ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ ထုတ်ပြန်ထားသော ရွှေ့ပြောင်းအလုပ်သမား စီမံခန့်ခွဲရေး ဥပဒေသစ်ကို ရက်ပေါင်း ၁၂၀ ဆိုင်းငံ့ထားရန် အမိန့်ထုတ်ပြန်လိုက်ပြီး ရွှေ့ပြောင်းအလုပ်သမား များအား ဖမ်းဆီးမှုကိုလည်း ရပ်ဆိုင်းထားကြောင်း သိရသည်။
ထိုဥပဒေသစ်ကြောင့် သောင်းနှင့်ချီသော မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ နယ်စပ်ဂိတ်များမှ တဆင့် ပြည်တော် ပြန်နေချိန် ထိုင်း-မြန်မာ နှစ်နိုင်ငံအစိုးရတို့အကြား ထိုပြဿနာကို ဆွေးနွေးပြီး နောက် ယင်းသို့ အမိန့် ထုတ်ပြန်လာခြင်းဖြစ် ကြောင်း ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေး ကွန်ရက် (MWRN ) ဒု ဥက္ကဌ ဦးအောင်ကျော် က ပြောသည်။
ဦးအောင်ကျော် က “မနေ့ကပဲ ထိုင်း ဝန်ကြီးချုပ်က ကြေညာချက်ထပ်ထုတ်ပါတယ်။ မြန်မာဘက်က ထုတ်ပြန်တာနဲ့ တထပ်တည်း ဖြစ်နေပါတယ်။ ရက်ပေါင်း ၁၂၀ ဆိုင်းငံ့ထားပြီးမှ လုပ်သားတွေကို နှစ်နိုင်ငံ အစိုးရအနေနဲ့ ကောင်းမွန်တဲ့၊ စာရွက်စာတမ်းတွေ၊ ရရှိဖို့ မှန်ကန်တဲ့ အနေအထားတွေဖြစ်ဖို့ နဲ့ တရားမဝင်လုပ်သားတွေ စနစ်တကျနဲ့ မြန်မာပြည်ထဲကို ပြန်လည်ရောက်ရှိဖို့ ပြောဆိုမှုဟာ နှစ်ဘက်လုံးက တထပ်တည်းကျနေပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးတို့ နေပြည်တော်တွင် ယမန်နေ့နံနက်ပိုင်းက တွေ့ဆုံခဲ့ကြပြီး ထိုင်း နိုင်ငံရှိမြန်မာ ရွှေ့ပြောင်းအလုပ်သမား များ အရေးနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့သေး ကြောင်း ရန်ကုန်အခြေစိုက် သတင်းမီဒီယာ တချို့က ရေးသားထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဇွန်လ ၂၃ ရက်နေ့က ထိုင်းအလုပ်သမားဝန်ကြီးဌာနက ဥပဒေသစ်ကို ထုတ်ပြန်လိုက်ပြီး နောက် ရာပေါင်းများစွာသော ရွှေ့ပြောင်း မြန်မာ အလုပ်သမားများသည် ထိုင်း အာဏာပိုင်များ၏ ဖမ်းဆီးခြင်းခံခဲ့ရပြီး သောင်းနှင့်ချီသော မြန်မာအလုပ်သမားများ နှစ်နိုင်ငံနယ်စပ်ဂိတ်များမှတဆင့် ပြည်တော်ပြန်ခဲ့သည်။
ထိုင်း ဥပဒေအသစ်အရ ထိုင်းနိုင်ငံရှိ မြန်မာ ရွှေ့ပြောင်းအလုပ်သမား များအနေဖြင့် နေထိုင် အလုပ် လုပ်ခွင့် အထောက်အထား မရှိသူများ၊ ပတ်စပိုစ့်ရှိသော်လည်း အလုပ်လုပ်ခွင့် (work permit) မရှိ သူများ၊ အလုပ်လုပ်ခွင့် (work permit )ရှိသော်လည်း ခွင့်ပြုသည့် အလုပ်နှင့် လက်ရှိ အလုပ်မတူခြင်း စသည့် အချက်များသည် ဖမ်းဆီးခံရမည်ဖြစ်ကြောင်းသိရသည်။
“လုပ်ငန်းနေရာမှားယွင်းနေတာရယ်၊ လုံးဝ အလုပ်လုပ်ခွင့် လက်မှတ်မရှိတာရယ် နောက်တခါ အထောက်အထားမဲ့တာရယ် ဆိုပြီးတော့ အားလုံးက ပြစ်ဒဏ်တွေက အင်မတန်ကြီးလေးနေတဲ့ အတွက်ကြောင့် အိမ်ကိုမပြန်မဖြစ်ပြန်နေကြရတဲ့ အခြေအနေ ဖြစ်ကုန်တာပါ” ဟု ဦးအောင်ကျော် ကရှင်းပြသည်။
လက်ရှိ ပြဌာန်းလိုက်သော ဥပဒေသစ်သည် ပြစ်မှု ကြီးလေးလွန်းသဖြင့် ရွှေ့ပြောင်းအလုပ်သမား များသာမက ထိုင်းလုပ်ငန်းရှင်များ ကိုယ်တိုင် စိုးရိမ်ထိတ်လန့် နေရသည့် အနေအထားရှိနေသည် ဟုဆိုသည်။
ရွှေ့ပြောင်းအလုပ်သမား တဦးအနေဖြင့် အထက်ပါ ဥပဒေများအတိုင်း ငြိစွန်းနေပါက အလုပ်သမား တဦးအတွက် အလုပ်ရှင်က ဘတ် ၄ သိန်း (ကျပ် သိန်း ၁၄၀) ခန့်၊ သို့မဟုတ် ဘတ် ၈ သိန်း (ကျပ်သိန်း ၃၀၀ ခန့်) ပေးဆောင်ရမည်ဖြစ်ပြီး၊ လုပ်သား အနေဖြင့်လည်း ဒဏ်ငွေအားဖြင့် ဘတ် ၂၀၀၀ မှ ဘတ် ၁ သိန်း သို့မဟုတ်၊ ထောင်ဒဏ် ၅ နှစ် သို့မဟုတ် ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံရမည်ဖြစ်ကြောင်း သိရသည်။
“ဒီဥပဒေက အလုပ်သမားအတွက်ရော၊ အလုပ်ရှင်အတွက်ပါ အင်မတန် ကြောက်စရာ၊ လန့်စရာ ကောင်းတဲ့ ဥပဒေကြီးပါ၊ ဒါကို ရပ်ဆိုင်းလိုက်ပြီး ရက်ပေါင်း ၁၂၀ အချိန်ပေးလိုက်တာတော့ ကျေးဇူးတင်ရမှာပါ” ဟု ဦးအောင်ကျော်က ဆိုသည်။
လက်ရှိ ထုတ်ပြန်ချက်အရ ပန်းရောင်ကတ် ကိုင်ဆောင်ထားသော အလုပ်ရှင်မတူသည့်
ရွှေ့ပြောင်းအလုပ်သမား များကို ဖမ်းဆီးမည် မဟုတ်ဘဲ အမြန်ဆုံး မိမိ လက်ရှိ လုပ်ကိုင်နေသည့် အလုပ်ရှင်အောက်သို့ ရွှေ့ပြောင်းကြာရမည် ဖြစ်ကြောင်း သိရသည်။
ထို့အတူ ယာယီနိုင်ငံကူးလက်မှတ် (အနီရောင်) သို့မဟုတ် MOU နိုင်ငံကူးလက်မှတ် (ခရမ်းရောင်) ကိုင်ဆောင်ထားပြီး အလုပ်လုပ်ကိုင်ခွင့် (Workpermit) မရှိဘဲ အလုပ်လုပ်ကိုင်နေကြသော ရွှေ့ပြောင်းအလုပ်သမား များကိုလည်း ဖမ်းဆီးဦးမည် မဟုတ်ဘဲ သတ်မှတ်ကာလ ရက်ပေါင်း ၁၂၀ အတွင်း မိမိ အလုပ်ရှင်၊ လုပ်ငန်းအမျိုးအစားတူ အလုပ်လုပ်ကိုင်ခွင့် လက်မှတ် ပြုလုပ်ကြရမည်ဟုဆိုသည်။