ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်ရှိ သီပေါ အကျဉ်းထောင်၌ ဖမ်းဆီး ထိန်းသိမ်းခံထားရသည့် သတင်းထောက် ၃ ဦးအား ၎င်းတို့၏ မိသားစုဝင်များက ယနေ့တွင် ထောင်ဝင်စာ တွေ့ဆုံခွင့်ရကြောင်း သိရသည်။
ဖမ်းဆီးခံထားရသည့် ဧရာဝတီ သတင်းဌာမှ အကြီးတန်း သတင်းထောက် ဦးသိန်းဇော် (ခ) လဝီဝမ်၏ မိသားစုဝင် တဦးက ပြောရာတွင် လဝီဝမ်ကို ရှေ့နေနှင့် အတူ တွေ့ဆုံခွင့် ရခဲ့ကြောင်း၊ ဦးသိန်းဇော် (လဝီဝမ်) ၏ ကျန်းမာရေး အခြေအနေ ကောင်းမွန်ကြောင်း၊ ထောင်ထဲတွင် ကောင်းမွန် စွာနေ ထိုင်ရသည်ဟု ပြောဆိုကြောင်း ဧရာဝတီ ကို ပြောသည်။
ဦးသိန်းဇော် (ခ) လဝီဝမ် ၏ မိသားစုဝင် တဦး က “ဒီနေ့ ညနေ ၃ နာရီလောက်မှာ တွေ့ခွင့်ရတယ်၊ အေးအေးဆေးဆေး စကား ပြောခွင့် ရပါတယ်၊ သူရဲ့ စိတ်ပိုင်းဆိုင်ရလည်း ကောင်းကောင်းမွန်မွန်ပါပဲ၊ ထောင်ထဲမှာ ဖတ်ဖို့ စာအုပ်တွေ လိုချင်တယ် လို့ မှာလိုက်ပါတယ်” ဟု ဆိုသည်။
ဖမ်းဆီးခံ သတင်းထောက်များ အနက် တဦးချင်းစီ၏ မိသားစုဝင်များက သီးသန့်စီ မိနစ် ၃၀ ခန့် တွေ့ခွင့် ရကြောင်း သိရသည်။
သီပေါထောင်၌ ဖမ်းဆီးခံထားရသူများသည် ဧရာဝတီ သတင်းဌာမှ ဦးသိန်းဇော်၊ DVB သတင်းဌာနမှ အကြီးတန်း သတင်း ထောက် ဦးအေးနိုင်နှင့် ဦးပြည့်ဘုန်းအောင်တို့ ဖြစ်ပြီး ၎င်းတို့အား ဇွန်လ ၂၆ ရက်နေ့က တပ်မတော် က ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA ) နယ် မြေ၌ ပြုလုပ်သည့် မူးယစ်ဆေးဝါးများ မီးရှို့ပွဲသို့ သတင်းသွားယူပြီး အပြန်လမ်းတွင် တပ်မတော် စစ်ကြောင်းမှ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
၎င်းတို့အား ယခုအခါ မတရား အသင်းနှင့်ဆက်သွယ်မှု ပုဒ်မ ၁၇/၁ နှင့် တပ်မတော်မှ တရားလို ပြုလုပ်၍ ဇွန်လ ၂၈ ရက် နေ့က တရားစွဲဆိုခဲ့ပြီး သီပေါထောင်၌ ထိန်းသိမ်းထားခြင်း ဖြစ်သည်။
ဖမ်းဆီးခံ သတင်းထောက်များအား ဇူလိုင်လ ၁၁ နေ့တွင် ရုံးထုတ်မည်ဟု ကနဦး သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ရက်ချိန်း အပြောင်းအလဲရှိ၊ မရှိကို အတိအကျ မသိရသေးဟု ထောင်ဝင်စာ တွေ့ဆုံခွင့်ရသည့် မိသားစုဝင်များက ပြောသည်။