနေ့တွင် ပြောဆိုခဲ့သော်လည်း MKSH ၏အဖွဲ့ဝင် ဦးကျော်စိုးက ယင်းပြောဆို ချက်ကို ဗုဒ္ဓဟူးနေ့တွင် ငြင်းဆိုခဲ့သည်။

MKSH သည် မည်သည့်အခါကမှ အစိုးရထံမှ ငွေကို ပြန်လည် ထုတ်ယူခြင်း မရှိကြောင်း ဦးကျော်စိုးက ပြောသည်။ MKSH သည် သိမ်းဆည်းမြေများ အတွက် ကျပ် ၂၈ သန်းစိုက်ထုတ်ပေးခဲ့ပြီး ထိုငွေများအနက် ကျပ် ၁၈ ဒသမ ၅ သန်းကိုသာ ပြည်နယ် အစိုးရက နောင်တွင် MKSH အား ပြန်လည် ပေးအပ်ခဲ့သည် ဟု ဆိုသည်။

“ဒီကိစ္စမှာ တခုခုတော့ အကြီးအကျယ် မှားနေတယ်။ ကျန်တဲ့ ငွေတွေ ဘယ်ရောက်နေသလဲ ဆိုတာ ကျနော်တို့လည်း မသိဘူး။ ဒါက ရှင်းကို ရှင်းမှ ဖြစ်မယ်။ အစိုးရက MKSH ကို ငွေလွှဲတာမျိုးလည်း မရှိပါဘူး” ဟု ဦးကျော်စိုး က ရှင်းပြပြီး MKSH သည် ယခုသီတင်းပတ် အတွင်း ပြည်နယ် အစိုးရအဖွဲ့နှင့် တွေ့ဆုံမည် ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များ ပါ အစည်း အဝေးသို့ လိုက်ပါနိုင်ရန် ဖိတ်ကြားမည် ဟုပြောသည်။

မြေလျော်ကြေးကို လယ်သမားများသို့ တိုက်ရိုက်ပေးသင့်ပြီး MKSH သို့ ပေးရန် မသင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးစံက ပြောသည်။ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် အများအပြားထံ ဧရာဝတီ သတင်းဌာနက ဖုန်းဖြင့် ဆက်သွယ်ခဲ့ သော်လည်း အားလုံးက အငြင်းပွားဖွယ်ရာ ပြည်နယ်ဘဏ္ဍာငွေကိစ္စနှင့် ပတ်သက်ပြီး ဖြေကြားရန် ငြင်းဆိုကြသည်။

ထိုစီမံကိန်း အတွက် အသုံးပြုမြေကို အစိုးရက မည်သို့ တွက်ချက်ခဲ့သည်ကိုလည်း ရှင်းရှင်းလင်းလင်း မသိရပေ။ ပြိုင်းစေ့ကေ ကျေးရွာမှ မြေပိုင်ရှင် ဦးသန်းထွန်းက အာဏာပိုင်များသည် တောင်စောင်းမြေများ၊ နွားစားကျက်ကုန်းများကို မြေလွတ်မြေရိုင်း အဖြစ်သတ်မှတ်ကာ လျော်ကြေးငွေ မပေးကြောင်း ပြောပြသည်။

သူက “ကျနော်တို့ စပါးစိုက်လယ် ၅ ဧက အတွက်ပဲ လျော်ကြေးရတာပါ” ဟု လယ်သမား ၉ ဦးပိုင်မြေများကို ရည်ညွန်း ပြောသည်။

MKSH ဒုဥက္ကဋ္ဌ ဦးကျောက်တောင်က စီမံကိန်းကို မစတင်မီကတည်းက လယ်သမားများမှာ သင့်တင့်သော မြေလျော်ကြေး နှုန်းထားကို လိုလိုလားလား လက်ခံရယူ ထားကြောင်း ပြောသည်။

MKSH အဖွဲ့ဝင် ဦးကျော်စိုးကလည်း ၎င်းတို့၏ ရေကာတာ တည်ဆောက်ရေး လုပ်ငန်းမှာ ကျပ်ငွေ သန်း ၂၂၀ ကုန်ကျခဲ့ ကြောင်း ထို့ကြောင့် ကျပ်ငွေ ၆၅ သန်းကိစ္စမှာ ရေကာတာကိစ္စနှင့် မသက်ဆိုင်ကြောင်း သီးသန့်ကိစ္စ ဖြစ်ကြောင်း ပြောသည်။

“ဒီကိစ္စက ကျနော်တို့ရဲ့ ဂုဏ်သိက္ခာကိုလည်း ထိခိုက်တယ်။ တရားစွဲဆိုတဲ့ အထိ လုပ်သွားမှာ” ဟု MKSH အဖွဲ့ဝင် ဦးကျော်စိုးက ဆိုသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသည့် မိုးမြင့်၏ Land Compensation Funds for Kyaukphyu Township are Seemingly Misplaced ကို ဘာသာပြန်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading