မြန်မာ့ငြိမ်းချမ်းရေးကို သရော်ထားသည့် ဆောင်းပါးဖော်ပြ၍ တရားစွဲဆိုခံထားရသော The Voice Daily သတင်းစာ၏ အယ်ဒီတာဦးကျော်မင်းဆွေအား ရုံးထုတ်အပြီး တရားခွင်ပြင်ပ၌ သတင်းယူ နေသော သတင်းသမားများကို တဦးချင်းစီ အနီးကပ်ဓာတ်ပုံရိုက်ယူနေသည့် အရပ်ဝတ်တပ်မတော် သား တဦးကို သတင်းသမားများက အမှုဖွင့်လိုက်ကြောင်း သိရသည်။
မြန်မာသတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးကော်မတီက ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ တပ်ကြပ် စိုးမြင့်အောင်ကို ယခုနှစ်အစောပိုင်းတွင် အတည်ပြုပြဌာန်းလိုက်သော နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံ ခြုံမှုကာကွယ်ပေးရေးဥပဒေဖြင့် ဗဟန်းရဲစခန်းတွင် အမှုဖွင့်လိုက်ခြင်းဖြစ်သည်။
ပြီးခဲ့သည့် သောကြာနေ့က The Voice သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ၏ ငါးကြိမ် မြောက် ရုံးချိန်းတွင် ဒါဇင် နှင့်ချီသော သတင်းသမားများမှာ တရားရုံးပြင်ပတွင် စောင့်ဆိုင်းနေကြ သည်။ အများစုမှာ ဝင်ခွင့်မရသောကြောင့်ဖြစ်သည်။ ဦးကျော်မင်းဆွေအား ရန်ကုန်တိုင်း စစ်ဌာနချုပ် ဒုတိယဗိုလ်မှူးကြီး လင်းထွန်းက အငြင်းပွားဖွယ်ရာ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆိုထားသည်။
ဦးကျော်မင်းဆွေ အမှုရုံးထုတ်အပြီး ရွှေဂုံတိုင်တံတားအောက်၌ ဥပဒေအကြံပေး ဦးခင်မောင်မြင့်အား သတင်းသမားများ က မေးမြန်းနေစဉ် တပ်ကြပ် စိုးမြင့်အောင်က သတင်းသမား များကာကွယ်ရေး ကော်မတီအဖွဲ့ဝင်များနှင့် သတင်းသ မားများကို လက်ကိုင်ဖုန်းဖြင့် မျက်နှာများ အနီးကပ်ဓာတ်ပုံ ရိုက်ယူခဲ့သည်။
သတင်းသမားများက ဓာတ်ပုံရိုက်ယူသော တပ်ကြပ် စိုးမြင့်အောင်ကို မိမိအမည်၊ မိခင်အဖွဲ့အစည်း တို့ကို မေးမြန်းသော အခါ ထုတ်ဖော်ပြောကြားရန် ငြင်းဆိုခဲ့ပြီး၊ နယ်မြေလုံခြုံရေးက လာသူ ဖြစ်ကြောင်း ပြောဆိုသည်။ ဧရာဝတီသတင်းဌာန၏ သတင်းထောက်သည်လည်း ယင်းဖြစ်စဉ် တလျှောက်ကို မျက်မြင်တွေ့ခဲ့သည်။
နောက်ပိုင်းတွင် အထက်အရာရှိထံ ခွင့်ပြုချက်တောင်းပြီး သူ၏ကိုယ်ပိုင်နံပါတ်နှင့် ရာထူးအဆင့်ကို ပြောသည်။ ၎င်းအား တရားခွင်သတင်းရယူရန် အဆင့်မြင့် စစ်ဘက်အရာရှိတဦးက အမိန့်ပေးကြောင်း လည်း ဖွင့်ပြောသည်။ သို့သော် The Voice Daily အယ်ဒီတာ ဦးကျော်မင်းဆွေအား တရားလိုပြု စွဲဆိုသူ ဒုဗိုလ်မှူးကြီး လင်းထွန်းမှာ တရားခွင်သို့ လာရောက် ခြင်း မရှိပေ။
အားလုံးပါဝင်အောင် ခြုံငုံရိုက်ကူးခြင်းမဟုတ်ဘဲ ယခုကဲ့သို့ တဦးချင်းကို အနီးကပ် ဓာတ်ပုံလိုက် ရိုက်ခြင်းသည် နိုင်ငံသား များ၏ တဦးချင်းလွတ်လပ်ခွင့်နှင့် လုံခြုံရေးဥပဒေကို ချိုးဖောက်ရာ ရောက်ကြောင်း ပြောဆိုကြပြီး သတင်းသမားများက ပုံများကို ပြန်ဖျက်ပေးရန် ပြောခဲ့ကြသည်။ တပ်ကြပ် စိုးမြင့်အောင်က ပုံတချို့ကို ဖျက်ပေးခဲ့သည်။
မြန်မာသတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးကော်မတီက ၎င်းတို့၏အဖွဲ့ဝင်များကို ပစ်မှတ်ထား ရိုက်ကူးခံရ သော ကြောင့် ရဲစခန်းတွင် အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။
ရဲလုပ်ငန်းစဉ်အရ ရက်ပေါင်း (၃၀) အတွင်း ပုဒ်မတပ်မည့် အကြောင်းအရာကို အကြောင်းပြန်မည်ဟု သိရသည်။
သတင်းသမားအချို့က ၎င်းတို့သည် The Voice Daily သတင်းစာအယ်ဒီတာ၏ အမှုစတင်စစ်ဆး စဉ်ကပင် စောင့်ကြည့် ခြင်း ခံနေရကြောင်း ဧရာဝတီသတင်းဌာနသို့ ပြောဆိုကြပါသည်။
“စစ်တပ်က ကျမတို့ ဘယ်လို သတင်းယူလဲဆိုတာကို အနီးကပ် စောင့်ကြည့်နေတာ” ‘‘ဒါဟာ သတင်း ထောက်တွေရဲ့ ပုဂ္ဂိုလ်ရေးနဲ့ အလုပ်အကိုင်ကို ခြိမ်းခြောက်နေတာပဲ။ ကျမ သိသလောက်တော့ ဒီလို ထောက်လှမ်းတာမျိုးကို အရင်က သတင်းတပ်ဖွဲ့ (SB) ကလုပ်တာ။ အခုတော့ စစ်တပ်က ကိုယ်တိုင် လုပ်နေပြီ”’’ ဟု အဆိုပါတပ်ကြပ်၏ ဓာတ်ပုံရိုက်ခြင်းကို ခံရသူ 7 Day သတင်းဌာနမှ ရုပ်သံသတင်းထောက် မသူဇာက ပြောသည်။
မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီအဖွဲ့ဝင် ဦးမြင့်ကျော်ကလည်း စုံစမ်းထောက်လှမ်းမှုများကို တရား ဥပဒေဘောင်အတွင်းမှ ဆောင်ရွက်သင့်ကြောင်း ယခင် စစ်အစိုးရလက်ထက်တွင် ဆောင်ရွက်ခဲ့သော လုပ်ရပ်များကဲ့သို့ ယခုခေတ်တွင်ပြုလုပ် ပါက တရားဥပဒေမဲ့ဆောင်ရွက်ချက်ဖြစ်မည်ဟု ထောက်ပြသည်။
“ရာဇဝတ်မှု ကျူးလွန်ထားခြင်း မရှိတဲ့သူတွေကို တဦးချင်း ဓာတ်ပုံရိုက်တာဟာ သူတို့ရဲ့ပုဂ္ဂလိက လွတ်လပ်ခွင့်ကို ချိုး ဖောက်တာပါပဲ။ ဒီလိုလုပ်ရပ်မျိုးကို လက်ခံလို့ မရပါဘူး” ဟုလည်း သူပြောသည်။
ဧရာဝတီ အင်္ဂလိပ်ပိုင်း သတင်းထောက် မိုးမြင့်ရေးသားသည့် Soldier Photographs Reporters at Article 66(d) Hearing ကို ဘာသာပြန်ဆိုသည်။