လက်ရှိတွင် ရေးဆွဲ အတည်ပြုထားသည့် ကရင်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်၌ အားနည်းချက်များ ရှိခဲ့ သည်ဟု သုံးသပ်ထား၍ ပြင်ဆင်၊ ဖြည့်စွက်နိုင်ရန် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှု ပူးတွဲ ကော်မတီ(UPDJC) သို့ ပေးပို့မည် ဖြစ်ကြောင်း နိုင်ငံရေး ဆွေးနွေးပွဲ ဆိုင်ရာ ကရင်အဖွဲ့အစည်းများ တွေ့ဆုံပွဲအပြီး ထုတ်ပြန် ကြေညာ ခဲ့သည်။
ယင်းတွေ့ဆုံပွဲကို ကရင်ပြည်နယ် ဘားအံမြို့ရှိ ဇွဲကပင်ခန်းမတွင် ဇွန်လ ၂၈ နှင့် ၂၉ ရက်နေ့များ၌ ပြုလုပ်ခဲ့ပြီး ဧရာဝတီ ၊ တနင်္သာရီ ၊ တောင်ငူနှင့် ဘားအံမြို့တို့မှ ကရင်နိုင်ငံရေးပါတီ ၊ လူမှုအဖွဲ့အစည်း ကိုယ်စားပြု ကိုယ်စားလှယ်များ၊ ကရင် လက်နက်ကိုင် တပ်များမှ ကိုယ်စားလှယ်များ စုစုပေါင်း ၁၆၄ ဦးတို့ဖြင့် နှစ်ရက်တာ ကျင်းပခဲ့ခြင်း ဖြစ်သည်။
နိုင်ငံရေး ဆွေးနွေးပွဲဆိုင်ရာ ကရင်အမျိုးသား အဖွဲ့အစည်း များ တွေ့ဆုံပွဲ စီမံ ခန့်ခွဲမှု ကော်မတီမှ ဒေါ်နန်းမြသီတာက “ပြောခွင့်မရတဲ့ ပြည်သူတွေရဲ့ အသံကို စိစစ်ပြီး UPDJC ကို တင်တဲ့အခါ ဒေသအလိုက်မှာ ဆိုရင် အစိုးရ တဖွဲ့ထဲ လက်ထဲ ကို တကယ်တမ်း ပုံအပ်လိုက်မှာလား။ လူမျိုးအလိုက် ဆိုရင် ဘယ်လိုပုံစံမျိုးနဲ့ လုပ်ငန်း လမ်းညွှန်တွေ တိတိကျကျ ဖော်ပြ မလဲ။ တခြားအစုအဖွဲ့တွေကော ပူးတွဲ အနေနဲ့ မပါဘူးလား” ဟု သတင်းစာ ရှင်းလင်းပွဲတွင် ထောက်ပြ ပြောဆိုခဲ့သည်။
ထို့ပြင် ကရင်အမျိုးသား အစည်းအရုံး (KNU) ကလည်း ဗဟိုအမြဲတမ်း ကော်မတီဝင်များနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်ခဲ့သူများ စုပေါင်းကာ ၁၂ ရက်ကြာ ငြိမ်းချမ်ရေး လုပ်ငန်းစဉ် ပြည်လည် သုံးသပ်သည့် ဆွေးနွေးပွဲ တခုကို ယခု လအတွင်း လေးဝါးစခန်း၌ ပြုလုပ်ခဲ့ပြီး လွပ်လပ်မှု၊ တန်းတူညီမျှမှုနှင့် တရားမျှတမှု ဆိုင်ရာ အခြေခံတို့နှင့် ပတ်သက်သည့် အဆင့်တိုင်းတွင် ချို့ယွင်းမှု ရှိနေသည်ဟု ဆွေးနွေးပွဲ အပြီး၌ ထုတ်ပြန်ထားခဲ့သည်။
နိုင်ငံရေး ကဏ္ဍထဲတွင် ပါဝင်သည့် “နိုင်ငံတော်၏ နယ်မြေ အပိုင်းအခြား ဟူသမျှ နိုင်ငံတော်က မည်သည့် အခါမှ ခွဲမထွက်ရ” ဟူသည့် အချက်သည် ဒေသဆိုင်ရာ ဆွေးနွေးပွဲများမှ တင်သွင်းလာခဲ့ပြီး ယင်းအား နိုင်ငံရေး ကဏ္ဍ စာတမ်း တွင် ထည့်သွင်းခဲ့ခြင်းကြောင့် ပြီးစီးခဲ့သည့် ၂၁ ရာစု ပင်လုံညီလာခံ ဒုတိယ အစည်းအဝေး၌ တိုင်းရင်းသားများနှင့် အစိုးရ များအကြား အကြိတ်အနယ် ဖြစ်ခဲ့ရကြောင်း UPDJC အဖွဲ့ဝင် KNU/KNLA အဖွဲ့မှ ဗိုလ်မှူးကြီး စောခူးခူးက ဧရာဝတီ၏ မေးမြန်းချက်ကို ပြန်လည် ဖြေကြားပေးခဲ့သည်။
လက်ရှိ၌ အတည်ပြုထားသည့် ကရင်အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင်ပါ အချက်များသည် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) ချုပ်ဆိုပြီးနောက် ရက်ပေါင်း ၆၀ အတွင်း နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင်အား အပြီးသတ် ရေးဆွဲရခြင်း ဖြစ်၍ အချိန်မလုံလောက်ဘဲ ပြုလွယ်ပြင်လွယ် အနေအထားသာ ရေးဆွဲထား ကြောင်း KNU မှ တွဲဖက် အထွေထွေ အတွင်းရေးမှူး ၂ ပဒိုစောလှထွန်းက ဆိုသည်။
“အဲဒီ ရေးဆွဲခဲ့တဲ့ နေရာမှာ လက်ရှိနိုင်ငံရေး အခင်းအကျင်းအရ ပါဝင်လက်မှတ် ရေးထိုးရခြင်း မရှိသေးတဲ့ ညီနောင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ရှိပါတယ်၊ အားလုံးပါဝင်နိုင်ရေးဆိုတဲ့ အခြေခံ မူအောက်မှာ နိုင်ငံရေး ဆွေးနွေးပွဲ ဆိုင်ရာ မူဘောင်တွေကို ပြုလွယ် ပြင်လွယ် ဆိုတဲ့ အနေအထားနဲ့ ရေးဆွဲ ခဲ့တာ ဖြစ်ပါတယ်၊ ဒါကြောင့် ဒီနေ့အထိ နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင်ဟာ အတည်ပြုချက် ဆိုတဲ့ ပုံစံမျိုးနဲ့ သွားနေတာ မဟုတ်ပါဘူး” ဟု ပဒိုစောလှထွန်းက သတင်းထောက်များအား ရှင်းပြ ပြောဆိုခဲ့သည်။
ကရင်အမျိုးသား အစည်းအရုံး (KNU) မှ တွေ့ရှိထားသည့် နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင်ဆိုင်ရာ အားနည်းချက်များနှင့် ဇွဲကပင် ခန်းမ၌ ကရင်အဖွဲ့အစည်းများ စုံညီ၍ စုပေါင်း ဆွေးနွေးထားသည့် မူဘောင်အားနည်းချက်များကိုလည်း UPDJC ထံသို့ ဆက်လက်ပေးပို့ပြီး ပြင်ဆင်၊ ဖြည့်စွက်နိုင်ရေး လုပ်ဆောင်သွားမည်ဟု တာဝန်ရှိသူများက ပြောကြားသည်။