ရခိုင်ပြည်နယ် မြို့တော်စစ်တွေတွင် လူအုပ်စုတစုက ဝိုင်းဝန်းတိုက်ခိုက်၍ ဒေသခံ မွတ်ဆလင်တဦးသေဆုံးခဲ့ကြောင်း ခရိုင် ရဲမှူးဝင်းနိုင်က ဧရာဝတီ သတင်းဌာနသို့ အင်္ဂါနေ့တွင် ပြောသည်။
မြန်မာအစိုးရသည် ရခိုင်ပြည်နယ်မှ “ရိုဟင်ဂျာ”ဟု မိမိကိုယ်ကိုယ် ခေါ်ဆိုသူများကို နိုင်ငံ၏ တရားဝင် လူမျိုးစုဟု အသိအမှတ်မပြုပါ။ ၎င်းတို့ကို ဘင်္ဂလားဒေ့ရှ်မှ ဝင်ရောက် နေထိုင်သူများ၏ မျိုးဆက် ဘင်ဂါလီများအဖြစ် သတ်မှတ်သည်။
စစ်တွေမြို့ပြင်ရှိ ဒါးပိုင် ဒုက္ခသည်စခန်းတွင် နေထိုင်ကြသော မိမိကိုယ်ကို ရိုဟင်ဂျာဟု ခေါ်ဆိုကြသည့် မွတ်စလင် ၇ ဦးသည် စစ်တွမြို့နယ် တရားရုံးတွင် အမှုတခု ကြားနာရန်အတွက် ရဲများနှင့်လိုက်လာခဲ့ကြောင်း ရဲမှုးတဦး၏ ပြောကြားချက် အရသိရသည်။ သို့သော် ယင်းတရားခွင်၏ အကြောင်းအရာကို တိတိပပ ထုတ်ပြန်ပြောကြားခြင်း မရှိပေ။
ထိုအုပ်စုသည် တရားခွင်အပြီးတွင် မြို့နယ်တရားရုံးမှ ၂ ကီလိုမီတာခန့်ဝေးသော ရွာကြီးမြောက်ရပ်ကွက်သို့ သွားရောက်လည် ကြစဉ် ရပ်ကွက်နေသူအုပ်စု၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရခြင်းဖြစ်ကြောင်း အဆိုပါ ရဲမှုးကပြောသည်။ အခင်းဖြစ်ပွားနေရာတွင် တဦးပွဲချင်းပြီး သေဆုံးခဲ့ကြောင်း အခြားတဦး အပြင်အထန် ဒဏ်ရာရရှိကြောင်း ပြောသည်။
ဒဏ်ရာရသူသည် စစ်တွေ အထွေထွေ ရောဂါကုဆေးရုံတွင် ကုသမှုခံလျှက်ရှိကြောင်း သိရသည်။ အဆိုပါ မွတ်စလင် အုပ်စုမှာ မည်သည့်လက်နက်များဖြင့် တိုက်ခိုက်ခံရသည်ကို ရဲမှူးဝင်းနိုင်က ထုတ်ဖေါ်ပြောခြင်း မရှိပေ။ အင်္ဂါနေ့ ညနေပိုင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ၏ ထုတ်ပြန်ချက်တွင် တိုက်ခိုက်သူများသည် အုတ်ခဲကျိုးများကို အသုံးပြုခဲ့ကြောင်း ဖော်ပြထားသည်။
ထို့အပြင် မွတ်စလင်အုပ်စုမှာ ရောင်နီဦးဘုတ်ဆိပ်အနီး စက်လှေတစီးဝယ်ယူရန် ကြည့်ရှုနေစဉ် ဒေသခံများက အဆိုပါ အုပ်စုကို ဝိုင်းဝန်းတိုက်ခိုက်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
စစ်တွေတွင် ရိုဟင်ဂျာ မွတ်ဆလင်များမှာ မြို့မဈေးတွင် ဈေးဝယ်ခြင်း၊ ရခိုင်ရပ်ကွက်များသို့ မဝင်ရန် တားမြစ် ကန့်သတ်ထားပြီး ရခိုင်များကိုလည်း ရဲခွင့်ပြုချက်မရှိဘဲ မွတ်ဆလင် ရပ်ကွက်များသို့ သွားရောက်ခြင်းကို ပိတ်ပင်ထားသည်။
အထက်ပါအုပ်စုသည် ရိုဟင်ဂျာ မွတ်ဆလင်များကို တားမြစ်ထားသည့် ရွာကြီးမြောက် ရပ်ကွက်သို့ သွားရောက်သည်ကို ရဲများက သတိမထားမိလိုက်ဟု အထက်ပါ အရာရှိကေ ပြောပါသည်။ သို့သော် အင်္ဂါနေ့ ညနေပိုင်းတွင် ထုတ်ပြန်သည့် နိုင်ငံ တော်တိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ၏ ထုတ်ပြန်ချက်တွင် မွတ်စလင်များသည် စစ်တွေမြို့မှ အပြန်တွင် အမှတ် ၂ ရဲစခန်းတွင် လုံခြုံရေးပေးရန် တောင်းခံခဲ့ကြောင်း၊ ရဲတပ်သားတဦး လိုက်ပါခဲ့ကြောင်း ဖော်ပြထားပါသည်။
သို့သော် မည်သည့်အတွက်ကြောင့် ဒုက္ခသည်စခန်း ပြန်ရာလမ်းတွင် တဖြောင့်တည်း မသွားဘဲ ၂ ကီလိုမီတာ ကွာဝေးသော ရွာကြီးမြောက်ရပ်ကွက် ဘုတ်ဆိပ်သို့ ရောက်ရှိနေသည်ကို ရှင်းရှင်းလင်းလင်း ဖော်ပြထားခြင်း မရှိပါ။ အဆိုပါ ထုတ်ပြန်ချက်တွင် တိုက်ခိုက်မှု၌ ပါဝင်သူများကို ဖမ်းဆီးရရှိရေး ဆောင်ရွက်လျက်ရှိကြောင်း ပါရှိသည်။
စစ်တွေမြို့ပေါ်တွင် နေထိုင်ကြသည့် ရခိုင်တိုင်းရင်းသားများကလည်း အဆိုပါရပ်ကွက်တွင် အမှုအခင်းဖြစ်ကြောင်းကို အင်္ဂါနေ့ နေ့လည်ပိုင်းတွင် ဖုန်းဖြင့် အတည်ပြု ပြောဆိုကြပါသည်။
ဒါးပိုင် မွတ်စလင် ဒုက္ခသည်စခန်းတွင် နေထိုင်သည့် ဦးစန်းလွင်က စခန်းမှ လူ ၇-၈ ဦးခန့်သည် ရဲအရာရှိများနှင့် စစ်တွေမြို့ တရားရုံးသို့ လိုက်ပါသွားကြောင်း၊ သို့သော် ညနေပိုင်းထိ ပြန်မရောက်လာသေးကြောင်း ပြောသည်။
“ဒီကိစ္စမှာ အစိုးရက တာဝန်ရှိတယ်။ ဒီလိုဖြစ်တာက လုံခြုံရေး အားနည်းချက်ကြောင့်ပါဘဲ။ ကျနော်တို့ဟာ လုံခြုံရေး အစောင့်မပါဘဲနဲ့ ရခိုင်ရပ်ကွက်တွေကို သွားခွင့်မရှိပါဘူး” ဟု သူက ပြောဆိုသည်။