ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) က အစိုးရနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆွေးနွေး ရန် အတွက် ဖွဲ့စည်းထားသော နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) ကို ပြန်လည် ဖွဲ့စည်း လိုက် သည်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဇူလိုင်လ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ ပြုလုပ်ခဲ့သော UNFC အစည်းအဝေးကနေ ဆွေးနွေး ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ DPN အဖွဲ့ကို အဖွဲ့ဝင် ၅ ဖွဲ့မှ ကိုယ်စားလှယ် ၉ ဦးဖြင့် ဖွဲ့စည်းထားကြောင်း UNFC အထွေထွေ အတွင်းရေးမှူး ခူဦးရယ် က ပြောသည်။
ခူဦးရယ် က “ကျနော်တို့ DPN ရဲ့ ရှေ့လုပ်ငန်းစဉ်နဲ့ ပတ်သက်လို့တော့ မူလတုန်းက အဆိုပြုချက် ၉ ချက်ကိုပဲ အဓိကထား ပြီးတော့ ဘယ်လို ဆက်လက်ညှိနှိုင်းမလဲ ဆိုတဲ့ ကိစ္စပါ” ဟု သတင်း မီဒီယာများကို ပြောပြသည်။
ပြန်လည် ဖွဲ့စည်းလိုက်သည့် DPN အဖွဲ့၏ အဖွဲ့ခေါင်းဆောင် အဖြစ် UNFC အထွေထွေ အတွင်းရေးမှူးလည်းဖြစ်၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) ၏ ဒုဥက္က၏လည်း ဖြစ်သည့် ခူဦးရယ် ကိုပြန်လည်ရွေးချယ်ခဲ့ပြီး ဒုအဖွဲ့ ခေါင်းဆောင် အဖြစ် မွန်ပြည်သစ်ပါတီ (NMSP) ဗဟိုကော်မတီဝင် နိုင်အောင်မငေး က တာဝန်ယူမည် ဖြစ်ကြောင်း သိရသည်။
၎င်းတို့အနေဖြင့် အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) လမ်းကြောင်း အတိုင်း ဆွေးနွေးရန် မူလက ချမှတ်ထားသော သဘောထားအတိုင်းသာ ဆက်လက်ဆွေးနွေးရန် ချမှတ်ထားပြီး အစိုးရနှင့် တွေ့ဆုံ ဆွေးနွေးမှုများ ဆက်လက် လုပ်ဆောင်သွားမည်ဟု ဆိုသည်။
UNFC က အဆိုပြုထားသော အချက် ၉ ချက်သည် DPN နှင့် အစိုးရ၏ ငြိမ်းချမ်းရေး ကော်မရှင် (Peace Commission) တို့ ကြား မူအားဖြင့် သဘောတူညီမှု ရရှိထားပြီး NCA ကို သွားနိုင်ရေးအတွက် ကတိကဝတ် စာချုပ် (Deep of Commitment) ကို အရင်ဆုံး ချုပ်ဆိုသွားရန် ညှိနှိုင်းထားကြသည်ဟု ဆိုသည်။
အစိုးရနှင့် မတွေ့ဆုံမီကာလအတွင်း နိုင်ငံရေးပါတီများ၊ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ နှင့် DPN တို့ကြား နိုင်ငံရေးမူဘောင် ပြန်လည်သုံးသပ်ရေး ကိစ္စ၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ (JMC) ကိစ္စ စသည်တို့ကို ညှိနှိုင်းသဘောထား ရယူရန်လည်း ရှိကြောင်း သိရသည်။
“နောက်တကြိမ် ညီလာခံ မတိုင်ခင်မှာကတော့ ဖြစ်လာနိုင်ဖွယ်ရာ အခြေအနေတွေကို သုံးသပ်ပြီးတော့ အဲဒီမတိုင်ခင်မှာ ဘယ်လို အခင်းအကျင်းနဲ့ သွားနိုင်မလဲဆိုတာ အချိန်နဲ့တပြေးညီ ကိစ္စရပ်တွေကို ဘယ်အဖွဲ့အစည်းတွေနဲ့ ဘယ်လို သွား မယ် ဆိုတဲ့ ကိစ္စရပ်လေးတွေကို ညှိနှိုင်းဆောင်ရွက်ဖို့ သဘောထား ချမှတ်ပါတယ်” ဟု ခူဦးရယ်က ရှင်းပြသည်။
ပြန်လည် ဖွဲ့စည်းလိုက်သော DPN အဖွဲ့တွင် UNFC မှ နုတ်ထွက်သွားသော KIO အဖွဲ့ မပါဝင်တော့သဖြင့် အစိုးရနှင့် DPN တို့ကြား ဆွေးနွေးမှုကို ရိုက်ခတ်မှု ရှိလိမ့်မည်ဟု မယူဆကြောင်း၊ ယခင် ဆွေးနွေးပွဲများတွင်လည်း အကြောင်းကြောင်း ကြောင့် KIA မလိုက်ပါနိုင်ခဲ့ဘဲ ဆွေးနွေးခဲ့သည့် အခြေအနေများကို အစိုးရအနေဖြင့်လည်း နားလည်ပြီးသား ဖြစ်ကြောင်း ခူဦးရယ် ကပြောသည်။
DPN နှင့် အစိုးရ တို့ကြား ဆွေးနွေးထားသည့် အချက် ၉ ချက်ထဲတွင် JMC ၌ တပ်နေရာချထားရေး၊ တပ်စခန်းတည်နေရာ သတ်မှတ်သည့်ကိစ္စများ မတူကွဲပြားသည့်အဖွဲ့များကြားတွင် မည်ကဲ့သို့ ညှိနှိုင်းဆွေးနွေးမည် ဆိုသည်မှာလည်း အသား မကျ သေးဟု ဆိုသည်။
ထို့အတူ စောင့်ကြည့်လေ့လာရေး ကိစ္စတွင်လည်း DPN က နိုင်ငံတကာ လေ့လာ စောင့်ကြည့်ရေး အဖွဲ့များ ပါဝင်နိုင်ရေး၊ နိုင်ငံရေးဆွေးနွေးပွဲနှင့် ပတ်သက်၍ အဆိုပြုထားသော သုံးပွင့်ဆိုင်ကိစ္စ စသည့် အချက်များသည်လည်း ကျေလည်မှု မရှိ သေးကြောင်းလည်း သိရသည်။
ဒုတိယအကြိမ် ညီလာခံအပြီး အတည်ပြုချက်အရ လက်ရှိ UNFC တွင် မွန်ပြည်သစ်ပါတီ (NMSP)၊ ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP)၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ လားဟူ ဒီမိုကရက်တစ် ယူနီယံ (LDU) နှင့် ရခိုင်အမျိုးသား ကောင်စီ (ANC) တို့ ၅ အဖွဲ့သာ ကျန်တော့သည်။