သတင်း

KIO အပါအဝင် ၄ ဖွဲ့ကို UNFC မှ နုတ်ထွက်ခွင့်ပြု

Want create site? Find Free WordPress Themes and plugins.

ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ထံ နုတ်ထွက်စာတင်ထားသော ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) အပါအဝင် တိုင်းရင်းရင်းသား လက်နက်ကိုင် ၄ ဖွဲ့ကို နုတ်ထွက်ခွင့်ပြုကြောင်း UNFC က သတင်းမီဒီယာများကို ထုတ်ဖော်ပြောဆိုသည်။

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ဇွန်လ ၂၀ ရက်မှ စတင်ပြီး ၂ ပိုင်းခွဲကျင်းပခဲ့သည့် UNFC ညီလာခံတွင် ကချင် လွတ်လပ်ရေးအဖွဲ့ (KIO)၊ ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (MNDAA)၊ “ဝ” အမျိုးသားအဖွဲ့ချုပ် (WNO) တို့ကို နုတ်ထွက်ခွင့်ပြုလိုက်ခြင်း ဖြစ်သည်။

UNFC အထွေထွေအတွင်းရေးမှူး ခူဦးရယ်က “ကျနော်တို့ဆီမှာ အဖွဲ့ဝင် ၄ ဖွဲ့ နုတ်ထွက်စာတင်ထားတာပေါ့။ PSLF၊ MNDAA၊ KIO၊ WNO ရှိမယ်။ တရားဝင် ဒီညီလာခံမှာပဲ နုတ်ထွက်ခွင့်ပြုပါတယ်” ဟု အစည်းအဝေး နောက်ဆုံးနေ့ဖြစ်သည့် ဇွန်လ ၂၉ ရက်တွင် သတင်းထောက်များကို ပြောသည်။

သို့သော် ထိုအဖွဲ့ဝင်များကို UNFC ၏ ဆက်စပ်မဟာမိတ်အဖြစ် သတ်မှတ်ထားပြီး ရှေ့လုပ်ငန်းစဉ်များ၌ လက်တွဲဆောင်ရွက်နိုင်ရန် လေ့လာသူကိုယ်စားလှယ်များအဖြစ် ထားရှိသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

UNFC မှ နုတ်ထွက်သွားသည့် အဖွဲ့ဝင် ၄ ဖွဲ့အနက် KIO၊ TNLA နှင့် MNDAA တို့သည် “ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) က ဦးဆောင်ဖွဲ့စည်းထားသည့် ပြည်ထောင်စု နိုင်ငံရေးဆွေးနွေး ညှိနှိုင်းရေးကော်မတီ (FPNCC) တွင် ပူးပေါင်းလျက်ရှိသည်။ WNO အဖွဲ့သည် UWSA အဖွဲ့တွင် ပူးပေါင်းလိုက်ပြီဖြစ်ကြောင်း သိရသည်။

KIO ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက ၎င်းတို့အနေဖြင့် UNFC ထံ နုတ်ထွက်ခွင့် တောင်းဆိုခဲ့ခြင်းမှာ နိုင်ငံရေး အခြေအနေအရဖြစ်ကြောင်း ညီလာခံဖွင့်ပွဲနေ့တွင် ပြောဆိုသွားသည်ကို တွေ့ရသည်။

ဗိုလ်ချုပ်ကြီးအင်ဘန်လက “ဒေသန္တရ အခြေအနေရော အစိုးရ၊ တပ်မတော်တို့ရဲ့ ဖိအား၊ ခွဲခြားအုပ်ချုပ်မှုအောက်မှာ မဖြစ်မနေ ကျနော်တို့ မြောက်ပိုင်းအဖွဲ့တွေဟာ တစုတစည်းဖြစ်ဖို့ အခြေအနေ ရောက်လာပါတယ်။ ဒါကြောင့် UNFC ကနေ နုတ်ထွက်ရခြင်း ဖြစ်ပါတယ်” ဟု ညီလာခံ အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့သည်။

UWSA ဦးဆောင်ဖွဲ့စည်းထားသည့် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) အဖွဲ့ဝင်အဖြစ် ပါဝင်သော ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က UNFC တွင် ဆက်တည်ရှိနေဦးမည်ဖြစ်ပြီး FPNCC တွင်လည်း အဖွဲ့ဝင်အဖြစ် ရှိနေမည်ဟု ဆိုသည်။

လက်ရှိ UNFC တွင် မွန်ပြည်သစ်ပါတီ (NMSP)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ လားဟူ ဒီမိုကရက်တစ်ယူနီယံ (LDU) နှင့် ရခိုင်အမျိုးသားကောင်စီ (ANC) တို့ ၅ ဖွဲ့သာ ကျန်ရှိတော့သည်။

UNFC က အစိုးရနှင့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လမ်းကြောင်းအတိုင်း ဆက်လက်ဆွေးနွေးသွားရန် ဆုံးဖြတ်ထားပြီး အဖွဲ့ဝင်တချို့ နုတ်ထွက်သွားခြင်းအပေါ် အင်အားနည်းသွားပြီဆို၍ အကြပ်ကိုင်မှုများ ပြုလုပ်မည်ဆိုပါက အစိုးရအပေါ်တွင်သာမူတည်ကြောင်း UNFC ၏ ဥက္ကဋ္ဌသစ် ဖြစ်လာသည့် နိုင်ဟံသာက သတင်းထောက်များကို ပြောသည်။

နိုင်ဟံသာက “အစိုးရအပေါ်မှာ အများကြီးမူတည်တယ်။ သူတို့ကတော့ NCA လိုင်းမှာ နည်းနည်းပြည့်စုံလာအောင် ကောင်းလာအောင် အဲဒီလို ဦးတည်ချက်မျိုးနဲ့ လမ်းဖွင့်ပေးလာမယ်ဆိုရင် ဒါကပိုပြီးတော့ နီးစပ်သွားနိုင်တယ်။ ဒါမှမဟုတ် လက်မှတ်ထိုးတဲ့အဖွဲ့တွေ အင်အားတောင့်လာရင် ဖြတ်ကျော်ရတာ ခက်မယ်ဆိုတဲ့အမြင်မျိုး၊ တဘက်မှာလည်း UNFC က အားနည်းသွားတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ အကြပ်ကိုင်နေမယ်ဆိုရင် ဒါကလည်း သူတို့အပေါ်မှာ မူတည်တယ်” ဟု ပြောသည်။

UNFC တတိယအကြိမ် ညီလာခံသက်တမ်းအတွက် ဒုတိယအကြိမ်ညီလာခံမှ ရွေးချယ်တင်မြှောက်လိုက်သည့် ဗဟိုအလုပ်မှုဆောင် ၉ ဦး ပါဝင်သော ကောင်စီဝင်စုစုပေါင်း ၂၄ ဦး ရှိပြီး၊ ဥက္ကဋ္ဌအဖြစ် နိုင်ဟံသာ၊ ဒုဥက္ကဋ္ဌအဖြစ် ဒေါက်တာခင်မောင်၊ အထွေထွေအတွင်းရေးမှူးအဖြစ် ခူဦးရယ်၊ တွဲဖက်အထွေထွေအတွင်းရေးမှူး(၁) အဖြစ် စဝ်ဆေအွန်၊ တွဲဖက်အထွေထွေအတွင်းရေးမှူး (၂) အဖြစ် ဗိုလ်မှူးကြီးဆော်လမွန်တို့ ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading