မသန်စွမ်းသူများ အနေဖြင့် ပညာရေးကောလိပ်ဝင်ရောက်ခွင့် ပယ်ချခံနေရသည့် အတွက် ၎င်းတို့အတွက် ခိုင်မာသည့် မူဝါဒတရပ် အမြန်ဆုံး ချမှတ်ပေးရန်လိုအပ်ကြောင်း မသန်စွမ်း အဖွဲ့များက ပြောဆိုကြသည်။
“မူဝါဒတခုကို ခိုင်ခိုင်မာမာ ချပေးမှပဲ ရမယ်။ မငြင်းပယ်ရဘူး။ တတိုင်းပြည်လုံးက ကျောင်းတွေက မခွဲခြား မဆက်ဆံရဘူး။ လက်ခံပေးရမယ်။ Offical ညွှန်ကြားချက် ထုတ်ပေးဖို့ လိုအပ်တယ်။ အဲဒါကို မလုပ်ပေးတဲ့ အတွက်ကြောင့် ဖြစ်နေရတာ”ဟု မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့မှ ဦးနေလင်းစိုးက ပြောကြားသည်။
မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ်တွင် နေထိုင်သူ လုပ်အားပေး ကျောင်းဆရာမ ၁ ဦးနှင့် စစ်ကိုင်းတိုင်း ဒေသကြီး ကနီမြို့နယ်မှ လုပ်အားပေးကျောင်းဆရာမ ၁ ဦး တို့ သည် ပညာရေး ကောလိပ်ဝင်ခွင့် ရေးဖြေစာမေးပွဲကို အောင်မြင်ခဲ့သော်လည်း လူတွေ့ စစ်ဆေးရာတွင် မသန်စွမ်းဖြစ်ခြင်း၊ အမျိုးသမီးဖြစ်နေခြင်း ကြောင့် ပယ်ချခံခဲ့ရကြောင်း မြန်မာနိုင်ငံမသန်စွမ်းသူများ အသင်းချုပ်မှ သိရသည်။
အဆိုပါကိစ္စရပ်နှင့် ပတ်သက်ပြီး ပညာရေး ဝန်ကြီးဌာနသို့ ဇွန်လ ၃၀ ရက်နေ့က ဖြေရှင်းဆောင်ရွက် ပေးပါရန် တိုင်ကြားစာ ပေးပို့ခဲ့ပြီး တုန့်ပြန်မှုကို စောင့်ဆိုင်းနေဆဲ ဖြစ်ကြောင်း မြန်မာနိုင်ငံမသန်စွမ်းသူများ အသင်းချုပ်မှ ဥက္ကဋ္ဌ ဦးအောင်ကိုမြင့်က ပြောသည်။
“အဲဒီ ၂ ယောက်တည်း မဟုတ်ဘူး။ အဲဒီလိုဖြစ်နေတဲ့ လူ ၄ ယောက်စာ ပေးပို့လိုက်တာ။ မသန်စွမ်းမှုကို အကြောင်းပြုပြီး ကန့်သတ်လိုက်တာ။ မသန်စွမ်းမှုဖြစ်လို့ကို မပေးချင်တာမျိုးဖြစ်နေတာ ”ဟု ၎င်းက ဆိုသည်။
ဝန်ကြီးဌာနများ၊ လွှတ်တော်အမတ်များနှင့် တွေ့ဆုံသည့် အခါတိုင်း မူဝါဒ၊ ညွှန်ကြားများ ထုတ်ပြန်ပေးရန် လိုအပ်ကြောင်း ပြောကြားခဲ့သော်လည်း ယနေ့အထိ ပြုလုပ်ပေးခြင်း မရှိသဖြင့် နှစ်စဉ် အဆိုပါ ပြဿနာ ကြုံတွေ့ နေရကြောင်း မသန်စွမ်းသူများ ပညာသင်ကြားခွင့်ရရှိရေး လှုပ်ရှားမှု ကော်မတီမှ တွဲဖက် အတွင်းရေးမှူး ၁ ဦးရဲဝင်းက ပြောသည်။
“ကျွန်တော်တို့က နှစ်တိုင်း ဖြေရှင်းပေးရသလို ဖြစ်နေတယ်။ အဲဒါတွေ အကုန်လုံးဟာ ဝန်ကြီးဌာနတွေမှာ အမိန့်ကြော်ငြာစာ၊ စည်းမျဉ်း စည်းကမ်းတွေနဲ့ မထုတ်ပြန်ထားလို့၊ ခုဖြစ်နေတာ လုပ်အားလည်း ပေးနေတယ်။ စာလဲ သင်နေတဲ့ ဆရာမတွေကို လက်မခံတာ။ ၂ နှစ်၊ ၃ နှစ်၊ အချို့ဆို ၁၀ နှစ်လောက် အထိ လုပ်အားပေးနေ တာ တရားဝင် လျှောက်တော့မပါဘူး။ လုပ်အားပေးဆိုရင်တော့ လာဆိုတာမျိုး ဖြစ်နေတယ်” ဟု ၎င်းက ဆိုသည်။
၂၀၁၇ ခုနှစ် မတ်လအတွင်း ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်ရေး ကော်မရှင်နှင့် မြန်မာနိုင်ငံ မသန်စွမ်းအသင်းချုပ်တို့ တွေ့ဆုံပြီး မသန်စွမ်းသူများ၏ ပညာရေးကိစ္စရပ်များ၊ ပညာရေးကောလိပ်၊ တက္ကသိုလ်များ တက်ရောက်ခွင့်ကိစ္စများကို မေးမြန်းရာ ပညာရေးဝန်ကြီးဌာနမှ ဒေါက်တာခိုင်မြဲမှ မသန်စွမ်းသူများ၏ သင်ယူနိုင်ခွင့်နှင့် ပညာရေးဝန်ထမ်းဖြစ်ခွင့်ကို ခွဲခြားထားခြင်းမရှိဘဲ တန်းတူပေးထားကြောင်း ပြောကြားခဲ့သည်။
၂၀၁၅ ခုနှစ်က ပြဌာန်းခဲ့ပြီး ဖြစ်သည့် မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေ အခန်း ၅၊ အပိုဒ် ၂၀ တွင်လည်း မသန်စွမ်းသူတိုင်းသည် အခြားသန်စွမ်းသူများနည်းတူ ပညာသင်ပိုင်ခွင့်ရှိသည်ဟုလည်းကောင်း မသန်စွမ်း သူများက ကျောင်းဝင်ခွင့်လျှောက်ထားရာတွင် ဘာသာရပ်ဆိုင်ရာ လိုအပ်ချက်မှ တပါး မသန်စွမ်းမှုကို အကြောင်းပြုပြီး ကျောင်းဝင်ခွင့်ကို ငြင်းပယ်ခြင်း မပြုရန် ပြဌာန်းထားသည်