ပြည်သူ့ကျန်းမာရေးအတွက် အရေးပါသောဝန်ထမ်းတရပ်ဖြစ်သည့် သူနာပြုလောက ပြုပြင်ပြောင်းလဲမှုများကို ပြည်ထောင်စု အစိုးရအဖွဲ့သို့တင်ပြ၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောသည်။
နေပြည်တော်တွင် ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဂန့်ဂေါမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင်တင်သွင်းသည့် သူနာပြုလောကကို ပြုပြင်ပြောင်းလဲမှုများလုပ်၍ နိုင်ငံတော်၏ ကျန်းမာရေးကဏ္ဍကို မြှင့်တင်ပေးပါရန် အစိုးရအား တိုက်တွန်းသည့်အဆိုအပေါ် ဝန်ကြီးက ပြန်လည်ဆွေးနွေး ပြောဆိုခြင်းဖြစ်သည်။
ဝန်ကြီးဒေါက်တာမြင့်ထွေးက “ဝန်ကြီးဌာနရဲ့ လုပ်ပိုင်ခွင့်ရှိတာတွေ အကုန်လုပ်ပေးမယ်။ လုပ်ပိုင်ခွင့်မရှိတာကိုတော့ တင်ပြပြီးလုပ်ပေးမယ်။ အမြန်လုပ်မယ်။ ပြုပြင်ပြောင်းလဲရေးလုပ်ရင်းနဲ့ ထပ်ပြောင်းဖို့လိုတာတွေ ပြောင်းမယ်” ဟု လွှတ်တော်အပြီးတွင် သတင်းထောက်များကို ပြောဆိုသည်။
ကျန်းမာရေးဝန်ထမ်းများဖြစ်သည့် သူနာပြု၊သားဖွားများသည် လစာရရှိမှု နည်းပါးခြင်း၊ ရာထူးတိုးသော်လည်း လစာမတိုးခြင်း၊ မြို့နေဝန်ထမ်းများလည်း ဝန်ထမ်းအိမ်ရာ သီးသန့်မရသဖြင့် လူများစုပေါင်းနေထိုင်ရခြင်းနှင့် ပညာရပ်မတိုးပွားခြင်းတို့ ရှိနေကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ထောက်ပြခဲ့ကြသည်။
အစိုးရက အကုန်အကျခံမွေးထုတ်ပေးထားသည့် အရည်အချင်းရှိသူနာပြုများ ထပ်မံဆုံးရှုံးမှု မဖြစ်ပေါ်စေရန်နှင့် လုပ်ငန်းခွင်၌ပျော်ပိုက်ပြီး လူနာစောင့်များနှင့်ဆက်ဆံရေး တိုးတက်ကောင်းမွန်လာစေရန် သူနာပြု၊ သားဖွားကဏ္ဍ ကူးပြောင်းမှုများ အလျင်အမြန်ဦးစားပေး ဆောင်ရွက်သင့်ကြောင်း ကိုယ်စားလှယ်များက အကြံပြုကြသည်။
ဟုမ္မလင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးမျိုးညွှန့်က မန္တလေးတိုင်းအတွင်း တိုက်နယ်ဆေးရုံတခုတွင် တာဝန်ကျနေသည့် သူနာပြုဆရာမတဦးမှာ လုပ်သက် ၂ နှစ် ပြည့်သော်လည်း ထိုတိုက်နယ်ဆေးရုံတွင် ဆရာဝန်နှင့် လူနာမရှိသောကြောင့် အတတ်ပညာနှင့် အတွေ့အကြုံရရှိခဲ့ခြင်း မရှိဖြစ်နေသည်ကို ၎င်းကိုယ်တိုင် တွေ့ကြုံခဲ့ရသည်ဟု ပြောဆိုသည်။
ယနေ့ကျင်းပသည့်လွှတ်တော်တွင် ဒေါ်ယဉ်မင်းလှိုင်၏အဆိုကို မှတ်တမ်းတင်စောင့်ကြည့်ရန် လွှတ်တော်က သဘောတူညီခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ် ၉ ဦးတို့က သူနာပြုကဏ္ဍတွင် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် လိုအပ်နေပြီဟု ထောက်ပြခဲ့ကြသည်။
သူနာပြုများ လစာတိုးမြှင့်ရေးနှင့်ပတ်သက်၍ ပြည်ထောင်စုအစိုးရအဖွဲ့ထံသို့ တင်ပြထားပြီး ၎င်းတို့ကိုစားစရိတ် ၁ လလျှင် ကျပ် ၂ သောင်း၊ အဝတ်အစားစရိတ်အဖြစ် ၁ နှစ်လျှင်၊ ကျပ် ၂ သောင်းတို့ကို စီစဉ်ပေးရန်ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောသည်။
“သူနာပြုဆိုတာ သူ့အသက်ကိုရင်းပြီး လုပ်နေရတာ။ ရောဂါရှိတဲ့သူနဲ့ ဆက်ဆံရတယ်။ သူနာပြုတင် မဟုတ်ဘူး။ ဓာတ်မှန်ကျွမ်းကျင်၊ ဓာတ်ခွဲကျွမ်းကျင် အကုန်လုပ်နေကြတာပါ။ ကောင်းဖို့က ချက်ချင်းလည်း လုပ်လို့မရဘူး။ တဖြည်းဖြည်းချင်း အချိန်ယူလုပ်သွားရမယ်”ဟု ဝန်ကြီးဒေါက်တာမြင့်ထွေးက ပြောသည်။
သူနာပြုတက္ကသိုလ်တွင် ၄ နှစ် ပညာသင်ယူခဲ့သူတို့၏ လစာမှာကျပ် ၁၆၅,၀၀၀ ဖြစ်ပြီး၊ အခြားဆေးဝါးကျွမ်းကျင် တက္ကသိုလ်၊ ဆေးဘက်ပညာသည် တက္ကသိုလ်နှင့် ကျန်းမာရေးမှူး တက္ကသိုလ်ဆင်းများ၏ လစာမှာ ကျပ် ၁၈၀,၀၀၀ ခံစားခွင့်ရှိနေကြောင်း နေပြည်တော်မှသူနာပြုတဦးဖြစ်သူ ဦးချစ်ကိုကိုအောင်က ဧရာဝတီသို့ ပြောသည်။
“လုပ်သက် ၂ နှစ်ပြည့်ရင် ၂၀၀၀ တိုးတယ်။ ရာထူးတိုးတယ်၊ လစာမတိုးဘူး။ လစာတိုးပြီး အရာရှိဖြစ်ဖို့ဆိုရင် ၁၅ နှစ်လောက် ကြာနိုင်တယ်။ အနီဝတ်ကနေ အပြာဝတ်ကိုပြောင်းရင် တာဝန်ခံမှုတာဝန်ယူမှု များပါတယ်။ လစာတော့ မတိုးဘူး” ဟု ၎င်းက ရှင်းပြသည်။