ရန်ကုန်တက္ကသိုလ် သမိုင်းဝင် ကျောင်းသားသမဂ္ဂ အဆောက်အအုံ ပြန်လည် တည်ဆောက်ရန် ပြည်ထောင်စုက ဘတ် ဂျက် ချပေးပြီးဖြစ်၍ ယခုဘဏ္ဍာနှစ်အတွင်း လုပ်ငန်း စတင်နိုင်ရေးနှင့် ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၃ ရက် က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ယင်းအစည်းအဝေးသို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ဦးဆောင်သော အစိုးရအဖွဲ့ ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင်များ၊ Yangon Heritage Trust မှ ပညာရှင်များ၊ ကျောင်းသားသမဂ္ဂဟောင်းများ တက်ရောက် ဆွေးနွေးခဲ့ကြသည်ဟု အစည်းအဝေး တက်ရောက်ခဲ့သော ပုဇွန်တောင် မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးတင့်လွင်က ဧရာဝတီကို ပြောသည်။
ဦးတင့်လွင်က “ဘတ်ဂျက်က ဒီနှစ်ထဲမှာ သုံးရမှာ ဖြစ်တဲ့အတွက် ဒါကို စလုပ်ဖြစ်အောင် ဘယ်လို စလုပ်ကြမလဲ။ ချပေး ထားတဲ့ ၅ ဘီလီယံကို မသုံးဖြစ်လိုက်ဘဲ ပြန်ပေးလိုက်ရမှာစိုုးရိမ်တာပေါ့နော်။ ဒီဟာက အရေးကြီးတဲ့နေရာ ဖြစ်တဲ့အတွက် ခိုင်မာတဲ့၊ လှပတဲ့ အများ လက်ခံနိုင်တဲ့ ဒီဇိုင်းမျိုး ဖြစ်ဖို့၊ အများပြည်သူ ကျေနပ်တဲ့ အချက်တွေ ပါဝင်ဖို့ ဆွေးနွေးကြတာပါ ” ဟု ရှင်းပြသည်။
ကျောင်းသားသမဂ္ဂ အဆောက်အအုံ တည်ဆောက်နိုင်ရန် ဖြစ်မြောက်ရေးကော်မတီနှင့် တည်ဆောက်ရေးကော်မတီဟူ၍ ကော်မတီနှစ်ရပ် ဖွဲ့စည်းမည် ဖြစ်ပြီး ယခုလအတွင်း ဒုတိယအကြိမ် အစည်းအဝေး ထပ်မံ ခေါ်ယူဖွယ်ရှိသည်ဟု ၎င်းက ဆိုသည်။
ကျောင်းသားသမဂ္ဂ အဆောက်အအုံ ပြန်လည် တည်ဆောက်ရေးနှင့် ပတ်သက်၍ ကော်မတီတရပ် ဖွဲ့စည်းရန် ရန်ကုန် တိုင်းအစိုးရအဖွဲ့ ဝန်ကြီးများ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ မျိုးဆက် အသီးသီးမှ ကျောင်းသားများ စုပေါင်း၍ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၈ ရက်က ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမတွင် ဆွေးနွေးပွဲ တခု ပြုလုပ်ခဲ့သေးသည်။
သို့သော် သမဂ္ဂများ လွတ်လပ်စွာ တရားဝင် ဖွဲ့စည်းခွင့်ရရှိရေး ဦးစွာဆောင်ရွက်ပြီးမှ အဆောက်အအုံ ပြန်ဆောက်ရေး၊ အဆောက်အအုံကို ဦးစွာဆောက်လုပ်ပြီးမှ သမဂ္ဂများ လွတ်လပ်စွာ တရားဝင်ဖွဲ့စည်းခွင့်ကို ဆက်လက်ဆောင်ရွက်ရေးနှင့် ယင်းနှစ်ခုလုံး တပြိုင်တည်း ပြုလုပ်ရေးဟူ၍ သဘောထားအမြင်များ ကွဲလွဲခဲ့ခြင်းကြောင့် ယင်းနေ့တွင် ကော်မတီဖွဲ့စည်းရန် မအောင်မြင်ခဲ့ကြောင်း သိရသည်။
ကျောင်းသားသမဂ္ဂများကို အစိုးရက တရားဝင် အသိအမှတ်ပြုပေးပြီးမှသာ သမဂ္ဂအဆောက်အအုံ ပြန်လည်တည် ဆောက်ရေးကို ကျောင်းသားအများစုက ဆန္ဒရှိကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) ဗဟိုလုပ်ငန်း ကော်မတီ အတွင်းရေးမှူး အဖွဲ့ဝင် ကိုအောင်ထက်အောင်က ပြောသည်။
ကိုအောင်ထက်အောင်က “ဒီကိစ္စက အစိုးရချည်းပဲ လုပ်လို့မရဘူး။ အဓိကက လက်ရှိ ကျောင်းသားသမဂ္ဂတွေ အပါအဝင် ယခင်မျိုးဆက် ကျောင်းသားဟောင်းတွေရဲ့ သဘောထားတွေကလည်း အရေးကြီးတယ်။ ဒီလူတွေရဲ့ သဘောထားကို မကောက်ခံဘဲ အစိုးရက သူ့သဘောဆန္ဒအရ မလုပ်သင့်ဘူး။ ကျောင်းသားသမဂ္ဂဖွဲ့စည်းခွင့်ကို တရားဝင် ခွင့်မပြုဘဲ ကျောင်းသားသမဂ္ဂ အဆောက်အအုံ ဆောက်တာ သိပ်ပြီးနည်းလမ်းမကျဘူး” ဟု ဆိုသည်။
ကျောင်းသားသမဂ္ဂ အဆောက်အအုံ ပြန်လည်တည်ဆောက်ရေးနှင့်ပတ်သက်၍ တော်ဝင်နှင်းဆီတွင် ပြုလုပ်သည့် တွေ့ဆုံမှုပြီးကတည်းက ယနေ့အချိန်အထိ ထပ်မံတွေ့ဆုံခြင်း မရှိသကဲ့သို့ ဇူလိုင် ၃ ရက်က တိုင်းအစိုးရအဖွဲ့ရုံးတွင် ပြုလုပ်သည့် ညှိနှိုင်းအစည်းအဝေးတွင်လည်း မပါဝင်ခဲ့ကြောင်း ၎င်းက ပြောသည်။
ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ကျောင်းသားသမဂ္ဂ ဖွဲ့စည်းဆောင်ရွက်ခွင့်နှင့် ပတ်သက်၍ လက်ရှိတွင် ခွင့်ပြုထားသကဲ့သို့ တဖက်တွင်လည်း အဆင့်မြင့်ပညာ ဥပဒေကို ပြဋ္ဌာန်းရန် ကြိုးစားနေကြောင်း၊ ယင်းဥပဒေ ပြဋ္ဌာန်း ပြီးပါက သက်ဆိုင်ရာ တက္ကသိုလ်အလိုက် ဥပဒေများ ပေါ်ထွက်လာမည်ဖြစ်ပြီး သက်ဆိုင်ရာသမဂ္ဂများ ဖွဲ့စည်းခွင့်သည် လည်း အလိုအလျောက် ပါလာမည်ဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း ဦးတင့်လွင်က တဆင့်ပြန်လည် ပြောပြသည်။
၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက်နေ့တွင် ဒီမိုကရေစီအရေးနှင့် ကျောင်းသားများ၏ အခွင့်အရေးအား ငြိမ်းချမ်းစွာ တောင်းဆိုသည့် ကျောင်းသား များကို ဗိုလ်ချုပ်ကြီး နေဝင်း၏ တော်လှန်ရေးကောင်စီ အစိုးရက ပစ်ခတ် ဖြိုခွင်းခဲ့ရုံမက ဇူလိုင် ၈ ရက်နေ့ နံနက်အစောပိုင်းတွင် ရန်ကုန် တက္ကသိုလ်ဝင်းအတွင်းရှိ သမိုင်းဝင် ကျောင်းသားသမဂ္ဂ အဆောက်အအုံကြီးကိုပါ မိုင်းခွဲ ဖြိုဖျက်ခဲ့သည်။