သတင်း

တမူးဒေသ ကသည်းသူပုန်များကြောင့် မလုံခြုံဟု လွှတ်တော်ကိုယ်စားလှယ်ပြော

Want create site? Find Free WordPress Themes and plugins.

အိန္ဒိယနိုင်ငံနှင့် ၇၈ မိုင်ခန့် ထိစပ်နေသည့် စစ်ကိုင်းတိုင်း၊ တမူးဒေသသည် ကသည်းသူပုန်များကြောင့် လုံခြုံမှု မရှိဘဲ မြန်မာ့တပ်မတော် အပါအဝင် လုံခြုံရေးအဖွဲ့များသည် ပြည်သူများကို အကာအကွယ်ပေးရန် ပျက်ကွက်နေကြောင်း စစ်ကိုင်းတိုင်း၊ မဲဆန္ဒနယ်အမှတ် ၉ မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်လတ်က နေပြည်တော်တွင် သတင်းထောက်များကို ပြောသည်။

ယနေ့ ကျင်းပသည့် အမျိုးသား လွှတ်တော် အစည်းအဝေးတွင် ၎င်းက စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်အတွင်း ခိုအောင်း လှုပ်ရှားနေသော ကသည်း သူပုန်များအား ရှင်းလင်းဖယ်ရှားပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းကို မေးမြန်းခဲ့သည်။

တပ်မတော်သည် ကာကွယ်ရေးတာဝန်၊ ရဲတပ်ဖွဲ့သည် တရားဥပဒေစိုးမိုးရေး တာဝန်ရှိသည် မှန်သော်လည်း ၁၀၁၆ မိုင် ရှည်လျားသည့် နယ်စပ်တလျှောက် လုံခြုံရေးဆောင်ရွက်မှုအတွက် မြို့ရွာလုံခြုံရေးကို ထိခိုက်စေနိုင်သည့် သတင်းများ ရရှိပါက ပြည်သူလူထုက အချိန်မီ သတင်းပေးခြင်းဖြင့် ပူးပေါင်းပါဝင်ရန် လိုအပ်ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က လွှတ်တော်တွင် ရှင်းလင်းခဲ့သည်။

“တပ်မတော်ကလည်းပဲ သိနေရဲ့သားနဲ့ ပြည်သူတွေ သတင်းပေးမှ လုပ်မယ်ဆိုတာဟာ ကျနော်တို့ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်ကို တပ်မတော်က၊ ပြည်သူ့ရဲတပ်ဖွဲ့က၊ အုပ်ချုပ်ရေးအဖွဲ့ကနေ အကာအကွယ်ပေးဖို့ ပျက်ကွက်နေတယ်လို့ ကျနော်က ယူဆပါတယ်” ဟု လွှတ်တော်အပြီးတွင် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်လတ်က ပြောသည်။

ကသည်းသူပုန်များ ရှိနေခြင်းကို တပ်မတော် စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့များ သိရှိကြောင်း၊ နိုင်ငံသားများ အသက်နှင့် ရင်းရမည့် မည်သည့်မူဝါဒမျိုးကိုမဆို ထောက်ခံမည် မဟုတ်ကြောင်း၊ တမူးဒေသ၏ ကသည်းနေထိုင်မှု လူဦးရေကို အုပ်ချုပ်ရေးအဖွဲ့များက စာရင်းကောက်ယူထားသည်ကို သိရှိထားကြောင်း သိရသည်။

ကသည်းသူပုန်များသည် တမူးမြို့၏ နန်းဖာလုံဈေးထဲတွင် ဆက်ကြေး ကောက်ခံရာမှ ပြည်သူများနှင့် ပြဿနာ ဖြစ်ကြောင်း၊ ယင်းပြဿနာကို သက်ဆိုင်ရာ ခရိုင်အုပ်ချုပ်ရေးမှူး၊ ရဲသတင်းတပ်ဖွဲ့၊ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့တို့ထံ တိုင်တန်းပြီး အရေးယူပေးရန် တိုက်တွန်းသော်လည်း ၎င်းတို့ကို အရေးယူခြင်း မရှိကြောင်း ယင်းအမျိုးသား လွှတ်တော် ကိုယ်စားလှယ်က ပြောသည်။

နှစ်နိုင်ငံ နယ်နိမိတ်ချင်း ခွဲခြားထားသော်လည်း နယ်စပ်နေ ပြည်သူများအနေဖြင့် အပြန်အလှန်သွားလာ၍ စီးပွားရေးလုပ်ငန်း ဆက်နွယ်မှု၊ ဓလေ့၊ ထုံးတမ်းနှင့် ယဉ်ကျေးမှုများ တူညီမှု၊ စည်းရိုးခြားသော်လည်း လူမျိုးချင်း ဆက်နွယ်မှုများရှိသည့် တမူးဒေသသည် ပြည်သူနှင့် သောင်းကျန်းသူအား ခွဲခြားရန် ခက်ခဲသောဒေသ ဖြစ်ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က လွှတ်တော်တွင် ပြောသည်။

“ထိုသို့သော ဒေသများမှာ ရန်သူနဲ့ ပြည်သူ ခွဲခြားပြီး နှစ်နိုင်ငံ အောက်ခြေအဆင့် ပူးပေါင်းဆောင်ရွက်ပြီးတော့ သတင်းဖလှယ်ချင်းမှအပ အခြားမည်သို့မျှ လုပ်ဆောင်၍ မရသော ဒေသလည်း ဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်မြင့်နွယ်က ပြောသည်။

အိန္ဒိယနိုင်ငံ မဏ္ဍိပူရနှင့် မြန်မာနယ်စပ် တမူးခရိုင်ရှိ နယ်မြေ ထိစပ်မှု အများစုသည် တောင်တန်း၊ တောတောင် ထူထပ်စွာ ပေါက်ရောက်ခြင်း၊ လူနေကျဲပါးခြင်း၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်းတို့ကို အခွင့်ကောင်းယူ၍ အိန္ဒိယအစိုးရကို ဆန့်ကျင်သည့် အဖွဲ့အစည်းများကို သတင်းရရှိမှုပေါ် မူတည်၍ တပ်မတော်က လုံခြုံရေး၊ နယ်မြေစိုးမိုးရေး တာဝန်များကို ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ဗိုလ်ချုပ်မြင့်နွယ်က “တဖက်နိုင်ငံအား ဆန့်ကျင် တိုက်ခိုက်တဲ့ သောင်းကျန်းသူ အဖွဲ့အစည်းကိုဖြစ်စေ၊ ၎င်းအဖွဲ့အစည်းကို ဖြစ်စေ၊ လက်ခံ ကူညီတဲ့သူကို ဖြစ်စေ၊ မည်သည့်အဖွဲ့အစည်းကိုမျှ မိမိနိုင်ငံအတွင်း လက်ခံ၊ ခွင့်ပြု၊ အခြေချခွင့်ပေးမည် မဟုတ်ကြောင်းကိုလည်း အစဉ်အဆက် တပ်မတော်ရဲ့ မူဝါဒသဘောထားဖြင့် အလေးထား ဖြေကြားအပ်ပါတယ်”ဟု ပြောသည်။

လွှတ်တော်ကိုယ်စားလှယ်ကမူ ယနေ့ နံနက်ပိုင်းတွင်ပင် တမူးမြို့နှင့် ၁ မိုင်ခန့်ဝေးသည့် ဟဲဆင်းကျေးရွာရှိ နေအိမ် ၁၂ လုံးတွင် ကသည်းသူပုန် ယောကျာ်း၊ မိန်းမ ၇၀ ခန့် နေထိုင်လျက်ရှိကြောင်း ကျေးရွာ အုပ်ချုပ်ရေးပိုင်းမှ စာရင်းပြုစုပြီး တင်ပြလာ၍ သတင်းအတိအကျ ရရှိထားကြောင်း လွှတ်တော်တွင် ပြောသည်။

“ကိုယ်စားလှယ်ကြီး မေးခွန်းမှာပါတဲ့ သတင်းအတိအကျ ရရှိတာနဲ့ ပတ်သက်ပြီးတော့ ပြည်ထဲရေးဝန်ကြီးဌာနက လုပ်ဆောင်လို့ရတဲ့ အပိုင်းတွေကို လုပ်ဆောင်ပါ။ လုပ်ဆောင်လို့မရတဲ့ အပိုင်းမှာ တပ်မတော်ဟာ အမြဲတမ်း ကူညီ၊ ဆောင်ရွက်ပေးပါတယ်”ဟု ဗိုလ်ချုပ်မြင့်နွယ်က ပြောသည်။

တမူးဒေသ လုံခြုံရေးအတွက် ယခုမေးခွန်းမေးမြန်းရုံဖြင့် ရပ်တန့်နေမည် မဟုတ်ဘဲ ဒေသခံပြည်သူများထံမှ လက်မှတ်များ ကောက်ခံ စုဆောင်း၍ သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများထံသို့ ဆက်လက်တင်ပြသွားမည် ဖြစ်ကြောင်း၊ ၎င်းတို့ ဒေသတွင် ကသည်းသူပုန်များ တဖြည်းဖြည်း များလာခဲ့ပါက ရခိုင်ပြည်နယ် မြောက်ပိုင်းကဲ့သို့ ဖြစ်လာမည်ကို စိုးရိမ်ကြောင်း အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်လတ်က ပြောသည်။

တမူးဒေသတွင် ကသည်းသူပုန်များကြောင့် ပြည်သူများ ထိခိုက်သေဆုံးခြင်း၊ နေအိမ်များ မီးလောင်ခြင်း၊ လက်နက်များ ဖမ်းမိခြင်းတို့ မကြာခဏ ဖြစ်ပွားလျက်ရှိသည်ဟု သိရသည်။

အိန္ဒိယနှင့် မြန်မာ နှစ်နိုင်ငံ တပ်မတော်များ အနေဖြင့် နယ်စပ်ကော်မတီ အစည်းအဝေးများကို ၆ လ တကြိမ် ကျင်းပလျက်ရှိရာ ၂၀၁၇ ခုနှစ်၊ မေလတွင် ၁၀ ကြိမ်မြောက် မြန်မာနိုင်ငံ အမျိုးသားအဆင့် နယ်စပ်ကော်မတီ အစည်းအဝေးကို ကလေးမြို့နှင့် မုံရွာမြို့တို့တွင် ကျင်းပပြုလုပ်ခဲ့ပြီး ယင်းအစည်းအဝေးသို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနဲ့ အိန္ဒိယဘက်မှ အမှတ် ၅၇ တောင်ပေါ် တပ်မမှူးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးကာလတွင် နယ်စပ်ဖြတ်ကျော်မှုခင်းများ၊ အကြမ်းဖက်မှုများ၊ နှစ်နိုင်ငံ နယ်စပ်ဒေသတွင် သောင်းကျန်းမည့်သူများ လျော့နည်း ပပျောက်စေရေးနှင့် နယ်စပ်ဒေသလုံခြုံရေး၊ ဖွံ့ဖြိုးရေး လုပ်ဆောင်မှုများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

 

Did you find apk for android? You can find new Free Android Games and apps.
Loading