ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် လေးလောင်းပြိုင် လူသတ်မှုနှင့် ပတ်သက်ပြီး သေဆုံးသူ ကိုစိုးနောင်က သတ်ခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည့်အပေါ် လက်မခံနိုင်သဖြင့် ယင်းအမူကို ပြန်လည်စိစစ်ပေးရန် ကျန်ရစ်သူ မိသားစုဝင်များက ပြောကြားသည်။
လေးလောင်းပြိုင် လူသတ်မူတွင် သေဆုံးသူ ကိုစိုးနောင်၏ အစ်ကိုဖြစ်သူ ရွှေကြီးဖြူဆရာတော် ဦးဝိစာရက ယနေ့သေဆုံးသူနေအိမ်၌ ပြုလုပ်သည့် ရှင်းလင်းပွဲတွင် “ ဒီလိုထုတ်ပြန်မယ် ဆိုရင် နှစ်ဖက် အသိုင်းအဝိုင်းကို တွေ့ဆုံ ခေါ်ယူမေးမြန်းပြီးမှ ဒီလိုကတော့ ဖြစ်နေတယ်။ ဘယ်လိုသဘောရ လဲဆိုတာကို မေးမြန်းပြီး ထုတ်ပြန်မယ်ဆိုရင် ပိုပြီး ကောင်းမယ်” ဟု မိန့်သည်။
ဆက်လက်၍ ရွှေကြီးဖြူဆရာတော် ဦးဝိစာရက “ အဲဒီအပြင် ကြွေးဆပ်ရန် ငွေ ၂၇ သိန်းရှိပြီး ၁၀သိန်း ပဲဆပ်နိုင်ပြီး ၁၇ သိန်းကျန်လို့ လုပ်ကြံတယ်ဆိုပြီး ထုတ်ပြန်တာဟာ ကွဲလွဲနေပါတယ်။ စိန်နားကပ် ပန်ထားပြီး ကြွေးမဆပ်နိုင်တာက သိပ်တော့ သဘာဝမကျပါဘူး။ ကိုစိုးနောင်က ပုံမှန်မဟုတ်သော စိတ်ခံစားမှုမျိုး ဖြစ်ပေါ်ချိန်မှာ လုပ်ကြံတယ်ဆိုတာက ဆွေမျိုးတွေကို ထိခိုက်ပါတယ်။”ဟု မိန့်သည်။
ရဲတပ်ဖွဲ့၏ တဖက်သတ် ထုတ်ပြန်ချက်ကြောင့် မိသားစုတွင် ပုဂ္ဂိုလ်ရေးအရ နစ်နာမှုများ ဖြစ်ပေါ်ပြီး အမှုမှန်လမ်းကြောင်းနှင့် ကွာဝေးနေကြောင်း၊ ထုတ်ပြန်ချက်တွင် သေဆုံးသူ ဦးစိုးနောင်သည် ဘယ်သန်ဟု ပြောဆိုခြင်းမှာ မှားယွင်းနေကြောင်း၊ ညာသန်ဖြစ်ကြောင်း၊ သံသယရှိသူ ၃ ဦးကိုလည်း စုံစမ်းဆဲဟု ထုတ်ပြန်ကာ သေဆုံးသူက သတ်ဖြတ်ခြင်းဖြစ်သည်ဟု ထုတ်ပြန်ခဲ့ကြောင်း၊ ကွဲလွဲချက်များရှိနေကြောင်း၊ ရဲဝန်ထမ်းဟောင်း တဦးဖြစ်သည့် ဦးစိုးနောင်သည် လက်နက်ကိုင်ဆောင်ထားမှုသည် ထူးဆန်းသည့် ကိစ္စ မဟုတ်ကြောင်း မိသားစုဝင်များက တုံ့ပြန်ပြောဆိုကြသည်။
“ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ စာတင်မှာတော့ ရှိတယ်။ အန်တီကတော့ မလုပ်လည်း မလုပ်ချင် တော့ပါဘူး။ ဒါပေမယ့် စိတ်တော့ မကောင်းဘူး သေသွားတဲ့သူတွေက သိက္ခာကျတာပေါ့။ သိက္ခာကျတဲ့ အတွက်တော့ နည်းနည်းလေး ပြန်ပြီးဆယ်ပေးဖို့တော့ သူတို့ကို တောင်းဆိုချင်တယ်”ဟု သေဆုံးခဲ့သူ မချယ်ရီပွင့်၏ မိခင် ဒေါ်ရီရီနွဲ့က ပြောသည်။
ဆေးစစ်ချက်များကို မှားသည်ဟု မပြောလိုသော်လည်း ထုတ်ပြန်ချက်ထုတ်မည်ဆိုပါက နှစ်ဖက်ဆွေမျိုးများအား အကြောင်းကြား ထုတ်ပြန်သင့်ပြီး သေသေချာချာ ပြန်လည်စိစစ် ပေးစေလိုကြောင်း ကာယကံရှင်များက ဝေဖန်ပြောဆိုမှုများ ရှိသည်။
ရဲတပ်ဖွဲ့သည် ၂၀၁၆ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်နေ့က မင်္ဂလာဒုံမြို့နယ် ပတ္တမြား မြို့သစ်ရပ်ကွက်၊ ရွှေနံ့သာကျေးရွာအုပ်စု မြအေးချမ်းသာလမ်းသွယ်တွင် နေထိုင်သည့် ရဲဝန်ထမ်းဟောင်း ဦးစိုးနောင်၊ ဇနီးဖြစ်သူ မချယ်ရီပွင့်နှင့် သား ၂ ဦး ပါဝင်သည့် မိသားစု ၄ ဦးလုံး နေအိမ်တွင် ဓားဖြင့် ထိုးသတ်ခံရကာ သေဆုံးနေသည့်အပေါ် အမှုဖြစ်စဉ် အခြေအနေဟု ဆိုကာ ၂၀၁၇ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့က သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် မိသားစုဝင်များသည် လူမှုရေးပြဿနာ၊ အိမ်ထောင်ရေး ပြဿနာ များရှိနေပြီး ကြွေးမြီများရှိနေကြောင်း၊ သေဆုံးသူ ဦးစိုးနောင်သည် စိတ်အခြေအနေ ပုံမှန်မဟုတ်ကြောင်း၊ မျိုးဗီဇ DNA စစ်ဆေးမှုများအရ သက်သေခံအဖြစ် သိမ်းဆည်းရမိသည့် ဓားပေါ်တွင် သေဆုံးသူအားလုံး၏ DNA များသာ တွေ့ရသည်ဟု ပါဝင်သည်။
သေဆုံးသူ ဦးစိုးနောင်၏ ကိုယ်တွင် တွေ့ရှိရသော ကန့်လန့်ပုံ ဓားထိုးသွင်း ဒဏ်ရာ ၄ ချက်သည် သေဆုံးသူ အနေဖြင့် စိတ်အခြေအနေမှာ ပုံမှန်မဟုတ်သော စိတ်ခံစားမှုမျိုး ဖြစ်ပေါ်ချိန်၌ မိမိကိုယ်ကို ထိုးသွင်းသည့် ဒဏ်ရာဖြစ်ကြောင်း မှုခင်းဆရာဝန်ကြီးမှ အတည်ပြုပြောဆိုခဲ့ပြီးနောက် မြန်မာနိင်ငံ ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး လူမူကွန်ရက် စာမျက်နှာတွေများတွင် ဝေဖန်ပြောဆိုမူများ ရှိခဲ့သည်။