အစိုးရနှင့် တနိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးခဲ့သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့အနေဖြင့် အစိုးရ၊ တပ်မတော်တို့နှင့် NCA အကောင်အထည်ဖော်ရာ၌ ကြီးမားသည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ကြုံတွေ့ နေရသည်ဟု ဆိုသည်။
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ဇွန်လ ၂၈ ရက်နေ့မှ ဇူလိုင်လ ၂ ရက်နေ့ အထိ ပြုလုပ်သော NCA စာချုပ် လက်မှတ်ရေးထိုး ထားသော အပစ်ရပ် ၈ ဖွဲ့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ထိပ်သီး ခေါင်းဆောင်များ အစည်းအဝေး အပြီး သတင်းစာရှင်းလင်းပွဲတွင် ချင်းအမျိုးသားတပ်ဦး (CNF) ဥက္ကဋ္ဌ ပူးဇင်ကျုံး က သတင်းမီဒီယာများကို ရှင်းပြခဲ့ခြင်းဖြစ်သည်။
ပူးဇင်ကျုံး က “ကျနော်တို့ ဒီကနေ့ စိန်ခေါ်မှုတွေ တော်တော်များများရှိပါတယ်။ အဲဒီစိန်ခေါ်မှုထဲမှာ အရေးအကြီးဆုံးကတော့ NCA လမ်းကြောင်း အတိုင်း မသွားတဲ့ စိန်ခေါ်မှုကြီးဟာ ကျနော်တို့ အတွက် အင်မတန်မှ ကြီးမားတဲ့ စိန်ခေါ်မှုကြီးဖြစ်ပါတယ်” ဟု ပြောသည်။
ထိုစိန်ခေါ်မှုများထဲတွင် NCA ဆွေးနွေးရေး လမ်းကြောင်းသည် နိုင်ငံရေး မူဘောင်အတိုင်း သွားရမည်ဖြစ်သော်လည်း အဆိုပါ နိုင်ငံရေး မူဘောင်သည် ယနေ့အချိန်အထိ အပြီးမသတ်နိုင်သေးသဖြင့် ငြိမ်းချမ်းရေးဆွေးနွေး အကောင်အထည်ဖော်နိုင်ရေး လမ်းကြောင်းသည် ဖြောင့်ဖြူးခြင်းမရှိဘဲ အခက်တွေ့နေသည်ဟု ဆိုသည်။
“ကျနော်တို့ စမ်းတဝါးဝါးသွားနေရတဲ့ အနေအထားမျိုး၊ လုံးဝအစာမကျေဘဲနဲ့ တခုခုမကျဘဲနဲ့ သွားနေရတဲ့ အနေအထားမျိုး ဖြစ်နေတဲ့ အခါကြတော့ အဲဒီလမ်းကြောင်းကြီးဟာ ဖြောင့်ဖြောင့် ဖြူးဖြူးသွားလို့မရဘူး။ ဒါကြောင့် နိုင်ငံရေး မူဘောင်ကို အပြီးသတ်ဖို့လိုတယ်” ဟု ပူးဇင်ကျုံး က ရှင်းပြသည်။
ချင်းမိုင်မြို့၌ ၅ ရက်အကြာ ကျင်းပခဲ့သော PPST အစည်းအဝေးတွင် လူမျိုးအလိုက်၊ ဒေသအလိုက်နှင့် အကြောင်းအရာ အလိုက် ပြုလုပ်ခဲ့သော အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ၊ လုပ်ငန်းကော်မတီအစည်းအဝေးများနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယ အစည်းအဝေးများ၏ အခင်းအကျင်း၊ စိန်ခေါ်မှုများ အပါအဝင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တခုလုံး၏ အားနည်းချက်၊ အားသာချက်များကို ပြန်လည်သုံးသပ်ခဲ့သည်ဟု သိရသည်။
ထိုအထဲတွင် ဒေသအလိုက်၊ လူမျိုးအလိုက်၊ အကြောင်းအရာအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပခွင့် မရှိသေး သကဲ့သို့ လုပ်ငန်းကော်မတီ အစည်းအဝေးများမှာလည်း ကျယ်ကျယ်ပြန့်ပြန်လုပ်ခွင့် မရသေးကြောင်း၊ အလားတူ ၂၁ ရာစုပင်လုံ ရှေ့ဆက်ရမည့် ကိစ္စရပ်များတွင်လည်း အချိန်လုံလောက်မှု မရှိသေးဟု အပစ်ရပ် တိုင်းရင်းသားခေါင်းဆောင်များက ထောက်ပြသည်။
ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) နှင့် ရခိုင်အမျိုးသား လွတ်မြောက်ရေးပါတီ (ALP) တို့ အနေဖြင့် လက်ရှိ အချိန် အထိ ၎င်းတို့ဒေသများတွင် အမျိုးသား အဆင့်နိုင်ငံရေး ဆွေးနွေးပွဲများ လုပ်ခွင့်မရသော အခြေအနေများနှင့် ရင်ဆိုင်နေရ သလို လုပ်ခွင့်ရခဲ့သော အဖွဲ့များသည်လည်း အချိန်အကန့်အသတ်များ အကြား တက်သုတ်ရိုက် လုပ်ဆောင်ခဲ့ ရသည်ဟု ဆိုသည်။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် NCA လမ်းကြောင်းမှတဆင့် ပြည်ထောင်စုသဘောတူညီချက် ရရှိရန် ကြိုးစားပြီး ထိုပြည်ထောင်စု သဘောတူညီချက်မှတဆင့် ၂၀၀၈ ဖွဲ့စည်းပုံ ကို ပြင်ဆင်ရန် ရည်မှန်းထားကြသည်။
ထို့ကြောင့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ မလုပ်လျင် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံတွင် တင်ပြမည့် အခြေခံ မူများ ထွက်မလာနိုင်ကြောင်း၊ အခြေခံမူများ ချနိုင်ရန်အတွက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို ပွင့်လင်း မြင်သာမှု ရှိရှိ၊ အချုပ်အနှောင်ကင်းကင်းနှင့် လွတ်လပ်စွာ ကျင်းပခွင့်ပြုလုပ်သင့်ကြောင်း၊ ယင်းသို့ လုပ်ခွင့်မရဘဲ ဆက်သွား နေမည် ဆိုပါက ရလာဒ်ကောင်းများ ထွက်လာနိုင်မည်မဟုတ်ကြောင်း အပစ်ရပ်အဖွဲ့များဘက်ကပြောသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဥက္ကဋ္ဌ ရဲဘော် သံခဲ ကလည်း “ကျနော်တို့တွေဟာ အဓိပ္ပာယ် ပြည့်ဝတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ သွားမယ်ဆိုရင် အခုလိုမျိုး အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေဟာ မလွဲမသွေ လုပ်ပြီးမှ သွားသင့်တယ်ဆိုတဲ့ ချေပချက်၊ ယူဆချက် အခိုင်အမာ ရှိပါတယ်။ ဒါဟာ ငြင်းပယ်လို့မရပါဘူး” ဟု ပြောသည်။
PPST ၏ သုံးသပ်ချက်၌ တိုင်းရင်းသားလူမျိုးများ၏ အဓိက ရည်မှန်းချက်များဖြစ်သည့် ဖက်ဒရယ် စနစ်၏ လက္ခဏာရပ်များ ဖြစ်သော ပြည်ထောင်စု အဖွဲ့ဝင် ပြည်နယ်များ၏ အခန်းကဏ္ဍ၊ ပြည်ထောင်စုနှင့် ပြည်နယ်များအကြား အာဏာခွဲဝေ ပိုင်းခြား ထားရှိမှု၊ ပြည်နယ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ငြိမ်းချမ်းရေး သဘောတူညီချက်များ ပူးတွဲအကောင်အထည်ဖော်ခြင်း စသည့် အချက်များကို တွေ့ရှိခဲ့သည်ဟုဆိုသည်။
NCA ကိုအကောင်အထည်ဖော်ရာ၌ အစိုးရ၊ တပ်မတော်နှင့် NCA-s EAO များအကြား NCA အပေါ် နားလည်မှုနှင့် အဓိပ္ပာယ် ဖွင့်ဆိုမှု မတူညီကြောင်းကိုလည်း သုံးသပ် တွေ့ရှိခဲ့ကြကြောင်း၊ ထို့ကြောင့် NCA ဆိုင်ရာ အခြေခံမူ၊ ခံယူချက် သဘောထား များနှင့် ကတိပြုချက်များအား လိုက်နာခြင်း၊ အကောင်အထည်ဖော်ခြင်းအပေါ် သက်ရောက်မှု ရှိခဲ့ပြီး လွတ်လပ်မှု၊ တန်းတူ ညီမျှမှုနှင့် တရားမျှတမှုဆိုင်ရာ အခြေခံတို့နှင့် ပတ်သက်ပြီး အားနည်းမှုများရှိခဲ့သည်ဟု အပစ်ရပ် အဖွဲ့များက ဆိုသည်။
လက်ရှိအခြေအနေသည် NCA စာချုပ်ထဲတွင် ရေးသားဖော်ပြထားချက်နှင့် လမ်းချော်နေကြောင်း၊ ထိုအချက်များတွင် တရားဝင် နိုင်ငံရေးပါတီများအားလုံး နိုင်ငံရေးဆွေးနွေးပွဲများတွင် လွတ်လွတ်လပ်လပ် ပါဝင်ခွင့်ရှိရမည်ဟု ဆိုထားသော်လည်း တကယ့် လက်တွေ့ အခြေအနေတွင် အနိုင်ရပါတီတခုထဲပါဝင်နေသည့် အနေအထားမျိုးဖြစ်နေပြီး အများစုဖြစ်နေသည်ဟု ဆိုသည်။
ထို့အတူ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း ကဏ္ဍတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများက ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရန် ဖွဲ့စည်းပုံများ ရေးဆွဲပြီး ဖက်ဒရယ်စနစ်နှင့် ကိုက်ညီသည့် လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး (SSR) မှတဆင့် DDR သို့ သွားရန် ဦးသိန်းစိန် အစိုးရလက်ထက်ကတည်းက ဆွေးနွေးပြီး သဘောတူထားသည်ဟုဆိုသည်။
သို့သော်လည်း လက်ရှိအခြေအနေတွင် SSR ဘက်ကို မသွားတော့ဘဲ တပ်မတော်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အရ လုံခြုံရေး ဆိုင်ရာ ပြန်လည် ပေါင်းစည်းရေး လုပ်ရာတွင် “တခုတည်းသော ပြည်ထောင်စု တပ်မတော်” ဖြစ်ရန် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များက လက်နက်ဖြုတ်သိမ်း၊ တပ်ဖြုတ်သိမ်းပြီး တပ်မတော်နှင့် ပြန်လည်ပေါင်းစည်းရေးမူ (DDR) လမ်းကြောင်းကို တွန်းနေတဲ့ အခြေအနေသည်လည်း မဖြစ်သင့်ဟု တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဘက်က ဆိုသည်။
“တော်တော်များများဟာ NCA လမ်းကြောင်းကို သွေဖယ်ပြီးတော့ သွားနေတာကို ကျနော်တို့ တွေ့ရတယ်။ ဒါတွေဟာ ဒီကနေ့ ကျနော်တို့ ဆုံးဖြတ်ချက်ထဲ ဆွေးနွေးတဲ့ထဲမှာ အင်မတန်မှ အရေးကြီးတဲ့ အချက်တွေ ဖြစ်တယ်” ဟု ပူးဇင်ကျုံးက ဆိုသည်။
ထိုကဲ့သို့သော လွဲမှားနေသည့် အချက်များကို ပြန်လည်သုံးသပ်၍ ပြုပြင်ပြောင်းလဲမှုများ လုပ်ရန်လိုအပ်ကြောင်း၊ ယင်းသို့ လုပ်ဆောင်နိုင်မှ အပစ်ရပ်အဖွဲ့များသာမက အပစ်မရပ်သေးသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများလည်း ပါဝင်လာနိုင်မှာ ဖြစ်သကဲ့သို့ အားလုံးမျှော်လင့်နေသည့် ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတော်ကြီးကို သွားနိုင်မည်ဟု သူက ဆက်ပြောသည်။
PPST အစည်းအဝေး၌ ဆွေးနွေးသုံးသပ်ချက်များအရ NCA နှင့် ပတ်သက်၍ အားနည်းချက်၊ ချို့ယွင်းချက် တွေ့ရှိချက်များ အပေါ် ပြုပြင်ပြောင်းလဲရန် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့ က ဆုံးဖြတ်လိုက်ပြီး ယင်းသို့လုပ်ဆောင်ရန် အဖွဲ့တခု ဖွဲ့စည်းလိုက်ပြီဖြစ်သည်။
ထိုအဖွဲ့ကို “NCA အကောင်အထည်ဖော်ဆောင်မှုများတွင် အားနည်းချက်များ၊ ချို့ယွင်းချက်များ ရှိခြင်းကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အဆင့်ဆင့်ကို ပြန်လည်သုံးသပ်ခြင်း နှင့် ပြန်လည်ပြုပြင်ပြောင်းလဲခြင်း တာဝန်ယူလုပ်ဆောင်သွားရေး အဖွဲ့” ဟု အပစ်ရပ် ၈ ဖွဲ့ ခေါင်းဆောင်များက အမည်တပ်ထားသည်။
ထိုအဖွဲ့ကို ကရင်အမျိုးသား အစည်းအရုံး (KNU) ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း က ဦးဆောင်မည်ဖြစ်ပြီး ပြန်လည် သုံးသပ်ချက် များကို ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နိုင်ရေးအတွက် ဇူလိုင်လနောက်ပိုင်းမှ စတင်၍ တလခွဲအတွင်း အပြီးသပ် လုပ်ဆောင် နိုင်ရန် လျာထားကြောင်းသိရသည်။